အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 8, 2010

**ပန်းတိုင်၏အခြားတစ်ဖက်**

တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့
အိမ်မက်ဘ၀တွေလှပစေဖို့
ရည်မှန်ကြီးကြီးနဲ့ ပန်းတိုင်တစ်ခုဆီ
ခရီးထွက်ခဲ့ပြီအမေ။
ကိုယ့်ရွက်ကိုယ်ပြင် ကိုယ့်ခရီးကိုယ်နှင်လို့
မတိမ်းမစောင်း ဗိန်းမောင်းမတီးရအောင်
ကိုယ့်မာန၊ကိုယ့်တန်ဖိုး၊ကိုယ့်ခွန်အား
လှော်တက်နဲ့ လှော်ခတ်နေပေမယ့်
မျှော်လင့်ချက် ပန်းတိုင်တွေကို
ထင်းစိုက်ချင်နေသူတွေက အပြည့်။
အမေပြောခဲ့တဲ့စကား စေတနာသည်
လူတိုင်းနှင့် ထိုက်တန်၏
မှန်ခဲ့လိမ့်မယ်အမေ။
ဒါပေမယ့် အဲဒီစေတနာနှင့်ယုံကြည်မူတွေကို
အလွဲသုံးစား လုပ်နေသူတွေကအများအပြား
တစ်လှေထဲစီး တစ်ခရီးထဲသွား
အားငယ်သူဖေးမကူ လက်တွဲခေါ်ယူ
ရိုင်းပင်းကူဆိုတဲ့ ဆောင်ပုဒ်တွေလည်း
ရှိခဲ့လိမ့်မယ်အမေ။
ဒါပေမယ့် ငတေမာရင်ပြီးရောဆိုသူအချို့ကြောင့်
ပန်းတိုင်တွေဆီ လှမ်းနေတဲ့
ခြေလှမ်းအချို့လည်း လမ်းသိပေမယ့်
ခရီးမရောက်ကြဘူးအမေ။
အသံကြောင့် သေခဲ့ရတဲ့နေ့တွေ
အမှန်တရားကြောင့် ကျေခဲ့ရတဲ့စိတ်တွေ
ဘယ်သူတွေများ မျှဝေခံစားဖူးကြလဲ။
ကိုယ့်အိမ်မှာတော့ ခြင်္သေ့
သူနေရာရောက်တော့ကြွက်တဲ့
ကြောင်လိုက်လို့ ပြေးနေရတဲ့ကြွက်
မဟုတ်ပေမယ့် ခြင်္သေ့မှန်းသိအောင်တော့
တောဟိန်းပြချင်မိတယ် အမေ။

မေတ္တာအားဖြင့်
ခိုင်နုငယ်

No comments: