အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 8, 2010

အိမ်ပြန်ချိန်

မနေ့က အလုပ်ကနေ စောစော အိမ်ပြန်ရတဲ့နေ့ တစ်လမ်းလုံး သီချင်းလေး တညည်းညည်းနဲ့ပေါ့လေ၊ အိမ်ရောက်ရင် ပုဇွန်နဲ့ ချဉ်ပေါင်နဲ့ ချက်မယ်။ ဘာပြီးရင် ဘာလုပ်မယ်အစီအစဉ်လေးတွေဆွဲလို့ ဒီလိုနေ့မျိုးက လည်း ရတောင့်ရခဲနေ့မျိုးကိုး အလုပ်မှာက စောစော အိမ်ပြန်ရတယ်လို့မရှိဘူး။ နောက်ကျမှ အိမ်ပြန်ရတာက များတယ်၊အလုပ်ချိန် စိအောင်လုပ်ရင် လုပ်ရ သို့မဟုတ်ရင်အလုပ်ချိန်ထက် ဆယ်မိနစ် ဆယ့်ငါးမိနစ်ခန့် နောက် ကျပြီးမှ အိမ်ပြန်ရတဲ့အခါများတယ်။

အလုပ်ရှင် သူဌေးကလည်း တရုတ်ပေသီးဗျ တစ်ခါတစ်လေ ကိုယ်က အိမ်ပြန်ချိန်ရောက်လု အလုပ်က လက်စ သတ်ပြီး နေပြီ သူက ဒီအချိန်မှ အရေးကောင်းတုန်း ကျနော်တို့မြန်မာတွေမှာကလည်း အစဉ်အလာ တစ်ခုလို ဖြစ်နေတာရှိတယ် ဒါဘာလဲဆို အားနာတတ်လွန်းတာ၊ ရှက်တတ်လွန်းတာ ကိုယ်က အိမ်ပြန်ချင်နေပြီ သူဌေးက မပြန်သေးဘူး ဒီတော့ကာ သူဌေး အရင်ကိုယ်ပြန်နှင့်ရမှာကို ရှက်သလိုလို၊ အားနာမိသလိုလိုနဲ့ သူဌေးပြန်တဲ့ ထိလုပ်ပေးရတဲ့ခါတွေ လည်းရှိတာပေါ့လေ။

တစ်ခါတစ်လေများဆို သူဌေးကိုအခန်းပြင်ဆွဲထုတ်ပြီး အိမ်ပြန်သေးဘူးလား အိမ်ပြန်ချိန်ရောက်ပြီလို့ မေးပြစ်ချင် လောက်အောင်ဖြစ်တယ်။ ဟုတ်တယ်လေဗျာ ကိုယ့်မှာက အိမ်ပြန်ရောက်မှ ချက်ရ၊ပြုတ်ရ၊ ရေချိုး၊ အ၀တ်လျှော်၊ မီးပူထိုးနှင့် ဘုရားရှင်ခိုးချိန်ဆိုတာမနည်းလုယူရတယ်။ သူတို့ကတော့ ဆိုင်တစ်ဆိုင် ၀င်ထိုင်လိုက်ရုံပဲ ဒီနိုင်ငံက တရုတ်တော်တော်များများက ၀ယ်စားကြတာများတယ်၊ချက်စားလေ့မရှိကြဘူး။

ကိုယ်တွေဒီလိုဝယ်စားကြည့်ပါလား ကုလားခတ်တဲ့ရေ ကုလားခြေဆေးတာနဲ့တင်လောက်မှာမဟုတ်။
************************************@********

အဟဲ ပြောရင်းနဲ့ဆိုလိုရင်းတွေတောင် လွဲကုန်ပြီ ကျနော်တွေးဖြစ်သွားတာလေးပါ။ကျနော်တို့တွေ အိမ်ပြန်ချိန်ဆို ရောက်မလာသေးခင်မှာလည်း မျှော်လင့်တမ်းတမိသလို ရောက်လာချိန်မှာလည်း ပျော်ကြတယ်။ ကျနော်တို့လို အသိဥာဏ်ရှိတဲ့ လူသားတွေတင် ပျော်နေတတ်ကြတာမဟုတ်ပဲ တိရိစ္ဆာန်လေးတွေပါသူတို့တွေ ရဲ့ အိပ်တန်းပြန်ချိန် ဆိုတွတ်တီးတွတ်တာ တကျိကျိနဲ့ ပျော်နေတတ်ကြတယ်။ ကြက်ကလေးတွေ၊ ငှက်ကလေးတွေ အစရှိသဖြင့် ပေါ့လေ နေညိုချိန်ရောက်ပြီဆိုတာနဲ့ အုပ်စုလိုက်၊ အသင်းလိုက် တစ်ကောင်နဲ့ တစ်ကောင် တကျိကျိတွတ်ထိုး ရင်း ပျော်နေကြတယ်ဆိုတာ မြင်ရုံနဲ့သိနိုင်တယ်။

ဒီလိုပါပဲ ကျနော်တို့ လူသားတွေ ခလေး၊ လူငယ်၊ လူလတ်၊ လူကြီးသူ့အရွယ်နဲ့သူ လုပ်းငန်းခွင်၊ဌာန၊နေရာ။ဒေသ အသီးသီးကနေ အိမ်ပြန်ချိန်ရောက်ပြီဆိုတာနှင့် ပျော်နေတတ်ကြတယ်။ နေရာ၊ဒေသ၊ ဌာန၊ လုပ်ငန်းခွင်တွေ မတူညီကျသလို ကျနော်တို့တွေရဲ့အိမ်ပြန်ချိန်တွေဟာလည်း တစ်ယောက်နှင့်တစ်ယောက် မတူညီဘူး။

စောစော အိမ်ပြန်သွားရတဲ့လူတွေ ရှိသလို နောက်ကျမှပြန်ရတဲ့သူတွေ လည်းရှိတယ်။ ကျနော် ပြောဖြစ်နေတဲ့ စကားလေးရှိတယ် လုပ်ငန်းခွင်မှာ အဆင်မပြေတဲ့ခါ ပဲဖြစ်ဖြစ်၊အခြားသူတစ်ယောက် တစ်ဖက်လူနဲ့ အဆင်မပြေ ဖြစ်ကြတဲ့ခါပဲဖြစ်ဖြစ် သည်းခံပါဗျာ အချိန်တန်ရင်တော့ ကိုယ့် အထုပ်ကိုဆွဲလို့ အိမ်ပြန်ကြရမှာ ကျနော် ဘာရယ် မဟုတ် ပြောဖြစ်နေတဲ့ လက်သုံးစကား ကျနော် ဒီစကားရဲ့ အဓိပ္ပာယ်ကို လေးလေးနက်နက်တွေးပြီး ဖော်ကြည့် ဖြစ်တယ်၊ တကယ်တမ်းလည်း ကျနော်တို့တွေရဲ့ အိမ်ပြန်ချိန်မှာ ကိုယ့်အထုပ်ကို ဆွဲလို့ပြန်ခဲ့ရတာချည်းပါပဲ။

ဒီတော့ ကျနော်တို့တွေရဲ့ ဘ၀နေ၀င်ချိန်မှာရော စိတ်လက်ပျော်ရွှင်စွါနဲ့ ဘယ်လိုအထုပ်မျိုးကိုဆွဲပြီးအိမ်ပြန်ကြမလဲ?…………..

(၁) ဒါနအထုပ်လား?………

(၂) သီလအထုပ်လား?……..

(၃)ဘာဝနာအထုပ်လား?…………..

လားပေါင်းများစွါနဲ့ ဘာအထုပ်မှ မဆွဲလိုက်ရဘဲ ဖြတ်သန်းနေတုန်း အိမ်ပြန်ချိန် အကြွေစောရင်ဖြင့် ………………. …............တွေးဖြစ်သွားတာလေးပါခင်ဗျာ.



မိမိပြုသော ကောင်းသော၊ဆိုးသောအမူ့သည် မိမိ၏သမိုင်းသာဖြစ်သည်။


မေတ္တာအားဖြင့် ခိုင်နုငယ်(၇.၅.၂၀၁၀)ည ၁၁.၃၀

No comments: