အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, October 5, 2010

သူ့အရိပ်နှင့် ပဋိပက္ခ




ဘ၀ရဲ့ နေမူ့ထိုင်မူ့
သင်ရိုးညွှန်းတမ်းတွေထဲ
နေသားတကျ ရှိနေခဲ့တာကြာပြီ။

ခု….

သူ့အရိပ်နှင့် မှ ကိုယ်ဟာ
ပြေးသူဖြစ်ရ လိုက်သူဖြစ်ရ
တယုတယ မရှိခဲ့တာတွေကိုပဲ
ယုယုယယ ကောက်သီမိခဲ့လေသလားရယ်။
ဘယ်ရာသီမှ ပွင့်ဖို့မပြောနဲ့
ဖူးဖို့တောင် စိတ်ကူးမယဉ်ခဲ့မိတဲ့
ရင်ဘတ်အရိုင်းဟာ သူ့ဥပက္ခာတွေနှင့်မှ
ဖူးဟယ် ပွင့်ဟယ် ဆေးဖက်ဝင်နေမိတာ။

ကြည့်……….

သူ့အရိပ်နှင့် အာရုံမှောက်မှားနေမိတာ
ပြေရာပြေကြောင်း မေတ္တာစာပဲ ရွတ်ရတော့မလိုလို
ဝိပဿနာပဲကြည့်ရတော့ မလိုလို
ကိုယ့်တစ်ကိုယ်စာ ငရဲလေးကို
ကိုယ်တိုင် စိုက်ပျိုးမိခဲ့သူရယ်ပါ။


*****
အလုပ်များနေသလိုလို၊နေမကောင်းသလိုလို၊စိတ်မကောင်းသလိုလို၊ကွန်ပြူတာပဲပျက်သလိုလိုနဲ့
စာတွေ ကဗျာတွေ မရေးဖြစ်တာကြာပါပြီ။ ဘယ်သူ့အိမ်ရယ်မှ မရောက်ဖြစ်တာလည်းကြာပါပြီ။
လတ်တလော ကဗျာတစ်ပုဒ်ပါ။ပုံလေးကို ဒီနေရာလေးက ယူပါတယ်။

မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, September 22, 2010

အချစ်သင့် စာမျက်နှာ




ချစ်သူ
ကိုယ့်ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်။
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါလောက်တော့
“မိုက်မဲခွင့်” ရချင်မိတယ်။
မင်းကို ချစ်မိနေကြောင်း ပြောပြချင်တယ်။
မင်းမနက်ခင်းတွေတိုင်းအတွက်
ကိုယ့်ရင်ဘတ်ထဲက ချစ်ခြင်းတွေကို
ထွန်းလင်းပြချင်မိတယ်။
ဒါပေမယ့်…….
ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။
မင်းကိုချစ်မိတာကိုက ကိုယ်တည်ဆောက်ချင်တဲ့
နန်းတော် တစ်ခုရယ်ပါ။
ဒါပေမယ့်……….
စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်။
ချစ်သူ
မင်းမသိနိုင်ရင်လည်း နေပါစေတော့………..
မင်းကို မမြင်တွေ့ရရင်လည်းနေပါစေတော့……….
ဒီတစ်မိုးရိပ်အောက်မှာ မင်းရှိနေတယ်ဆိုတဲ့
အသိလေးနဲ့တင်
ကိုယ့်အိမ်မက်တွေ ပြီးပြည့်စုံခဲ့ပါပြီ။

♥♥♥♥♥♥♥♥

စားကြွင်း♥ ♥ဘာရယ်မဟုတ် ဘလောပ့်လေးမှိန်နေတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်မိတာလေးတွေကို ကဗျာစပ်ကြည့်တာပါ။ အစပ်အဆက်မတည့်တာတွေကို ဆက်စပ်နေမိသလားရယ်........:) :) :)


မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, September 15, 2010

သတင်းကွန်ယက်ဂျာနယ်

သတင်းကွန်ယက်ဂျာနယ်
မလေးရှားနိုင်ငံမှာ ထုတ်ဝေသည့် မြန်မာ့ သတင်းကွန်ယက်ဂျာနယ်ပါ။ အခက်အခဲ အမျိုးမျိုးတွေကြားကရွှေမြန်မာ တို့အတွက် ရပ်ဝေး မြေခြားမှာ သတင်းကွန်ယက်တွေနဲ့ နီးစပ်စေဖို့ စာပေချစ်မြတ်နိုးသည့် မလေးရှား နိုင်ငံရောက် ရွှေမြန်မာတို့ရဲ့အားထုတ်မူ့လေးပါ။ ယခုဆို မလေရှားနိုင်ငံမှာ မြန်မာ့သတင်းဂျာနယ်တွေ တော် တော်များများ ထွက်ရှိလို့နေပါပြီ။ ဒါကြောင့် စာပေချစ်မြတ်နိုးသည့် မလေးရှားနိုင်ငံရောက် ရွှေညီအကိုမောင်နှမ များ “သတင်းကွန်ယက်ဂျာနယ်” ကိုလည်း ၀ယ်ယူဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ပါရစေ။ တဆက်တည်းမှာပဲ ကြော်ငြာသလိုလိုနဲ့ ကြွားလိုက်ပါအုံးမယ်။ :) :)
သတင်းကွန်ယက်ဂျာနယ် အတွဲ(၁)အမှတ်စဉ်(၆)စက်တင်ဘာလထုတ်မှာ
ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း ဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။ ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကို ထုတ်ဝေပေးသည့် သတင်းကွန်ယက်ဂျာနယ်မှ အယ်ဒီတာများကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာလေးကနေ ကျေးဇူး စကားပြောပါရစေ။ “သင်းကွဲငှက်တို့ အိမ်အပြန်” မူးရင်းကို ဖတ်ချင်သူများ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။





ကြော်ငြာဏ္ဍသို့ဆက်သွယ်လိုသူများအတွက် အခမဲ့ကြော်ငြာဏ္ဍလည်းရှိပါတယ်။




၁) ပညာဒါန အခမဲ့သင်တန်းကျောင်း ကြော်ငြာများ

၂) လူပျောက် ကြော်ငြာများ

၃) ပါတ်စ်စပို့ ပျောက်ဆုံးသူများနှင့်ကောက်ရသူများ

၎) မိသားသားစုနှင့် အမှန်တကယ် ဆက်သွယ်ရန်အရေးကြီးနေသူများ

၅) အိမ်ခန်းရောင်း/၀ယ်/ငှားလိုသူနှင့် အငှားတင်လိုသူများ

၆) တီဗွီ၊ရေခဲသေတ္တာ၊ဟမ်းဖုန်း၊ဆိုင်ကယ်၊ကား ရောင်း/၀ယ်/ငှား လိုသူများ

စသည့် ကြော်ငြာရှင်များ အခမဲ့ ထည့်သွင်းကြော်ငြာပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အခမဲ့ကြော်ငြာဏ္ဍသို့ ဆက်သွယ်ပေးပို့လိုပါက အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ကြော်ငြာထည့်သွင်း လိုသော အကြောင်းအရာအား လျှောက်လွှာစာရွက်ဖြင့်ရေး၍ စာတိုက်မှဖြစ်စေ၊ အီးမေး(လ်)ဖြင့် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန်- P.O BOX:10967,50730(K.L)
email:newsnetwork2010@gmail.com
Ph:016-659 8531,016-977 8317





အမှာ။ ။ယခုတလော အလုပ်များတာရယ်။ စိတ်မအားတာရယ်ပေါင်းစုပြီး ဘလောပ့်လည်ဖို့ မိတ်ပျက်ဆွေပျက်ဖြစ်နေပါတယ်။ ဘလောပ့်လာလည်သည့် ချစ်မိတ်ဆွေ စာဖတ်သူများကိုလည်း ဧည့်ဝတ်မကျေဖြစ်နေပါတယ်။ဒါကြောင့် ကြိုးစားပြီး ဘလောပ့်လည် စာဖတ်စာရေးပါအုံးမည်လို့။ :) :)

မေတ္တာအားဖြင့်
ခိုင်နုငယ်

Friday, August 27, 2010

ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းပါ


ကောင်လေးရေ……..

ငါ့ရင်ခွင်မှာ မင်း တစ်ကိုယ်စာလေးတောင်
ခိုလှုံ ခွင့် မပေးနိုင်ခဲ့ဘူး။
ငါဟာ “တေမိ” မဟုတ်သလို
“အရိယာ”လည်း မဖြစ်သေးပါဘူး။
မင်းခံစားရတဲ့ ဝေဒနာဝါကျတွေအတိုင်း
ဤ သည် မရွေး ငါကိုယ်တိုင်လည်း
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့်……….
ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။
လက်ညှိုးပေါင်းများစွာရဲ့ တံတွေးခွက်ထဲ
ငါကိုယ်တိုင်လည်း မစီးမျောဝံ့သလို
မင်းကိုလည်း မသိမ်းသွင်းချင်ဘူး။
ကောင်လေးရေ………..
မင်းအိမ်မက်တွေထဲ ငါ့ကိုအလည်မခေါ်ချင်ပါနဲ့
ငါဟာ မင်း မျှော်လင့်တဲ့ အိန်လ်ဂျယ်မဟုတ်ခဲ့ပါဘူးကွယ်။
တကယ်တော့ အချစ်ဆိုတာ
အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ်။
ကောင်လေးရေ….
ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။



********@@@@*******
အချစ်ကဗျာရေးပေးပါလို့တောင်းဆိုလာသည့် မလေးရှားရောက်
ညီမငယ်အတွက်အမှတ်တရ ကဗျာ
********@@@@*******

မေတ္တာအားဖြင့်

ခိုင်နုငယ်

Tuesday, August 17, 2010

ချစ်သောဖေဖေ




အသံလှိုင်းထဲက ဖေဖေ့ရဲ့အသံတွေ

အရင်ကနှင့်မတူ ကတုန်ကရင်တုန်ရီစွာနဲ့

ဇရာရဲ့ရိုက်ခတ်သံတွေ နှောနေပေမယ့်။

ဖေဖေ့ရဲ့မေတ္တာတွေကတော့………..

သမီးအပေါ် လတ်ဆတ်တက်ကြွနေတုန်းပဲနှော်။

အနေဝေးမှ ဖေဖေ့အရိပ်လေး

သမီးတန်ဖိုးထားတတ်ခဲ့ပြီ ဖေဖေ။

သူတို့အရိပ်တွေ ဘယ်လောက်အေးအေး

ဖေဖေ့ အရိပ်လေးလောက် လုံခြုံနွေးထွေးမူ့ မရှိခဲ့ပါဘူး။

ခေတ်ရေစီးထဲ မျှောနေခဲ့ရပေမယ့်

ဖေဖေ့လမ်းညွန် ကိုယ်ကျင့်တရားတွေကို

သမီးရင်ဘတ်ထဲထည့်လွယ်နေတုန်းပါပဲ။

“အသဲ” မာတတ်တဲ့ ဖေဖေ့သမီး ဂျစ်ကန်ကန် ကောင်မဆိုးလေးဟာ

မိုးတွေညို့ရင် ရှိုက်တတ်နေခဲ့ပြီ။

အခွင့်အရေး ရှိခဲ့သေးရင်………..သမီးလေ

ဟိုးငယ်ငယ်ကလို ……

ဖေဖေရဲ့ လက်မောင်းတွေကိုရီးလေးခိုစီးချင်သေးတယ်။

ဖေဖေနှင့်အတူ ဘောလုံးကန်ချင်သေးတယ်။

ဖေဖေနှင့်အတူ ငါးမျှားထွက်ချင်သေးတယ်။

ဖေဖေနှင့်အတူ ကောင်းကင်ပြာပြာတွေထဲ စွန်လွှတ်ချင်သေးတယ်။

ပြီးတော့……………….။

ဖေဖေ့ရဲ့ ပခုံးစွန်းလေးမှာထိုင်ပြီး

ဟိုးကမ္ဘာ့အပြင်ဘက်က

အနားသတ်မိုင်းကုတ်စက်ဝိုင်းအစွန်းတွေဆီ

ငေးကြည့်ချင်သေးတယ်။



**************@@@@@************
“အသက်တွေသာ ကြီးလာတယ်။
ဒဏ်ရာတွေသာ များလာတယ်။
ကိုယ့်အကြောင်းနှင့် ကိုယ်
ခေတ်ရေစီးထဲ စုန်ဆန်မျှောနေကြရတယ်။
ငယ်ဘ၀အပေါ် ဖြတ်စီးသွားသော
မြစ်ရေတွေကတော့ ပြန်မလာကြတော့.....................။”
************@@@@@*******************


မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, August 4, 2010

လျှပ်တစ်ပြက်အတွေ့၏ ပုထုဇဉ်အတွေး

“အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်” ဆိုတာ အဟုတ်။ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့” ဆိုပြီး ရှေးလူကြီးတွေ ဆိုရိုးသမှတ် ပြုခဲ့ကြပေမယ့် ။ကိုယ်ကတော့ လွယ်လွယ်သုံး လွယ်လွယ်ကျင့်ခဲ့လိုက်တာချည်းပါပဲ။အစားတစ်လုတ်နှင့် စပ်လျဉ်းကာ တစ်လုတ်ဆိုမှ တစ်လုတ် အစားမတော် ဖြစ်ခဲ့တာ။ မနက်ပိုင်းက ရွှင်လို့လန်းလို့ တစ်နေကုန် ညနေပိုင်းထိ ရယ်ကာပြောကာ မမောနိုင်ပဲ အလုပ်လုပ်နေခဲ့သေးတာ။ ဖြစ်ချင်တော့ ညနေပိုင်းအလုပ်ကနေ အိမ်ပြန်ရောက်တယ်ဆို ထမင်းအိုးလေး ဆေးကူတယ်လိုက်တယ်။ အမလုပ်သူကတော့ ပင်ဒိုင်မီးဖိုချောင် ၀င်ရသူဆိုတော့ကာ ညနေစာအတွက် ချက်ပြုတ်စီမံနေလေရဲ့။ ကျွန်မကတော့ အ၀တ်လျှော်မီးပူထိုး တာဝန်ယူထားသူဆိုတော့ အ၀တ်လျှော်ရေချိုးအပြီးမှာ အမကချက်ပြုတ်ပြီးနေပြီ။ အမရေချိုးတာ တစ်ဖန်ပြန်စောင့်။ ပြီးတယ်ဆို ။ ညီမနှစ်ယောက် ထမင်းဝိုင်းထိုင် မိကြတော့။ အသားဟင်း တစ်ခွက် ငပိရည်နှင့်တို့စရာ မျှစ်ချဉ်၊သရက်သီးစိမ်းတွေပါ ပါလိုက်သေးတာ။ ကျွန်မ အကြိုက်ပေါ့။ ကျွန်မက အချဉ်၊အစပ်ဆို သိပ်ကြိုက်။ အဲသလိုနဲ့ ၀မ်းတစ်ထွာကို သမုဒ္ဒရာ အမှတ်နဲ့ ထမင်းဝိုင်းမှာ ခေါင်းမဖော်နိုင်အောင် စားလိုက်တာ ဘာပြောကောင်းမတုန်း။ ထမင်းနှစ်ပန်ကန်တောင် ကုန်လေရဲ့။

ညဘက်ထမင်းနှစ်ပန်ကန် ကုန်အောင်ဘယ်တော့မှ မစားသူက ထမင်းနှစ်ပန်ကန်ကုန်တော့။ အမလုပ်သူက အံ့တွေသြလို့ “တန်ဆေး လွန်ဘေးတဲ့” “အစားနှင့်နှိုင်း ၀မ်းကိုတိုင်း ၀င်တိုင်းမစားနှင့်” ဟုဆိုကာ ချင့်ချိန်ပြီးစားဖို့ပြောလေရဲ့။ အစာချေချိန်က ရှိမှမရှိပဲကိုး စားချိန်နဲ့ အိပ်ချိန် ကပ်ရပ်ဖြစ်နေတတ်တာမို့ ထမင်းကိုလျော့စားရတယ်။ နို့ပေတဲ့ ကိုယ်ကြိုက်တဲ့အစားစာဆိုတော့ကာ ကျွန်မကမရပေါင် ထမင်းစားပြီးနေတာကိုပဲ သရက်သီးစိမ်းတွေကို ငပိရည်နှင့် တို့ကာတို့ကာ ထမင်းအလွတ်စားလိုက်တာ အားပါးတရပါပဲ။ စားပြီးတယ်ဆို အညောင်းပြေ ကျောကလေးဆန့်ရင်း စာဖတ်နေလိုက်တယ်။

ခဏနေတော့ မျက်လုံးက အချက်ပြလာပြီးရော အိပ်ချင်လာတာနှင့် မွေ့ယာကလေးခင်း စောင်ခေါင်းမြီးခြုံအိပ်လိုက်တာ။ နှစ်နာရီ ၊သုံးချက်တီးချိန်လောက်ရောက်တော့ စားထားတဲ့ အစာတို့က ဆန္ဒပြကျလေရဲ့။ အစ္စရေးနဲ့အာရတ် စစ်ဖြစ်တာ ဗိုက်ထဲကသောင်းကျန်းသူတွေလောက် ကြမ်းမယ်မထင်ဘူး။ ဗိုက်ထဲက သောင်းကျန်းသူတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်လို့နေတယ်။ ဖြစ်ချေဘူးဆိုပြီး သကာလ ငုတ်တုတ်ထထိုင်တော့လည်း မရ အိပ်ယာဘေးက အမနှင့်အခန်းဖော်အမကတော့ အိပ်မောတွေကိုကျလို့ မျက်နှာကျက်ဆီက ရဟတ်ယာဉ်ကြီးကလည်း တ၀ီဝီနဲ့ပေါ့ နံပါတ်ကုန်ထားတာ ကျန်တဲ့နံပါတ်တွေက ပျက်နေတော့ ရှိတဲ့နံပါတ်ကိုပဲ အားကိုးထားရတော့ သူ့ကြောင့်လည်း ပါမယ်ထင်တယ်လို့ တွေးမိနေတာ။ တ၀ီဝီလည်နေတဲ့ ပန်ကာအောက်မှာ ကျွန်မကတော့ ချွေးသီးချွေးပေါက်တွေကိုကျလို့။ ဗိုက်ထဲကသောင်းကျန်းသူတွေကလည်း တ၀ုန်းဝုန်းနဲ့ပေါ့ ဒီလောက်ရှိလှတာ ဗိုက်အောက်ခေါင်းအုံး တစ်လုံးပြစ်ထိုးကာ ၀ပ်ယားထိုးနေလိုက်တယ်။ သူတို့ကို ဖိနိပ်နှိပ်ကွတ်လိုက်ကာမှ ပိုဆိုးလာပါရော။ ရင်ဝစောင့်တိုးကာ အတင်းတိုးထွက်ကြလို့ ရေချိုးခန်းပြေးကာ ခေါင်းထိုး အန်ရလေတော့တယ်။

ကိုယ့်အပြစ်နဲ့ကိုဆိုတော့ကာ ဘယ်သူ့မှလည်းမနိုးဝင့် နို့ပေတဲ့ ကျွန်မရဲ့မချိမဆန့်တအင်းအင်းတအဲအဲ အသံကြောင့် အမနှစ်ယောက်လည်း အိပ်ယာကနိုးကုန်ကြလေပြီ။ အမဖြစ်သူက ကျွန်မရဲ့ ကျောတွေခါးတွေ သီထုကာ “ဒါကြောင့်ပြောတာ မဆင်မခြင်စားတော့ မချိမဆန့်ခံစားရတာပေါ့” တဲ့။ သူပြောတာ ဟုတ်ပေမယ့် ကျန်တဲ့တဏှာ လျော့ရချင်ရမယ် အစားတဏှာကျတော့ ကျွန်မကလျော့မရဘူးရယ်။

“ဒီညတော့ (Diegin) ဒိုင်ဂျင်းတစ်လုံးသောက်ကာ မှေးနေလိုက်အုံး မနက်ကျမှ ဆေးခန်းသွား ” ဟုဆိုကာ ရှိတဲ့ဆေးလေးတစ်လုံး အမကရှာဖွေကာကျွေးလို့ တစ်ညလုံး ငုတ်တုတ်မှေးရတယ်။ မနက်ကျတော့လည်း ညကအကြွင်းအကျန်တို့က တိုးထွက်ကျလို့ ရေချိုးခန်းထဲ ခေါင်းထိုးပေးရပြန်ပါရော။

မနက် ၉နာရီထိုးတော့ အလုပ်သွားဖို့ပြင်ဆင်ပြီး။ အလုပ်ရောက်တယ်ဆို နည်းနည်းသက်သာသလို ရှိတာနှင့် မှေးနေလိုက်တယ်။ အမလုပ်သူက ဆေးခန်းသွားပြဖို့ တဆူဆူ တဆာဆာ လုပ်တာနှင့် ဘရိတ်တိုင်းချိန် ဆေးခန်းသွားပြီး။ ဆရာဝန်ပေးလိုက်တဲ့ ဆေးသောက်ပြီးကာမှ အခြေအနေတစ်မျိုးပြောင်းကာ ဖျားချင်သလိုလို ချမ်းစိမ့်စိမ့်ဖြစ်လာလိုက် နအုံးနရင်းတွေကိုက်လာလိုက်။ အမက ခွင့်နေ့တစ်ဝက်ယူဟုဆိုကာကျွန်မအသားကို လာစမ်းပြီး အသားတွေပူနေပြီး ဖျားပြီဟုဆိုကာ အိမ်ပြန်နားဖို့ပြောပေမယ့်။ခွင့်ယူရမှာဆိုးတာနှင့် ပေတေနေလိုက်တယ်။ ခွင့်တစ်ရက်ယူဖို့ကလည်း ကျားဖင်ပြေးနိုက်လိုက်ချင်တယ် သူဌေးတော့ မပြောချင်။ အလုပ်မှာနှစ်ချီလုပ်လာတာ ခွင့်တစ်ရက်မှလည်း မယူဘူးသူဆိုတော့ကာ သူဌေးကိုမပြောရဲတာလည်း ပါတယ်ပေါ့။ ဘလော့ပ်ဂါမောင်နှမတွေရဲ့ အိမ်ကိုလိုက်လည်ရင်း စာဖတ်ရင်းအာရုံပြောင်းနေသော်လည်း မရ။ ကျွန်မရဲ့အဖြစ်ကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတဲ့ အမကသူဌေးအခန်းဝင်ကာ အကျိုးအကြောင်းပြောတော့မှ သူဌေးနှင့်အမအတင်းပြန်လွတ်တာမို့ ညနေဘက်ရောက်တော့ အိမ်ပြန်အလာ။ တိမ်တွေက အညိုးနဲ့ မိုးရွာချလာလေရော။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ ဒီလိုအခြေအနေမျိုးကိုပြောတာဖြစ်မယ်ဟု တွေးလိုက်မိသေးတာ။

******

အိမ်နှင့်အလုပ် ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရတာမို့ မိုးရေထဲထီးကလေးဆောင်းကာ အိမ်ပြန်ရောက်တယ်ဆို မိုးရေစိုအ၀တ်ကလေးလဲပြီး အိပ်ယာထဲမှေးနေလိုက်တယ်။ နဖူးပေါ်လက်ကလေးတင်ကာ မှေးနေတုန်း ဗြုန်းဆို လူကြီးတစ်ယောက်အခန်းထဲဝင်လာပြီး။ “ကောင်မလေး ညည်းဘာတွေစဉ်းစားနေသလဲ”တဲ့ ကျွန်မကလည်း တစ်ခါမှမမြင်ဖူးသူ လူကြီးကို ခပ်စူးစူးကလေး
လှမ်းကြည့်ကာ..............

“ကျွန်မ အဆန်း သေကြည့်မလို့” ဟုပြောတော့ လူကြီးကတဟားဟားရယ်ကာ

“ကောင်မလေး…ညည်းအဆန်း သေကြည့်မလို့ဟုတ်လား။”

“ဟုတ်တယ်”

ကျွန်မရဲ့အဖြေကို လူကြီးက အံ့သြသလို၊မယုံသလိုနဲ့ ကျွန်မကိုကြည့်တဲ့အကြည့်တွေက အထင်သေးတဲ့ မြင်ကွင်းအရိပ်ယောင်တွေ လူကြီးမျက်လုံးမှာ အထင်းသား မြင်နေရတယ်။ ဟုတ်တယ်လေ လူတွေပြောပြောနေကြတယ် “ သေတစ်နေ့ မွေးတစ်နေ့ ပါကွာတဲ့” သေခြင်းတရားကို လက်ခံသလိုလိုနဲ့ သေခြင်းတရားနဲ့လျှပ်တစ်ပြက် ကြုံတွေ့တဲ့အခါ သေခြင်းတရားကို ကြောက်တတ်ကြတာပဲမဟုတ်လား။ သေခြင်းတရားဆိုတာကလည်း လျှပ်တစ်ပြက်ရောက်လာတတ်တာမျိုး ဘယ်နေရာ၊ဘယ်ဒေသ၊ဘယ်အချိန် ဘယ်လိုရောဂါမျိုးနဲ့ သေရမယ်ဆိုတာ ကံကပြဌါန်းမထားလေတော့။ ကျွန်မလည်း သေခြင်းတရားကို ဆိုးရွံ့၏ မရွံ့၏ကျွန်မ သိချင်နေတာ။ ကျွန်မသွားရင်းလာရင်း နာမ်မည်ကြီးဆရာတော် တစ်ပါးဟောတာကြားဖူးတယ်။ “အရိယာမဖြစ်သေးသရွေ့ရဟန်း၊ ရှင်လူ ပုဂ္ဂိုလ်၊ သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ဆိုးရွံ့ကြောက်ရွံ့ တတ်ကြလေသတဲ့”။ ကျွန်မလို အနာဂါတ်လည်းမသေချာ အတိတ်တွေကလည်းမရေရာ ထမင်းနှစ်နပ်ကြား ဗျာများနေတဲ့ ပုထုဇဉ် ကရော သေခြင်းတရားကို ဘယ်နှယ့်များ ရင်ဆိုင်လိုက်မှာပါလိမ့်လို့ တွေးမိရင်း အဆန်း သေကြည့်ခြင်မိတာ။ လူကြီးကကျွန်မကို ခပ်ထွေထွေကလေး စိုက်ကြည့်နေရင်းက

“ကောင်းမလေး ညည်းက ငယ်ငယ်ရွယ်ရွယ်နဲ့အဆန်း သေကြည့်မလို့ဆိုတော့ ညည်းမှာသေခြင်းတရား အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ” တဲ့။

အို….............. ဟုတ်ပ ကျွန်မရဲ့ အတွေးတွေ မှုန်ဝါးသွားတယ်။ ကျွန်မ ဘာတွေပြင်ဆင်ပြီးလဲ။ ဘာတွေများ ပြင်ဆင်ပြီးပြီလဲ…….. ခေါင်းမီးတောက်အောင် စဉ်းစားလိုက်ရတာ ဒါနဲ့ကျွန်မက လူကြီးကို

“ကျွန်မသေခြင်းတရား အတွက် ဘာတွေပြင်ဆင်ရမှာလဲ” ဟုလှမ်းကာမေးတော့။

“ညည်း အရင်ဦးဆုံး သံယောဇဉ်တွေကို အပြတ် ဖြတ်ရမယ်” လို့

လူကြီးမျက်နှာ အနည်းငယ်ပြုံးရောင်သမ်းကာ ပြောလေတယ်။ လူကြီးရဲ့စကားအဆုံးမှာ ကျွန်မ ဖေဖေနှင့်မေမေ့ကို သတိရသွားမိတယ်။ ကျွန်မသေတာတော့ ဟုတ်ပါပြီ။ ခုနေကျွန်မသေသွားရင် ဖေဖေနှင့်မေမေ ကျွန်မသေတယ်ဆိုတာ နာမ်ကိုပဲကြားရမှာ ရုပ်ကိုတော့ တွေ့ရမှာမဟုတ်။ ဘာကြောင့်ဆို ကျွန်မက ရပ်ဝေးမြေခြား နိုင်ငံခြား ရောက်နေတာကိုး။ ကျွန်မရဲ့နောက်ဆုံးခရီးလေးမှာတော့ ဖေဖေနှင့်မေမေကို မြင်ချင်တွေ့ချင် သေးတယ်။ အဆန်း သေကြည့်မဲ့ပွဲမှာတောင် ကျွန်မ သံယောဇဉ်ရှင်းတမ်းကို မလွတ်မြောက်နိုင်ဘူး။ လူကြီးက ကျွန်မကို ထပ်မံ၍ မေးလေပြန်ပြီ။

“ကောင်မလေး ညည်း သံယောဇဉ်တွေဖြတ်လို့ ပြတ်ရဲ့လား”တဲ့ ကျွန်မလည်း လူကြီးရဲ့မထိတထိ အပြုံးနဲ့မေးခွန်းတွေကို မနှစ်မြို့တာမှန်ပေမယ့် အညံ့ခံလို့တော့ မဖြစ်။

“သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ဖြတ်လို့ မရဘူး။ ကျွန်မက ပုထုဇဉ်ပဲ ခဏတော့အချိန်ပေးပါ”

လို့ လူကြီးကိုပြောတော့ လူကြီးသဘောကြစွာ တဟားဟား ရယ်နေပြန်ရော။ ဟုတ်တယ်လေ ကျွန်မက ပုထုဇဉ်ပဲဟာ သံယောဇဉ်ကို လွယ်လွယ်နဲ့ဘယ်ဖြတ်နိုင်ပါ့မလဲ။ ပုထုဇဉ်ဆိုတဲ့ စကားလုံးဟာ ကျွန်မ အတွက်အကောင်းဆုံး အကာအကွယ် လက်နက်တစ်ခုပဲမဟုတ်လား။ ဒီစကားလုံးလေးကို ကျွန်မ သုံးလိုက်မိတာ ရယ်စရာပါလို့လား။ လူကြီး သဘောကျစွာ ရယ်အပြီးမှာ

“ကောင်မလေး…ညည်းက အဆန်းသာ သေကြည့်ချင်တာ သံယောဇဉ်မှ မပြတ်ပဲကိုး။ ညည်းသံယောဇဉ်တွေ ဖြတ်ရသော်ရှိ မရသော်ရှိ။ သေခြင်းတရားက ပုဂ္ဂိုလ်၊သတ္တ၀ါတိုင်း လျှပ်တစ်ပြက် ကြုံတွေ့ကြရမှာပဲ။ ညည်း…သေမင်းနဲ့တွေ့တဲ့အခါ ညည်းပြုခဲ့ဖူးတဲ့ ကုသိုလ်အမူ့တစ်ခုခုကို သေမင်းရှေ့မှာ အထုပ်ဖြေပြရမှာ။ ညည်းထုပ်ထားတဲ့ အထုပ်ကိုကြည့်ပြီးမှ သေမင်းက ညည်းသွားရမဲ့နေရာကို ပို့ပေးရမှာ ညည်း ဘာအထုပ်တွေ ထုတ်ပြီးပြီလဲ”

လူကြီးရဲ့အမေးကို ကျွန်မ နားမလည်နိုင်ဘူး။

“ဘာအထုပ် လဲ” လူကြီးကို စိုက်ကြည့်ကာ ကျွန်မ ပြန်မေးလိုက်တော့။

“ဒါန၊ သီလ၊ ဘာဝနာ ”

လူကြီးက ဖြေညင်းစွာရွတ်ပြလေတယ်။ လူကြီးလိုပဲ ကျွန်မဖြေညင်းစွာ လိုက်ရွတ်ကြည့်တယ်။

“ဒါန၊ သီလ၊ ဘာဝနာ”

“ဒါန၊ သီလ၊ ဘာဝနာ”

“ဒါန၊ သီလ၊ ဘာဝနာ”

ကျွန်မလိုက်ရွတ်ကြည့်ရင်း………. ကျွန်မရဲ့နှလုံးခုန်သံတွေ ပုံမှန် မဟုတ်တော့သလို ဖြစ်လာတယ်။ အသက်ရှူမ၀အောင် မွန်းကြပ်လာတယ်။ ကျွန်မ အာခေါင်တွေ ခြောက်ကပ်လာတယ်။ ကျွန်မ ဘာတစ်ခုမှ မယ်မယ်ရရ မထုပ်ရသေးဘူး။ ကျွန်မ လူကြီးကို မရဲတရဲ လှမ်းကြည့်ရင်း...............

“ကျွန်မ ......အထုပ်အထုပ်….အထုပ်…”


“မလေး…… ဘာအထုပ်လဲ။ သက်သာသွားပြီလား။ ဆန်ပြုတ်သောက်မလား။”

“ဘုတ်ဘုတ်…..ဘယ်လိုနေသေးလဲ….ဘာလုပ်ပေးရမလဲ။ နိပ်ပေးရမလား”

အတွေးထဲနစ်ကာ မှေးကနဲ အိပ်ပျော်သွားတဲ့ ကျွန်မ တစ်ကိုယ်လုံး ချွေးစေးများ နစ်မွန်းကာ မောဟိုက်နွမ်းလို့ နေတယ်။ အသံတွေကြားလိုက်လို့ မျက်လုံးကလေး ဖွင့်ကြည့်လိုက်တော့။ အလုပ်ကနေ ပြန်ရောက်နေပြီဖြစ်တဲ့ အမဖြစ်သူနှင့် ကျွန်မကို ဘုတ်ဘုတ် လို့ ချစ်စနိုး ခေါ်တတ်တဲ့ (သူငယ်ချင်း မမ) မမစီတို့ ကျွန်မအနားမှာ ထိုင်နေကြလေရဲ့။ ကျွန်မနေမကောင်းဘူးဆိုတာကို ဖုန်းဆက်ပြောလိုက်သည်မို့ အလုပ်ကနေ အပြေးကလေး သတင်းလာမေးရှာတဲ့ မမစီ ကျွန်မနဖူးကလေးကို ကိုယ်ပူချိန်ရှိ မရှိ စမ်းသပ်ရင်း……

“ဘုတ်ဘုတ် ခုဏက အထုပ်…..အထုပ်နဲ့ ရောင်အော်နေတယ်။ ဘာအထုပ်လဲ”

“အိမ်မက်….မက်နေတာ မမစီရယ့်။ အိမ်မက်ထဲမှာ လူကြီးတစ်ယောက်နဲ့ စကားတွေပြောနေကြတာ။ မမစီတို့ ရောက်လာကြလို့။ အထုပ်အကြောင်း ဘာမှ မပြောလိုက်ရတော့ဘူ။”

အိမ်မက်အကြောင်း မမစီတို့ကို ကျွန်မပြောပြတော့။ မမစီ ကျွန်မကို ကြည့်ကာ ခွက်ထိုးခွက်လန်နဲ့ ရီ(ရယ်) ပါလေရော။ ဘုတ်ဘုတ်ကတော့လေ နေမကောင်း ဖြစ်နေချိန်မှာ ဘာတွေ လျှောက်တွေးနေမှန်း မသိဘူးတဲ့။ “မမစီတောင် ဘ၀တစ်ဝက်ကျိုးပြီ။ ဘာအထုပ်မှ မထုပ်ရသေးပါဘူး။ ဘုတ်ဘုတ်က ငယ်ငယ်လေးရှိသေးတာ။ ငယ်ပါသေးတယ်။” တဲ့
သီမှည့် တ၀င်းဝင်း သီကင်းတစ်ဖုတ်ဖုတ်ဆိုတာ မမစီမေ့များထားလေရော့သလား။



***************
အမှာ**** အစားသရမ်းလို့ နေမကောင်းဖြစ်နေချိန် တောင်တွေး မြောက်တွေး တွေးရင်း အိမ်မက်လေးကို အခြေခံပြီး ရေးထားတာပါ။ ခိုင်နုငယ် တရားပေါက်သွားပြီးလို့ မထင်လိုက်ပါနဲ့ လျှက်တစ်ပြက်အတွေ့လေးကို လျှက်တစ်ပြက်တွေးလိုက်မိတာလေးပါ။ ဒီအတွေးလေးကလည်း ဆယ်မိနစ် ဆယ့်ငါးမိနစ် ပြီးတော့ ပြီးသွားတာပါပဲ ခိုင်နုငယ်လည်း ပုထုဇဉ်ပဲဟာ နှော်။ စာဖတ်သူချစ်မိတ်ဆွေ ဘလောပ့်ဂါ မောင်နှမများဆီ အရောက်ကျဲလျှင် ခွင့်လွတ်ပေးပါ ဖြေးဖြေးချင်းလာလည်ပါ့မယ်။ အရောက်လာလည်ကြသော စာဖတ်သူ ချစ်မိတ်ဆွေများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။
**************

မေတ္တာအားဖြင့်
ခိုင်နုငယ်

Friday, July 30, 2010

ဝဋ်နောက်ကြမ္မာ မလွဲသာ

(၁)
ရွာထဲမှာ စီကနဲ …..ညံကနဲဆို…ဦးအမ်းပွားပဲ။ ဥပုသ်သတင်းသီလ ဆောက်တည်ရက် ၀ါတွင်းကာလ…. အခါကြီး ရက်မြတ်များဆိုလျှင် ပိုဆိုးသေးတယ်။ ဦးအမ်ပွားရဲ့ နာမ်မည် ပည့်ညတ်ထား ပုံကိုလည်း နည်းနည်းလောက် တော့ပြောပြချင်သေးတယ်။ ဦးအမ်ပွားဆိုတာက ခေသူမဟုတ် လာမထိနဲ့..ဇရှိတယ်ဆိုတဲ့ လူစားမျိုး ငယ်ငယ်က ……….ကလေးချင်း ရန်ဖြစ်တာခဲချွန်နဲ့ တစ်ဖက်ကလေးက ခေါင်းကိုထိုးတာ ခေါင်းမပေါက်ပဲ ….ခဲစံသာကျိုး သွား သတဲ့။ ဒါအပြင် ဘယ်ကမတုန်း ခဲတံချွန်တဲ့ ဓါးနဲ့ခေါင်းကိုပေါက်တာတောင် သွေးမထွက်ပဲ အရာထင်ယုံပဲရှိသတဲ့။ ကာလသားအရွယ်က… ထန်းပင်ပေါ်ထန်းသီးတက်ချိုင်တာ (ခူးတာ) ပေနှစ်ဆယ်သုံးဆယ်လောက်ရှိတဲ့ ထန်းပင် အမြင့်ပေါ်က ပြုတ်ကျတာတောင် ဘာမှမဖြစ်ဘူးတဲ့။ ဦးအမ်ပွားမှာ ငယ်သွားတွေလဲတော့သွားအပိုအမ်ပွားပါလာ တယ်လို့ လူကြီးတွေပြောတာကြားသား။ အမ်းပွားပါရင် တုတ်၊ဓါးပီးတယ်ဆိုပဲ။မယုံမရှိနဲ့ပြောမယုံကြုံဖူးမှသိတဲ့။

ဦးအမ်ပွားသရုပ်ကို ဖော်ပြရရင်လည်း လူကထောင်ထောင် မောင်းမောင်း အသားက ညိုညိုတိုတိုနှင့် ဆံပင်ရှည် ဘယ်တော့မှမထားဘူး။ ကတုံးရောင်မှာ ဆီပြောင်တ၀င်းဝင်းနှင့် လက်မောင်းကြွက်သားကြီးတွေဆိုအားကောင်း မောင်းသန်ကလေး လေးငါးယောက် ခိုစီးလို့ရတယ်။ ခြေသလုံးကြီး တွေဆို တုတ်ခိုင်နေတာပဲ။ အဖေက ကရင်၊ အမေကဗမာ ကပြားစပ် မွေးထားတော့ လူကောင်းကြီးက ထွားလိုက်သည့်ဖြစ်ခြင်း။ ဦးအမ်ပွား အဖေဖြစ်သူ က လည်း ကရင်နီစပ်ဗေဒင် ရောင်ရောင်၊ ဆရာသမား ရောင်ရောင် ဆိုပါတော့။ ဦးအမ်ပွားအဖေ မသေခင်က သိုင်းပညာအခြေခံလေးတတ်ထားတော့ …….. ဦးအမ်ပွားခြေထောက် မြေကြီးမကျဘူး။

အင်းရွာဆိုတာကလည်း မြို့မနီးတောမကျ ရွာ့ဇနပုဒ်ဆိုတော့ အိမ်ခြေရှိလှ….…(၁၅၀) အလွန်ဆုံးပေါ့။ ရွာကလေး ထဲ တုတ်ပီး၊ဓါးပီး ခပ်မိုက်မိုက် အမ်ပွားရယ်လို့ နာမ်မည်ကြီးသေးတာ။ ရွာထဲက ကာလသားမှန်သမျှ သူ့ယှဉ်ဖိုက်
ရဲတဲ့သူ တစ်ယောက်မှမရှိဘူး။ စိမ့်နေ ဖိန့်နေအောင်ကိုကြောက်ကြတာ။ ရွာထဲမှာကလည်းဓါးသိုင်းမပြောနဲ့တုတ် သိုင်းတောင် ကောင်းကောင်းဝှေ့ယမ်း တတ်သူမရှိ။ အင်းရွာလေးမှာက တောင်သူလယ်လုပ်ဆိုတော့ မနက် နွား တစ်ရှဉ်းနှင့် လယ်တောထွက်….ပြန်လာမိုးချုပ်…...မနက်ဖက် လယ်တောပြန်ထွက် ဒါနဲ့ပဲလုံး လည်ချာလည်လိုက် ဂျာအေးသူ့အမေရိုက်ဖြစ်နေတာ။

ဦးအမ်ပွား ကတော့ မနက်ဝေလီဝေလင်း သူများတွေ နွားတစ်ရှဉ်းနှင့် လယ်တော ထွက်ချိန်မှာသူ ကဓါးရောင် တ၀င်းဝင်းနဲ့ ဓါးရေးပြကာ သိုင်း ကျင့်လို့ကောင်းတုန်း။ တစ်ခါတစ်လေ များဆို ပါးစပ်ကလည်း စည်းချက်လိုက် သေး တယ်။ ဗွီဒီယို ဇာတ်ဝင်ခန်းတွေထဲက ခပ်ကြမ်းကြမ်း ဖိုက်တင်ခန်းတွေထဲကလို……...…“ယား …….… ယား …….. ဖောင်း”အဲသလိုတွေတောင် ပါလိုက်သေးတာ။ နေကလေးအတော်….မြင့်လာရင်တော့ နေရောင် အောက်မှာ မည်းနက်နက် ကျောပြင် ထက်ဆီက တလက်ချွေးသီး၊ ချွေးပေါက်ကြီးတွေ လိမ့်ဆင်းနေပုံမှာ ကြည့်မြင်သူ ငေးရတယ်။

ဦးအမ်ပွားက နဂိုနေ မြွေးပွေးလိုလူ။ ရစ်ရွှေရည်ကလေး ၀င်လာရင်တော့ သွားမစမ်းနဲ့ မြွေဆိုး။ ကလိတောင် မထိုးဝင့်။ သူများတွေလို တစ်စိတ်တစ်ပိုင်း သောက်ရုံနဲ့မူးတတ်သူမဟုတ်။ သုံးလေးလုံးလောက် သောက်ပြီးကာမှ အာသာပြေတတ်သူ။ မူးလာရင်တော့ သူ့ရစ်သလိုလို၊ငါ့ရစ်သလိုလို စိတ်ချဉ်ပေါက်ရင် ရွာရိုးလျှောက်မိုက်တဲ့ သူ ထွက်ခဲ့ရယ်လို့ ရွာဆော်လူမိုက် လုပ်လိုက်သေးတာ။ ရွာထဲအငိုသန်တဲ့ ကလေးများ ဦးအမ်ပွားလာပြီရယ်လို့သာ ခြိမ်းခြောက်လိုက် ငိုနေတဲ့ကလေး ချက်ချင်းအငိုရပ်တယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်ဆို ဦးအမ်ပွား အသံကြား လိုက်တာနှင့် တစ္ဆေသရဲလို ချီးယိုမတက်၊သေးထွက်မတက်ကို ကြောက်ကြတာ။ ဒါပေမယ့် ဦးအမ်ပွားက ကလေး အရမ်းချစ်တတ်တာ။ ကလေးတွေမြင်ရင် ပါးကြီးတွေ ဆွဲဖြစ်ကာ အတင်းပွေ့ချီတော့တာ။ ကလေးတွေ ကလည်း ဦးအမ်ပွားဆို တစ္ဆေသရဲလို သူ့လက်ထဲ ရောက်တာနှင့် အကြောက်အကန် ငိုတော့တာ။ တစ်ချို့ကလေးများဆို ဖျားတောင် ယူတယ်။ သူ့မိန်းမ အရီးမကြွေး ကလည်း မိန်းမအမြုံလားတော့ မပြောတတ်။ ဦးအမ်ပွားနှင့် ရတာ ဆယ်နှစ် တောင်ကျော်လာပြီ ကလေးတစ်ယောက်မှ မရသေး။ တစ်ခါတစ်လေ ဦးအမ်ပွားအရွန်း ဖောက်ကာ မိန်းမဖြစ်သူကို………..

“မိကြွေ ငါ့ကလေးတစ်ယောက်လောက် မွေးပေးစမ်းဟာ။ နင့်မလည်း ၀ါးကင်းပိတ်ကြီးကျနေ
တာပဲ။ ဘယ်တော့ ကလေးရမတုန်း။ သူများကလေးတွေ ချစ်ရတာချစ်မ၀ဘူးဟ။ ကလေးတွေ
ကငါ့လက်ထဲရောက် အတင်းကော့ထိုးငိုကြတာ။”

အရီးမကြွေသူ့ထိတော့ ကက်ကက်လန်လန် အောင်ယောကျာ်းဖြစ်သူကို ရန်တွေ့လေသည်။

“ကျုပ် တစ်ယောက်တည်းကြောင့်တော့ ဟုတ်ဟန်မတူပါဘူးတော်။ တော်လူဖြစ်ကံမပါတာ
ရှိမပေါ့။ ကလေးတွေ တော့လက်ထဲ မပျော်တာမကြည့်နဲ့ တော်က လူ့ဘီလူး၊ လူ့သဘက်ကြီး
ဖြစ်နေတာ။”


အရီးမကြွေ ပြောမယ်ဆိုလည်း ပြောလောက်စရာ ဦးအမ်ပွားက အကုသိုလ် အလုပ်နှင့် အသက် မွေးဝမ်းကျောင်း ပြုလာသူ။ သူများအသက် မျိုးမျိုးမြတ်မြတ် ကလေးမှ မသက်လိုက်ရလျှင် နေမထိ ထိုင်မသာဖြစ်နေတတ်သူ။ သတင်းသီလ အခါကြီး ရက်မြတ်များဆို အဖိတ်နေ့ မတိုင်ခင်ကပင် ဟင်းကောင်ရှာထားတာ အဖိတ်နေ ရောက် တာနဲ့ ၀ယ်ထားတဲ့ သားကြီးငါးကြီးအမဲ၊၀က်ကိုသတ်ပြီး ဟင်းလုပ်ကာ ရောင်းတယ်။ ထိုနေ့များဆိုရွာထဲမှာ ဆူဆူ ကျွက်ကျွက် ခွေးတအူအူနဲ့ ဦးအမ်ပွား အိမ်မှာတော့ လူဝင်လူထွက် စည်ကားလို့မဆုံး။ ဥပုသ်နေ့မှာ ဆွမ်းဟင်းကလေး ကောင်းကောင်း မွန်မွန်နဲ့ ရွာဦးဘုန်းကြီးကျောင်း ပို့ချင်ရှာတော့ အင်းရွာကလေးက အိမ်ရှင်မတွေ အတွက် ဦးအမ်ပွားက မရှိမဖြစ် လိုအပ်နေသူ ဖြစ်နေပြန်ရော။ မြို့မနီးတောမကျ ရွာ့ဇနပုဒ်ဆိုတော့ ဦးအမ်ပွား ဟင်းမလုပ် လို့အသားငါး အဆက်ပြတ်နေတဲ့ ချိန်ဆို ရွာ့လက်ဖြစ် အသီးအရွက်နဲ့ပဲ ပြီးရှာကြတော့တာ။

ဦးအမ်ပွား ဟင်းကောင် ကြီးကြီးမားမား ရှာမရတဲ့အခါမျိုးဆို ရွာချောင်ဘေး ဆေးလိပ်တစ်တိုနဲ့ ငါးသွားထိုင် မျှား နေလေ့ရှိတယ်။ ဥပုသ်နေ့ဆို ရွာကလေးက ကြီးကြီး၊ငယ်ငယ် လူရွယ်လူလတ်ကအစ တောင်ယာလုပ်ငန်းခွင် အ လုပ်ကိုနားကာ ရွာဦးဘုန်းကြီးကျောင်းမှာ သီလယူလေ့ရှိတယ်။ သူများယောကျာ်းတွေ ဘုရားသွား ကျောင်းတက် မြင်တော့ အရီးမကြွေ လည်း သူ့ယောကျာ်းကို ဘုန်းကြီးကျောင်းရောက်ဖူး စေချင်တယ်ထင်ပ။ငါးမျှားတံကိုင်ကာ
လှေကားအဆင်း ရောက်နေပြီဖြစ်တဲ့ ဦးအမ်ပွားကို လှမ်းကာပြောလေသည်။

“တော့် အကုသိုလ်တုန်းကြီး သူများတွေဘုန်းကြီးကျောင်း သွားကြတယ်။ ဘုန်းကြီးကျောင်း
ရောက်ဖူးတယ် ရှိအောင်၊ ဥပုသ်သီလ သွားယူချေပါလား။ မုဆိုးတစ်သက် မက်တစ်ချက်တဲ့
တော့်မှာတော့ အကုသိုလ် အလုပ်တွေနှင့် အချိန်ဖြုန်းနေတာ လူဖြစ်ရှုံးလိုက် ပါဘိတော်”

အရီးမကြွေ ပြောလည်းပြော ဖက်ကြမ်းဆေးပြင်းလိပ်တိုကြီးကို အားကုန်ခဲကာ ခပ်ပြင်းပြင်း
မှုတ်ထုတ်လိုက်လေသည်။

“အမ်ပွား ရာဇ၀င်မှာ မိုက်ချင်လည်း ကမ်းကုန်အောင် မိုက်တယ်ဟေ့။ ပါးစပ်က ဘုရား၊ဘုရား
လက်က ကားယား လုပ်မနေနိုင်ဘူး။ နင့်ဟာ နင်သွားချင်သွား”

ပြောပြောဆိုဆိုအိမ်ပေါ်ကဆင်းသွားလေသည်။ကျွန်တော်တို့ အမှတ်သညာ ရှိခဲ့သည့် အချိန် ကစလို့ ဦးအမ်ပွား ဘုန်းကြီးကျောင်း သွားတာတစ်ခါမှ မမြင်ဖူးဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာသွားလို့ ဘုန်းကြီးကျောင်းဝိုင်းတွင်းက မ ဖြစ်မနေ လမ်းဖြတ်လျှောက်ရမယ်ဆို အဲဒီလမ်းခရီး ဘယ်တော့မှ မသွားဘူး။

(၂)
တစ်နေ့တော့ ဦးအမ်ပွား ဦးမြတ်သာအိမ် ဘက်လျှောက်သွားလေသည်။ ဟင်းကောင်းကလည်း ရှာမရ သူမေး ငါ မေး ဦးအမ်ပွား ဟင်းမလုပ်ဖူးလား၊ အမ်ပွားဟင်းရှာမရဘူးလား။ တစ်ယောက် တစ်မျိုးမေးကြတော့။ နဂိုကမှ သူ များအသတ် မသတ်ရရင်နေမထိ ထိုင်မသာ ဖြစ်နေတတ်သူဆိုတော့ကာ။ ဟင်းကောင်းရှာမရသည့်အဆုံး။

“ဗျို့ ကိုမြတ်သာ ခင်ဗျားနွားအိုကြီး အမဲထုရအောင်ပါဗျ။
ကျုပ်ကိုလှည့်ရောင်းပါဗျ။”

ပုဆိုးတိုတို အကျီဗလာနှင့် ညီလေးမောင်နှင့် နှစ်ယောက်သား အိမ်ဝိုင်းထဲဝင်လာကြလေတယ်။ ထိုနွားနှင့် ပါတ် သတ်ပြီး ဦးမြတ်သာတို့ သားအဖ နှစ်ယောက် စကားများထားကြလေသည်။ သားဖြစ်သူက ချည်တိုင်တွင် အချိန်ကုန်နေသည့် နွားအိုကြီးကို ဟင်းလုပ်ကာ အမြတ်ယူချင်သည်။ ဦးမြတ်သာက ထိုသို့မဟုတ် တစ်သက်လုံးက ခိုင်း လာခဲ့သည့် နွားကို အသုံးမ၀င် တော့ကာမှ အမဲထုကာ ဟင်းလုပ်ပြစ်ရင် နွားလောက်မှ အသိဥာဏ်မရှိသူ လူ့တိရစ္ဆာန်တော့ အဖြစ်မခံ နိုင်ဟုဆိုလေသည်။ ခိုင်းလို့ကောင်းချိန် တုန်းကတော့ ချိုကလေးပွတ် နွားရွက် ကလေး သပ်ကာ ပခုံးတွေပေါက်ဝင်သည်ထိ ခိုင်းလာတာ။ နွားထမင်းကျွေးရတာ မဟုတ် မြက်ကျွေးတာ သူ့တမ်း ကုန်လို့သေနေ့စိရင် ချည်တိုင်မှာပဲ သေပစေဟု ပြောလေသည်။

“မရောင်းဘူးကွာ သူ့သေနေ့စေ့ရင် ချည်တိုင်မှာပဲ သေပါစေ”

ဦးမြတ်သာက ဦးအမ်ပွားကို တိုတိုပြတ်ပြတ် အဖြေပေးလိုက်လေသည်။

“ဦးလေးမြတ်သာကလည်း တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်တာပါဗျ ရောင်းလိုက်ပါ။ ဦးလေးအမ်ပွား ဟင်းကောင်ရှာမရ ဖြစ်နေတာနဲ့ အတော်ပဲပေါ့။ နွားအိုကြီး ချည်တိုင် မှာအချိန်ကုန် နေမဲ့အတူတူ အမြတ်ရအောင် ရောင်းလိုက်ပါဗျ။ ”

ညီလေးမောင် ပါဝင်ကူပြောလေသည်။ ညီလေးမောင် ဆိုတာကလည်း ဦးအမ်ပွားမှာ ကူဖော် လောင်ဖက် သားသမီး မရှိလေတော့ ညီလေးမောင်ကို တပည့်ကျော် သားအဖြစ် လက်သပ်မွေးထားတာပေါ့။ သူကြီးမှီပြီး ပါဝါ ပြတာ ညီလေးမောင်လို လူမျိုးကိုပြောတာဖြစ်မယ်။ ဦးအမ်ပွားမြှောက်စားထားတော့ ညီလေးမောင်တစ်ယောက် တောက်ကြွားနေတော့တယ်။ ဦးမြတ်သာကလည်း ညဦးကတည်းက သားအဖနှစ်ယောက် စကားများထားသည့် အရှိန်ကမပြယ်သေး။ ညီလေးမောင်ကို ခပ်စူးစူးကြည့်ကာ…..

“မင်းအဲသလောက် အကျိုးအမြတ် လိုချင်နေရင် မင်းအသားလှီးရောင်းလိုက်ပါလား”

ဦးမြတ်သာကလည်း ရွာမှာဆယ်အိမ်မူး ဘုရားတရားအင်မတန် ရိုသေကိုင်းရှိုင်းသူ အနေမှန်သူ လူအေးသမား စကားကိုကွေ့ဝိုက်ကာ မပြောတတ် တိုတိုပြတ်ပြတ် တည့်တိုးလိုရင်းသမား ဦးအမ်ပွား ချိတ်မရှိပဲ ချိတ်မရ လေ မှန်းသိတော့။နောက်ထပ်တစ်ခွန်းမှ ဆက်မဟတော့ပဲ။


“ဟေ့ကောင် တော်တော် ပြန်မယ်”

ဦးအမ်ပွား ညီလေးမောင်ကို အချက်ပြကာ ချာကနဲအိမ်ဝိုင်းထဲက လှည့်ထွက်သွားလေသည်။ ဦးအမ်ပွား ထွက် သွားအပြီး ဒေါသအငွေ့ လှိုင်းတို့သည် ကျန်နေခဲ့သူတို့အား ရိုက်ခတ်နေလိမ့်မည်ဆိုတာ ဒေါသတကြီး လှည့်ထွက် သွားသော ဦးအမ်ပွားကို ကြည့်ရုံဖြင့်မြင်သာ၏။ ညနေဘက် ရောက်ချိန် မှာတော့ ဦးအမ်ပွား လက်ထဲချိုတထောင် ထောင်နဲ့ ခိုင်းနွားကြီး တစ်ကောင် လည်တခါခါနဲ့ ပါလာတယ်။ ဦးမြတ်သာအိမ်ရှေ့ဖြတ်ဆွဲကာ..

“အမ်ပွားရာဇ၀င်မှာ မရှိဘူး မရဘူးဆိုတာ မရှိဘူးဟေ့။ ဘုရားရောင်ရောင် တရားရောင်ရောင်
ခွေးတဟောင်ဟောင် မဟုတ်ဘူးကွ”

ဦးမြတ်သာကို အရွဲ့တိုက်ကာ ခပ်ကျယ်ကျယ် အော်ပြောနေလေသည်။ အင်းရွာတောင်ဘက် ဒန်းဒေါင့်ရွာက ခိုင်းနွားကြီးကို မတန်တဆပေးဝယ်လာခဲ့သည်ဟု ရွာကလေးထဲတီးတိုး သဖန် ပိုးထိုး နေကြလေတယ်။ မည်သူမှ မကိုင်ဝင့် ကျွတ်ဆတ်ဆတ် လည်တခါခါဖြစ်နေသည့် နွားမို့ နွားရှင်ကလည်း မကိုင်ဝင့် နွားကလည်း ရာဇ၀င်နဲ့ ဦးချို တသွေးသွေး ရွာထဲကကလေး ချိုဖျားနှင့် အခတ်ခံရသည်မို့ လျော်ကြေးပါ ပေးထားရသည်ဟုဆိုတယ်။ ညနေစောင်းတော့ ကျွတ်တသပ်သပ်နဲ့ နွားကိုရှေ့ကဆွဲကသူဆွဲ ဒန်အိုးဒန်ခွက် လက်နက်ကရိယာ အစုံ အလင်နဲ့ ရွာချောင်းထဲ တစ်သိုက်ကြီး ခွေးတအူအူနဲ့ဆင်းသွားကြလေရဲ့။

“ရော့ကွာ ညီလေးမောင် မင်းထု” ဟုဆိုကာ ဦးအမ်ပွား ညီလေးမောင်ကို ဓါးနှင့်ပေါက်ဆိန် လှမ်းကာ ပေးလေ သည်။ ဦးအမ်ပွားကတော့ နွားဝယ်အ၀ယ် တည့်လာခဲ့သည် ဆိုတော့ကာ ရစ်ရွှေရည် ကလေးဝင်ထားသည်မို့ အရှိန်မပျက် လက်ကျန် ပုလင်းလေး ခါးထိုးကာ မော့လိုက် ခါးကြားထဲ ပြန်ထိုးလိုက် လုပ်ကာ စည်းဇိမ်ခံ နေလေ သည်။ ချောင်းကိုင်းခင်းစပ် ငုတ်တိုင်တွင် ချည်ထားသော နွားရဲ့ ဒူးခေါင်းခွက်ကို ညီလေးမောင် ဓါးမတိုနှင့် အားကုန် ခုတ်လိုက်လေသည်။ နွားလည်း ခွေကနဲ လဲကျသွားပြီး ကုန်းရုန်းထကာ မြင်သမျှ လိုက်ကာ ဝှေ့(ခွေ့) နေတော့သည်။

“ဟေ့ကောင် ညီလေးမောင် မင်းကို ငါလက်ထပ်သင်ထားတာ ဘယ်လောက်ကြာပြီတုန်း။
နွားသတ်တယ်ဆိုတာ ဟောသလိုလုပ်ရတယ်ကွ”

ဟုဆိုကာ ဦးအမ်ပွား သူ့ဆီပြေးဝင်လာသော နွားရဲ့ လည်မျိုကို ဓါးမြောင်နှင့် အဆက်မပြတ် ဆင့်ကာ ထိုးလေ သည်။ နွားနှင့်လူ သဲသောင်ပြင် ပေါ်မှာ တွေ့နေကျလေပြီ။ အမဲကူဖျက်ဖို့ စောင့်နေကြသည့် လူအုပ် ဟင်းလာ ၀ယ်ကြသည့် လူအုပ်ကြီးသည် နွားနှင့်လူ လုံးထွေးနေသည့် အသတ်လုပွဲကို မှင်သက်မိနေကြသည်။ သဲမှုန် သဲပွင့်တို့ တစ်ထောင်းထောင်းကြားမှာ နွားနှင့်လူ၏ အသတ်လုပွဲ တဖြေးဖြေးနှင့် ငြိမ်ကျသွားလေသည်။ နွား လည်းဟန်ချက်ပျက်ကာ သဲသောင်ပြင်ပေါ် ဘိုင်းကနဲ လဲကျသွားလေသည်။ ဦးအမ်ပွားကတော့ သဲသောင်ပြင် ပေါ် မားမားကြီး မတ်တပ်ရပ်နေရင်းက သွေးသံရဲရဲနှင့် ထိုးကျသွားလေသည်။

ရပ်ကြည့်နေသော လူအုပ်ကြီးထဲမှ လူငယ်တစ်ယောက် ပြေးကာ အရီးမကြွေကို သတင်းပို့လေသည်။

“ဗျို့ အရီးမကြွေ ဦးအမ်ပွား နွားဝှေ့ (ခွေ့) ခံရလို့ အရီးလုံချည်တစ်ထည်ယူခဲ့ပါတဲ့”

“ဟဲ့….....ဟဲ့”

အရီးမကြွေပြာပြာသလဲ “ ဟုတ်ကော ဟုတ်ရဲ့လားဟယ်။ ငါ့ကိုနောက်နေတာလား”

အရီးမကြွေယုံနိုင်ဖွယ်မရှိ။ သူ့တစ်သက် ဦးအမ်ပွား သားကြီး၊ငါးကြီး သတ်လာတာ အံတိုနေပြီကော။

“အရီးကလည်းဗျာ……နောက်စရာလား ဟိုမှာ…ဦးအမ်ပွား အသက်မထွက်ပဲ တန်းလန်းကြီး
မို့ အရီးလုံချည် ယူခဲ့ခိုင်းနေတာ”

အမ်ပွားပါသူတို့သည် အသက်ပြင်းကြသလို အသက်ထွက်ကာနီး အချိန်ဆွဲနေတတ်ကြ၏။ ထိုသူကို မိန်းမလုံချည် အုပ်လိုက်မှ အသက် ဖြောင့်ဖြောင့် ထွက်နိုင်သည်ဟု ဆိုတော့ကာ။ အရီးမကြွေ လုံချည်ခေါက် ကလေးကို ကိုင်ကာ ကိုင်ကာအပြေး ကလေး ချောင်းထဲ ရောက်ချိန်မှာတော့။ချောင်းထဲမှာ လူသွေး နွားသွေး အိုင်ထွန်းကာ သွေး အိုင်ထဲ လဲနေတဲ့ ဦးအမ်ပွား ပါးစပ်ကလည်း “ထုကွ…….သတ်ကွ……ရိုက်ကွ” ရေရွတ်ရင်း အသက်မထွက် နိုင်ပဲ ရှိလေသည်။ ဦးအမ်ပွား၏ လည်မျိုတစ်ခုလုံး နွားချိုရာ ဒလပွနှင့် ငါးမွန်းထားသလို ၀မ်းဗိုက်တစ်ခုလုံး ရှိသမျှ အူတို့ စုပြုံကာ အပြင်ထွက်နေသည်မှာ ကြည့်မြင်မကောင်း။ အမ်ပွားအပိုကြောင့် ဦးအမ်ပွား အသက်မထွက်နိုင်ပဲ ရှိလေသည်။ အရီးမကြွေ ကြာရှည် ရပ်ကြည့်မနေနိုင်တော့ ဦးအမ်ပွား မျက်နှာပေါ် လုံချည်ခေါက်ကလေး တင်ပြီး ချိန်မှာ“ထုကွ …….ရိုက်ကွ…………သတ်ကွ” ညာသံပေးရင်း အသက်ထွက်သွားရှာလေသည်။


အရီးမကြွေ ယောကျာ်းဖြစ်သူကို ကြည့်ကာ “တော့် အကုသိုလ်တုံးကြီး ဘ၀ကူးမကောင်းလိုက်
ပုံများ သေတာတောင် အသိတရား ရမသွားရှာဘူး”

အရီးမကြွေ၏ ငိုသံတို့သည် ချောင်းကလေးထဲ ပဲတင်ထပ်နေလေတော့သည်။


********************@@@@@@@@@@****************

စာကြွင်း....၀ါတွင်းကာလ ဥပုသ်သီတင်း သီလဆောက်တည်ရက် ရောက်ပြီမို့ တောရွာဓလေ့ကို သတိရမိလိုက်တာနှင့် ကြားဖူးနားဝ ရှိနေခဲ့ဖူးသည့် အဖြစ်အပျက်လေးကို အခြေခံပြီးရေးဖွဲ့ထားတာပါ။ ကျွန်မသည်လည်း အညာသူပီပီ မတောက်တစ်ခေါက် ရေးမိနေသော ပိုစ့်လေးတွေသည် ကျေးလက်ရနံ့ပါ နေသောကြောင့် စာဖတ်သူအများစုက ကြိုက်နိုင်မယ်မထင်ဘူး။ ဒါကြောင့် ကျွန်မရေးသည့် မတောက် တစ်ခေါက် လေးတွေကို သူ့အိမ်သွားလည်၍ အားနာ၍သော်လည်းကောင်း ခင်မင်မူ့အရသော်လည်းကောင်း။ နှစ်သက်သော်ရှိ၊ မနှစ်သက်သော်ရှိ အရောက်လာကာ ဖတ်ရူ့ပေးခြင်းကို သုံးနေကျ စကားလေးပဲ ထပ်ခါသုံးလိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်နှော်။

******************@@@@@@@@@@@******************


မေတ္တာအားဖြင့်

ခိုင်နုငယ်

Thursday, July 22, 2010

လပျောက်သွားသော....ည




ကောင်လေးရေ……..

စောင့်နေပါ……အဲဒီစကားလုံးတွေနဲ့


အကျွမ်းဝင်သွားခဲ့တဲ့နေ့ကစလို့………။


အေးစက်စက်နှင်းညတွေထဲ


အကြင်နာမီးအိမ်ငယ်ထွန်းညှိလို့


ဘူတာရုံလေးထဲ………………..


ကောင်မလေးရပ်စောင့်နေခဲ့တယ်။


ကောင်လေးရေ…..


နောက်ဆုံးရထားတွဲတွေဆိုက်ချိန်ထိမင်းပါမလာခဲ့ဘူး။


တစ်ချို့က…..မျက်လုံးစိမ်းတွေနဲ့စူးစိုက်ကြည့်တယ်။


တစ်ချို့က……ဂရုဏာမျက်ဝန်းနဲ့ခပ်စွေစွေကြည့်တယ်။


တစ်ချို့က……ဥပက္ခာမျက်ဝန်းတွေနဲ့ကြောင်တောင်ကြည့်သွားကြတယ်။


ကောင်မလေးမျှော်လင့်နေတာမင်းမျက်ဝန်းတစ်စုံတည်းပါ။


ကောင်လေးရေ………….


နှင်းညတွေအေးခဲသွားကြပေမယ့်


မျှော်လင့်ခြင်းကမ်းပါးမှာ………..


ကောင်းမလေးနွေးထွေးနေတုန်းပါပဲ။


ကောင်းလေးရေ…………..


တစ်စက္ကန့်ပြီး တစ်စက္ကန့်


တစ်နာရီပြီး တစ်နာရီ


တစ်ရက်ပြီး တစ်ရက်


ရာသီတွေသာအိုဟောင်းသွားကြပေမယ့်။


ကောင်မလေးရဲ့အိမ်မက်တွေလတ်ဆတ်နေတုန်းပါပဲ။


(မှတ်ချက်။ ။အဲဒီညကနမိုးနီးယားရောဂါနဲ့ကောင်မလေးတစ်ယောက်
သေဆုံးသွားခဲ့တာ။ကောင်းမလေးသူ့ကိုယ်သူသိမသွားခဲ့ပါ။)

*******************@@@@@@@@@*****************
စားကြွင်း။ ။ခေါင်းထဲကထုတ်ပြစ်လိုက်တဲ့အတွေးတွေခေါင်းထဲပဲပြန်ပြန်ရောက်လာတယ်ဆိုတာလိုပဲ။
စာရေးဆရာညီစုရဲ့ခရစ္စမတ်ည၀တ္ထုတိုလေးကိုဖတ်ပြီးကျွန်မ...လွမ်းသလိုလိုကြီးဖြစ်ကျန်နေခဲ့ပါတယ်။
ဒါနဲ့ဝတ္ထုလေးကိုခံစားပြီးကဗျာဆိုပြီးချရေးလိုက်ပါတယ်။အေးစက်စက်နှင်းညတွေထဲကကောင်းမလေး
ရဲ့ပုံရိပ်တွေကအတွေးထဲကထုတ်ပြစ်လို့မရနိုင်အောင်ပါပဲ။ရာသီမဟုတ်ပဲ..မိုးများရပ်ဝန်းမှာကျွန်မတစ်
ယောက်တည်းထူထူထဲထဲနှင်းခါးမိုးတွေများကျနေလေရော့သလား။ကောင်းမလေးနှင့်အတူစာဖတ်သူ
ချစ်မိတ်ဆွေများ..မျှော်လင့်ခြင်း..စောင့်စားခြင်းမှကင်းဝေးကြပါစေလို့။
******************@@@@@@@@@*****************

မေတ္တာအားဖြင့်
ခိုင်နုငယ်

Monday, July 19, 2010

သင်းကွဲငှက်တို့၏...........အိမ်အပြန်




(၁)
တိုးဖွဖွတိုက်ခတ်လာတဲ့ လေပြည်လေညင်း နုအေးအေးလေးတွေကို အားပါးတရ ရှူးရှိုက်လိုက်မိတယ်။ ဒီလိုသဘာဝက ပေးတဲ့ လေနုအေးတွေကို ရူရှိုက်နိုင်ဖို့ဆိုတာ တစ်ပါတ်မှာ တစ်ရက်သာ ခံစားခွင့်ရှိတာ။ နေ၀င်ချိန် ဆည်းဆာညနေခင်းရဲ့ အလှတရားတွေ မြင်ကွင်းရှေ့ဆီက မျက်စိတစ်ဆုံး လှမ်းမြင်နေရတဲ့ ဆီအုန်းတောဆီက အခတ်အလတ်ခြင်းထိခတ်ပွတ်တိုက် ကလူကျီစယ်သံလေးတွေ ဆီအုန်းတော ထက်ကဆီကနေပျံသန်းနေကြတဲ့ ငှက်ကလေးတွေ အုပ်စုလိုက်ပျံသန်းသွားလာကြနေသလို တစ်ချို့က အုပ်စုကွဲကာ နှစ်ကောင်သုံးကောင်စုပြီး ပျံသန်းနေကြတာတွေ လမ်းကြားလေးထဲ ဖြတ်သန်းသွားလာနေတဲ့ တစ်ယောက်စ နှစ်ယောက်စ လူတွေ ဆိုင်ကယ်သံတွေ ကားသံတွေ ဒါတွေက ကျွန်မအာရုံမှာ ဖမ်းစားနေတဲ့ ပုံရိပ်တွေရယ်။

တကယ်တော့ ကျွန်မအလုပ်ပိတ်ရက်မို့ အဆောင်နောက်ဖေးမြေကွက်လပ်လေးမှာ ခုံပုလေး တစ်လုံးပေါ် ထိုင်ကာ အသင့်ယူလာတဲ့ အရှင်ဆန္ဒာဓိကရဲ့ "တစ်ယောက်တည်းနေ တစ်စိတ်တည်းထား" တရားစာအုပ်လေးကို မဖတ်ခင် တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မရဲ့အတွေးပုံရိပ်တွေက အုပ်စုကွဲကာ တစ်ကောင်းတည်း ပျံသန်းနေတဲ့ ငှက်ကလေးဆီမှာ သူရှေ့ကငှက်အုပ်စုတွေကို အမှီနီးစပ်နိုင်ဖို့ ပျံသန်းနေတာ၊ ငှက်အုပ်စုတွေထဲမှာ ငှက်ကလေးရဲ့အဖေ၊ အမေ၊ ညီအကိုမောင်နှမတွေ ပါနေနိုင်သလား ဒါမှမဟုတ် သူ့ရဲ့သူငယ်ချင်းအပေါင်း အသင်းတွေ ပါနေနိုင်သလား သူပျံသန်းရင်း ပျံသန်းရင်း သင်းကွဲကာ ကျန်နေခဲ့ရရှာတာ။

သင်းကွဲငှက် သင်းကွဲငှက် ကျွန်မကရော ဟုတ်တယ် အဲဒီ သင်းကွဲငှက်ကလေးတွေနဲ့ ဘ၀တူနေသလား။ မိသားစု အသိုက်အမြုံလေးနဲ့ ဝေးကွာနေခဲ့တာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဝေးကွာနေခဲ့တာ တစ်ရက် တစ်လမှ မဟုတ်တော့ပဲ။ နှစ်နဲ့သီခဲ့ပြီ။ ကျွန်မအတွေးပုံရိပ်တွေထဲမှာ အဖွားရဲ့ပုံရိပ်၊ အဖေနှင့်အမေရဲ့ပုံရိပ်တွေ ခွဲခွါခြင်းအဖြစ် ကျန်နေခဲ့ကြသည့်အရာအားလုံးဟာ တရေးရေးနဲ့......။

တကယ်တမ်းခွဲခွါရမယ်ဆိုတော့၊ ကျွန်မချစ်တဲ့မိသားစု အသိုက်အမြုံလေးကို ဘယ်လိုနည်းနဲ့ခွဲခွါရမည်မသိ။ ဘုရားစင်အောက် ပုံ့ပုံ့ကလေးထိုင်နေတဲ့ အဖွားရဲ့ခြေရင်းမှာ ပုဆစ်တုတ်ထိုင်ချလိုက်ကာ အဘွားကို ကန်တော့နေရင်း တင်းထားသည့်ကြားက အတားအဆီးမဲ့မျက်ရည်တို့ဟာ လက်ဖမိုးပေါ် စီးကျနေတယ်။

“ခရီးသွားကာနီးမှာ မငိုရဘူး.မြေးရဲ့.... မျက်နှာမှာလိမ်းထားတဲ့ မိတ်ကပ်တွေ ပျက်ကုန်ပြီ။ သုံးနှစ်သုံးမိုးဆိုတာ ဘာကြာတာလိုက်လို့ နေရင်းထိုင်းရင်း ပြည့်သွားမှာပါ။ ငါ့မြေး သွားလေရာလာလေရာ လမ်းခရီး ခလုတ်မထိ ဆူးမငြိပဲ လိုရာခရီးကို ကျန်းကျန်းမာမာနဲ့ လျှောက်နိုင်ပါစေ။ ရော့....ဒီမှာ ငါ့မြေးတောင်ထားတဲ့ အဖွားရဲ့ခြေရာ။”

အဖိုးအဘွားရယ်လို့ ခင်တွယ်စရာ အဖေ့ဘက်က အမေတစ်ယောက်သာ ကျန်တော့သည်။ ကျွန်မ ခရီးမဖြောင့်မှာဆိုးသည့်အတွက် အဖွားငိုချင်နေလျှက် ဟန်ဆာင်ကာ မူပိုနေမှန်းသိတာပေါ့။ ကျွန်မ မမြင်အောင် ကွယ်ဝှက်သုတ်နေတဲ့ အဖွားရဲ့မျက်ရည်တွေက ကျွန်မရင်ထဲကို တဆစ်ဆစ် နာကျင်စေခဲ့တယ်။ အဖွားကမ်းပေးသည့် အဖြူရောင်ပိတ်စလေးကို ဖြန့်ကာ ကြည့်မိတယ်ဆို အဖွားရဲ့ခြေရာ၊ အဖေနှင့်အမေ့ခြေရာလေးတွေ အသီးသီးနေရာယူထားကြပုံကိုကြည့်ရင်း နယ်မှာကျန်နေခဲ့သည့်အမေ.... ကျွန်မနှင့် အကြာကြီး ခွဲနေရမယ့်ခရီးမှာ အမေလည်း လိုက်ပို့ချင်ရှာပေမယ့်။ အငယ်သုံးယောက် ကျောင်းတစ်ဖက်နှင့်မို့ လိုက်မပို့နိုင်ရှာ။ ရန်ကုန်အဖွားအိမ်ကနေ လေဆိပ်ကိုဆင်းတော့ အဖေ တစ်ယောက်သာ လိုက်ပို့နိုင်ရှာသည်။

လေဆိပ်ထဲကိုအ၀င် အဖေ ကျွန်မလက်တစ်ဖက်ကို ဆွဲယူဖြစ်ညစ်ကာ

“သမီး အဖေစိတ်ချမယ်နှော်.... ကျန်းမာရေးကို ဂရုစိုက် ဟိုရောက်ရင်ဖုန်းဆက်.. သွားသတိ.. လာသတိရှိပါ။ ငါ့သမီးသွားမှာက ရန်ကုန်မန္တလေးခရီးစဉ်မဟုတ်ဘူး။ နိုင်ငံရပ်ခြားခရီး ရေခြားမြေခြားသွားရမှာ။ ဘ၀ဟာ ဆန္ဒနှင့် ဘယ်တော့မှတစ်ထပ်ကျမနေနိုင်ဘူးဆိုတာ.. သမီးလက်ခံနိုင်အောင်ကြိုးစား.. ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ အိအိထွေးနှင့်လည်းသွား အတူလာအတူ စိတ်ဝမ်းမကွဲကြနှင့် သမီးတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖေးမပါ။"”
အဖေ့အမှာစကားတွေအဆုံးမှာ.... အားလုံးကိုနုတ်ဆက်ကာ လေဆိပ်အတွင်းပိုင်းထဲကို ရောက်ရှိချိန်မှာတော့ ကျွန်မတို့နဲ့ဘ၀တူ မိန်းကလေးတွေကလည်း အများကြီးပါပဲ.... ကျန်ရစ်ခဲ့ကြသူတွေကလည်း.... ခွဲခွါခြင်းကို လက်ပြနုတ်ဆက်...... ထွက်ခွါသွားရတဲ့သူတွေကလည်း မျက်ရည်စတွေနှင့်။
(၂)
“မြင့်မြင့်သီ...... ဈေးသွားမလို့.... ဘာမှာအုံးမလဲ”

အိအိထွေးအသံကြားမှ ကျွန်မရဲ့ အတွေးအာရုံတွေက အိပ်ယာက လန့်ဖြတ်နိုးလာတဲ့ သူတစ်ယောက်လို. အတွေးတွေ တိကနဲရပ်တန့်ကာ......

“မမှာတော့ပါဘူး.... နင်ဘယ်သူနဲ့သွားမှာလဲ..... ငါပါလိုက်ခဲ့မယ်လေ။”

“နေ..နေ...ရတယ်.... အေးသင်းတို့ပါတယ်။”

ငါးမိနစ်လောက်သာ လျှောက်ရမဲ့ ကုန်စုံဆိုင်ကိုသွားမှာမို့ ကျွန်မလည်း အတင်းဇွတ်လိုက်ဖို့ စိတ်မကူးတော့။ ဒါပေမယ့် ခုတလော အိအိထွေးကျွန်မအပေါ် ဆက်ဆံတာတွေပြောင်းလဲသွားတာကိုတော့ သထိထားမိသလို ရှိပေမယ့်။ အိအိထွေးထွးနှင့်ကျွန်မ အိမ်ချင်းကပ်ရက် ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့ကြတဲ့ သူငယ်ချင်းတွေ.......
ကျောင်းတက်တော့လည်း တစ်ကျောင်းတည်း အတူတက်ခဲ့ကြသလို၊ တက္ကသိုလ်နယ်မြေရောက်တော့လည်း မေဂျာတူ ယူခဲ့ကြတာပင်။ ကျောင်းပြီးသွားလို့ နိုင်ငံခြားသွားမယ်ဆိုတော့လည်း အတူတူ စာအုပ်လုပ်ခဲ့ကြတာပင်။ သူကအိမ်မှာ အငယ်ဆုံးအထွေးဆုံးမို့ သူ့စိတ်တိုင်းကျ မိဘတွေအလိုက်ထားခြင်း ခံထားရသူ။ ကျွန်မကတော့ မိသားစုမှာအကြီးဆုံးမို့ အငယ်တွေအတွက် တာဝန်ကို မေတ္တာတရားနဲ့ ဘ၀က ထိုးအပ်ခဲ့သည်မို့ ဆုလဒ်တစ်ခုအဖြစ် ထွေးပွေ့ထားခဲ့ရသည်။ ကျွန်မတို့နှစ်ယောက်စလုံး စင်ကာပူထွက်ဖို့ ဆုံးဖြတ်ထားကြပေမယ့်.. အခြေအနေတစ်ခုကို ရပ်မစောင့်နိုင်တဲ့ကျွန်မ.. အမြန်ထွက်ရမည့် မလေးရှားစက်ရုံ အလုပ်နှင့် ထွက်လာခဲ့ကြသည်။ အိအိထွေးလည်း ကျွန်မနှင့်အတူ လိုက်ပါလာခဲ့သည်။ အိအိထွေး... .ကျွန်မအပေါ် မည်မျှပင်စိတ်ကွက်နေပါစေ။ ကျွန်မသူ့အပေါ်ခင်တွယ်ခဲ့သည့် သံယောဇဉ်ကို မည်သို့ပင် ဖြတ်တောက် ပြတ်တောက်သွားနိုင်ခဲ့မည်မဟုတ်ပါ။

ဒါကြောင့် ကျွန်မမှားရင် သူပြင်ခွင့်ရှိသလို . . ..သူမှားရင်လည်း ကျွန်မ ဖေးမှခွင့်ရှိသည်ဟု ခံယူထားသည်။ ဒါပေ မယ့် အချစ်နှင့်ပါတ်သတ်လာရင် အရင်းနှီးဆုံး မိတ်ဆွေတွေက ရန်သူဖြစ်တတ် ကြပါသလား။ တ၀မ်းထဲ ဆင်းခဲ့ ကြတဲ့ ................ညီအကိုမောင် နှမတွေက သူစိမ်းဆန်သွားခဲ့ ကြပါသလား မှားနေတဲ့လမ်းတွေကို လျှောက်ရင် လမ်းကြောင်း မှန်အောင်တည့်ပေးသင့်ပါသလား။ သူ့အပေါ် ကျွန်မထားခဲ့သည့် စေတနာမေတ္တာ တရားဟာ........ ညီအစ်မထက် မသာနိုင်ခဲ့ရင်တောင်.......ထိုထက်လျော့မသွားနိုင်။ သူအသိအမှတ်မပြုနိုင် ခဲ့ရင်တောင်ကျွန်မရဲ့ မေတ္တာ၊ စေတနာတွေကို လျစ်လျှူရူ့မဖြစ်သင့်။ခုတော့ အိအိထွေးတစ်သက်လုံး မွေးခဲ့သည့် ကြက်ကို တစ်မနက်တည်း နှင့်ရိုက်စားပြစ်ရက်သည်။

တက္ကသိုလ် ကျောင်းမှာ ရည်းစားစာလိုက် အပေးခံရတာကို ခေါင်းမဖော်နိုင်အောင် အရှက်ကြီးရှက်နေခဲ့ရ သူက ညဉ့်နက်သန်းခေါင်း ဘယ်ကလာမှန်းမသိတဲ့ ဖုန်းတွေကို လက်ခံစားကားပြောတတ်လာသည်။ "တဟိဟိ............ တခိခိ" အနာဂါတ်အကြောင်း တစ်ခုမှမပါ။ ဟီရိသြတ္တပ္ပ အရှက်အကြောက်တရား ကင်းမဲ့သည့် စကားလုံးတွေ ထဲ၌သာ အရည်ပျော်ဝင်နေခဲ့သည်။ တစ်ဖက်က လည်းပါးစပ်အရသာ၊ နားအရသာခံပြီး။နဖူးကချွေးခြေမကျအောင် မဟုတ်ပေမယ့်ခြေတွေ၊ လက်တွေအကြောဆွဲအောင်လုပ် အားနှင့် ရင်းနှီးကာရလာခဲ့သည့်ပိုက်ဆံတွေကိုလေထဲ မှာအရည်ဖျော် ပြစ်နေကြသည်။ ဖုန်းနံပါတ် တစ်ခုရလျှင် မျောက်လက်ထဲ သေနတ်ထည့် ပေးလိုက်သလို တရပ် စပ်ဆက်နေကြတော့သည်။ နားချိန်မှာနားဖို့ ကျွန်မက ပြောတော့ "နင့်မှာဘာခံစားမူ့မှ မရှိဘူးတဲ့"ကျွန်မခံစားမူ့မဲ့ ခဲ့တာမဟုတ်ပါ။ ခံစားတတ်မူ့တွေကို ဘောင်ခတ်နေခဲ့တာ။

(၃)
တစ်နေ့တော့ဖုန်းတစ်လုံးကနေ နှစ်လုံးဖြစ်လာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲလာတယ်။
ဖားတုလို့ ခရုခုန်ချင်နေတဲ့သူ့ကို ကျွန်မ လက်ပိုက်ကြည့်မနေနိုင်သည့် အဆုံးမှာ........... အိအိထွေးကို အကျိုးသင့် အကြောင်းသင့် ပြောဖို့ဆုံးဖြတ်လိုက်တယ်။

“ဖုန်းကနှစ်လုံးများတောင် ဘယ်တုန်းက၀ယ်လိုက်တာလဲအိအိထွေး”

သိလိုစိတ်ဖြင့် မေးလိုက်မိ၏။ သူနှင့် ကျွန်မစားအတူ၊ သွားအတူရှိခဲ့ကြသည်။ စက်ရုံ(night...shift) နိုက်ရှစ်.........်(morning.shift) မောနင်းရှစ်ခွဲတော့ အိအိထွေးက မောနင်းရှစ်၊ ကျွန်မက နိုက်ရှစ်ထဲ ပါသွားခဲ့သည် သူနှင့်........ ကျွန်မ ပိတ်ရက်ဆုံနို့ဖို့က တစ်ခါတစ်ရံ သာဆုံတတ်ခဲ့ကြသည်။ မောနင်းရှစ်နှင့် နိုက်ရှစ် အကူးအပြောင်း အချိန်တိုလေးအတွင်းမှာအိအိထွေးပြောင်လဲနေခဲ့သည်။

“၀ယ်ထားတာမဟုတ်ဘူး။ ကိုအောင်ကြီးပေးထားတာ”

“ကိုအောင်ကြီးဆိုတာ အေးသင်းတို့အကိုတွေနှင့်ပါလာတဲ့သူလား”

“ဟုတ်တယ်”

ကျွန်မရဲ့မေးခွန်းတွေကိုမနှစ်မြို့မန်းသိသာလွန်းလှသည့်တိုတိုပြတ်ပြတ်အဖြေ။

“ဘာဖြစ်လို့ ယူထားရတာလဲ။ အိအိထွေးရယ်..နင့်မှာလည်းဖုန်းရှိ နေတဲ့ဟာကို”

“သူက စေတနာနဲ့ ပေးတာကို ငြင်းလို့ကောင်းမလား။ ဒီပစ္စည်းလေးယူတာဘာဖြစ်သွားမှာမို့လဲ”

“အေး.. ဘာမှဖြစ်မသွားနိုင်ဘူးဆိုတာ ငါနားလည်ပါတယ်။ စေတနာဆိုတာ တွေကိုလည်း ငါလက်ခံတယ်။ ဒါပေ မယ့် .......နင်သူများဆီက ယူပြီးသွားရင်။ ပြန်ပေးရမယ်ဆိုတဲ့ အသိနင့် ခေါင်းထဲမှာ မဖြစ်မနေ ထည့်ရတော့မယ်။ စေတနာ ဆိုတာလိုအပ်မှလက်ခံ တာပဲကောင်းပါတယ်။ မလိုအပ်ပဲ စေတနာနောက်ကွယ်က အရောင်တွေ ကြား မှာနင်သာယာမိန်းမူးမှာ ဆိုလို့ငါသတိပေးတာပါ။ သူများ နှာခေါင်းပေါက်နှင့် အသက်ရှင်ရတာထက်. ကိုယ့်........ နှာခေါင်းပေါက်နှင့် ရသလောက်ရူရတဲ့ အရသာကိုနင်မက်မောစမ်းပါ။”

ကျွန်မ စကားပင်အဆုံး မသတ်သေး။ ..............အိအိထွေး ဒေါသအရှိန်နှင့် စက်ကနဲ ကျွန်မ မျက်နှာကို လက်ညိုး ငေါက်ငေါက်ထိုးလျှက်။

“မြင့်မြင့်သီ ............နင့်အမြင်ကလေး တစ်ထွာလောက်နဲ့ သူများတွေကို ဘောင်ခတ်ပြီး မကြည့်ပါနဲ့။ နင့်ကို နင်ပဲ ဘောင်ခတ်ထား လို့ရမယ်။ နင့်နဲ့ ငါစိတ်တူကိုယ်တူ ရှိခဲ့ကြတယ်လို့ ထင်ထားတာ။ နင်ကအမြင်တွေ ကျဉ်းမြောင်း ပြီးတစ်ဖက်စွန်းရောက်နေသူ။ငါမှားရင်ငါပဲခံရမှာ နာဘာဝင်ပူပင်စရာမလိုဘူး။”

စေတနာတွေပုလင်းကွဲ လောက်တောင် အရောင်ပြန်မဟပ်ခဲ့။ ကျွန်မရဲ့ စေတနာ၊မေတ္တာတွေကိုသဲထဲသွန်လိုက် ရင်တောင်အရာ ထင်ကျန်ခဲ့အုံးမည်။ ခုမှတွေ့ဖူးသည့် လူတစ်ယောက်၏ စေတနာတွေကို ကိုးကွယ်လို့...... ဘာမှ ၀င်ပူပင်စရာ မလိုအပ်ဘူးဆိုသည့် စကားလုံးတွေကြားမှာ ကျွန်မရဲ့ စေတနာတွေ အချည်းအနှီးဖြစ်ခဲ့ရသည်။ ထို အချိန်ကစလို့ အိအိထွေးနှင့် ကျွန်မကြား ဆက်ဆံရေးတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တယ်။ အိအိထွေး ခြေလှမ်းတွေ အ ရင်ကထက်ပို သွက်လာခဲ့တယ်။ အိအိထွေး ကိစ္စနှင့် ပါတ်သတ်ပြီး ကျွန်မကိုမည်သူမှ အရောတ၀င်မရှိကြ။ ကျွန်မ ကအမြင်ကျဉ်းမြောင်းသူ အရာရာကိုစံချိန်စံညွန်းတွေနှင့် ဘောင်ခတ်ထားချင်သူတဲ့လေ။ ထိုသူတွေထဲက ခိုင်မာ နှင့် ခိုင်ဇာတို့ ညီမနှစ်ယောက် ကတော့အနေအထိုင် အေးဆေးသလို၊ သဘောထားလည်း ပြည့်ဝကြ၏။ ကျွန်မ အပေါ်ငယ်ပေါင်း ကြီးဖော်တွေလို တိုင်ပင်နှီးနှော်ရင်ဖွင့်ခဲ့ကြသည်။ ငယ်ငယ်ကတည်းကလည်ပင်း ဖက်ကာ........ ပေါင်းလာခဲ့သည့် အိအိထွေး ကျွန်မ အနားမှာလစ်ဟာသွားခဲ့ပေမယ့် ကျွန်မသူ့ကိုဥပက္ခာပြုမထားရက်။

“အိအိထွေး ညဘက်တွေ ကိုအောင်ကြီး နင့်ကိုလာခေါ်တယ်ဆို”

“ကိုအောင်ကြီးနှင့် ငါချစ်သူတွေပဲ ဘာထူးဆန်းလို့လဲ”

“အေး..ဟုတ်ပါတယ်။ နင့်နဲ့ သူချစ်သူတွေ ဖြစ်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် နင့်သူ့အကြောင်း ဘယ်လောက် သိထားပြီးပြီလဲ”

“သူ့အကြောင်း ဘာသိစရာလိုလို့လဲ။ မလေးရှားနဲ့ ရန်ကုန်သွားလိုက် လာလိုက်။ ဒီမှာအေးဂျင့်လုပ်နေတယ်”

“ဒီအထက်မပိုတော့ဘူးပေါ့”

“နင်က ဘာတွေသိထားလို့လဲ”

“နင့်ကို အေးသင်းတို့က ပြောပြမထားဘူးလား။ သူ့မှာ ရန်ကုန်မှာမိန်းမရှိတယ်။
ကလေးတွေလည်းရှိတယ်။”

ကျွန်မ သူနာကြင်စေမယ့် စကားလုံးမျိုးတွေ ဖြစ်နိုင်ရင်မပြောချင်ပါ။ မပြော မဖြစ်အခြေအနေမို့ သာပြော လိုက်ရ သည်။ ကျွန်မအပေါ် ဒေါသအငွေ့တွေ... နှင့်ကြည့်ခဲ့ဖူးသည့် အိအိထွေးရဲ့ မျက်လုံးတွေ အရောင်ဖျော့ လာတာကို
တော့သတိထားမိလိုက်သည်။ အတန်ငယ် တိတ်ဆိတ်ငြိမ်သက်နေရာမှ အိအိထွေး စကားဆက်လေတယ်။

“ကိုအောင်ကြီး ကိုငါမေးပြီးပြီ။ သူ့မှာမိန်းမမရှိဘူးလို့ ပြောတယ်။”

“နင့် အရွယ်ကပင်လယ်ထဲမှာ ရေမရှိဘူးဆိုတာကို လိုက်ယုံရမဲ့ ကလေးသူငယ်မှမဟုတ် တော့ပဲ။ သေချာအောင်မေးကြည့်အုံးပေါ့”

ကျွန်မ ထိုသို့သာ ပြောနိုင်ခဲ့သည် ဘူးတစ်လုံး ဆောင်ခြင်းကို ယုံကြည် လွယ်လွန်းခဲ့သည့် သူ့အတွက် ကျွန်မရှေ့ ဆက်စရာမရှိတော့။

(၄)
(night..shift) ဆင်းထားသည်မို့မျက်လုံးတွေကျိန်းစပ်ကာဖန်တွတ်နေခဲ့သည်။ခြေ၊လက်တွေပင်မသယ်ချင်တော့ တစ်ကိုယ်လုံး ကျောက်ချထားသည့်နှယ် လေးလံကာ ခြေလက်ပင် မဆေးနိုင် အိပ်ယာထဲ ခေါင်းတိုးဝင်ကာ အိပ်လိုက်မိတော့သည်။ အရင်နေ့တွေကဆို ထမင်းအိုးလေးတစ်လုံးတည်။ ခြေ၊လက်ဆေးပြီးကာမှ အိပ်ယာဝင်ဖြစ် ခဲ့ သည်။ အိပ်ယာက နိုးမှ ရေချိုး၊ ဘုရားရှင် ခိုးပြီး။ ကြက်ဥလေး တစ်လုံး ကြော်ကာ စားသောက်ပြီးတယ်ဆို စက်ရုံ ဖယ်ရီကား အလာကိုစောင့်ရသည်။ ဒီနေ့တော့စက်ရုံက နေအပြန် ဖယ်ရီကားပေါ် မှာလည်း တစ်လမ်းလုံးလိုက် ပါ ငိုက်မျဉ်းလာခဲ့သည်။ အရင်နေ့တွေကလို စကားပြောဖော် ခိုင်မာတို့ ညီမနှစ်ယောက်ကလည်း ဒီနေ့မှ အလုပ် ကပိတ်သည်။ ခါတိုင်းနေ့တွေထက်ထူးထူးခြားခြား စိတ်တွေလေးလံနေမိသည်။ (night-shift)နိုက်ရှစ်ဆင်းထား လို့နေမှာပါပဲ ဟုဖြေတွေးကာ မှေးကနဲ့အိပ်ပျော်သွားခဲ့သည်။

“မြင့်မြင့်သီ......ဟဲ့......မြင့်မြင့်သီ”

မှေးကနဲ အိပ်ပျော်သွားရုံပဲ ရှိသေးသည်။ အသံတွေကြား နေရပေမယ့် မျက်လုံးတွေက စေးကပ်ပြီးဖွင့်လို့မရ။ ခြေ ထောက်တွေကို ဆွဲလှုပ်ကာ ခေါ်နေမှန်း သိပေမယ့် အိမ်မက် လေလားေ၀၀ါးဝါး။ နောက်တစ်ခွန်း အသံမြင့်ကာ ခေါ်လိုက်မှ..........

“မြင့်မြင့်သီ.............”

မျက်လုံးတွေ ပွတ်သပ်ကာ ထထိုင်လိုက်တော့ ခိုင်မာတို့ ညီမနှစ်ယောက် ကျွန်မ အနားမှာမျက်နှာတွေ ကလည်း မကောင်းကြ။ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထိုင်နေကြသည်။

“အိအိထွေး....ဆေးရုံတင်ထားရတယ်။ ညကအရေးပေါ် တင်လိုက်ရတာ။abortion (အဘော့(ထ်)ရှင်း) ဖြစ်တာ။ သူလုပ်ထားတာကကြာပြီ။ အရှိန်မပျက် အလုပ်ဆင်းနေတော့ အလုပ်ဒဏ်ပါရောသွားတာဖြစ်မယ်။”

ကျွန်မ နားအနား အဏုမြူဗုံး တစ်လုံးကပ်ကာ ခွဲလိုက်သလိုပင်။ နားနှစ်ဖက်ကို လက်နှင့်အုပ်ကာ မယုံနိုင်အောင် ဖြစ်ရသည်။

“ငါ မနက်က အေးသင်း အလုပ်ဆင်းတာမြင်လို့ အိအိထွေး လည်းဆင်းတယ်ထင်တာ”

“အေးဂျင့်က ဘယ်သူမှ အလိုက်မခံဘူး။ အေးသင်းလိုက်မယ် ပြောတာ ဟိုမှာ နက်စ်တွေရှိတယ်မလိုအပ်ဘူးတဲ့”

“အေးသင်း...ကိုအောင်ကြီး ဆီဖုန်းမဆက်ဘူးလား။”

“အေးသင်းပြောတာတော့..ကိုအောင်ကြီး မြန်မာပြည်ပြန်သွားတာကြာပြီတဲ့။ သူ့မိန်းမ ကလေးမီးဖွားမှာ မို့ပြန်သွားတာလို့ပြောတာပဲ။ အေးဂျင့်က ...အိအိထွေး ကိုပြန်ပို့မယ် လို့ပြောတယ်မနက်စောစောက အားလုံးကိုလာဆူသွားတယ်။”

ရသာကိုမှင် ဆင်သေကို စီးပါလို့......အပျော်ကြီးပျော်ခဲ့တဲ့ ကျီးမိုက် ပင်လယ်ပြင်ထဲကမ်းမဲ့ခဲ့ပြီ။ အတန်တန် တားခဲ့ သည့်ကြားက မှားယွင်းစွာ မိုက်ခဲ့သည်။ ဘ၀ အလှည့်အပြောင်းတွေက ရုပ်ရှင် ဇာတ်ကွက်တွေကြည့်နေရ သလို ပင်မြန်ဆန်လွန်းလှသည်။

“ငါတို့ ညီမနှစ်ယောက်လည်း နက်ဖန်နှစ်နာရီ လေယာဉ်နဲ့ မြန်မာပြည်ပြန်ရမယ်”

"ဘာ....ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်ရမှာလဲ"
ကျွန်မ စကားတွေပင်... ပုံမှန်ထွက်မလာတော့။ အမောဆို့နေသည့် လူတစ်ယောက်ကို ရင်ဝ ဆီးကာစောင့် ကန် လိုက်သလိုပင်။

“ငါတို့လည်း မယုံနိုင်အောင်ဖြစ်ရတယ် နှစ်နှစ်ဆက်တိုက် ဆေးစစ်လာခဲ့တာ ပြန်မဲ့နှစ်ကြမှ ဆေးကျတယ်။
သူများတွေကတော့ နိုင်ငံခြားဆိုတာ တစ်ခေါက်လာဖို့ မလွယ်ဘူးတဲ့။ အို(အိုဗာစတေး)ဖို့ ပြောကြတယ်။ ငါတို့မှာကအသိလည်းမရှိဘူး။”

ရုတ်တရက် သူတို့ကိုအားပေးဖို့ စကားလုံးရှာဖွေမရ။ ကျွန်မ ဆွံ့အတိတ်ဆိတ်နေခဲ့သည်။ သူတို့ မျက်နှာတွေမှာ ကျွန်မကို အားကိုးတကြီးနှင့် ကြည့်နေမှန်း အထင်းသားမြင်နေရသည်။

“ငါပြောမဲ့ စကားတွေကို နင်တို့ လက်ခံမှာလား။ လက်ခံမယ်ဆိုရင်တော့ ငါ့မှာနင်တို့ အတွက်စဉ်စားလို့ရမဲ့ အဖြေရှိတယ်။”

“ငါတို့ နင့်စကားကို ဘယ်တုန်းက ငြင်းပယ်ခဲ့ဖူးလို့လဲဟာ။ ဒါကြောင့်နင့်ကိုတိုင်ပင်တာပေါ့”

“ဘ၀မှာ တစ်ခါတစ်ရံ အရှုံးနှင့်ရင်ဆိုင်ရတတ်၏။ ဒါပေမယ့် တစ်သက်လုံး လိပ်ပြာလှုံ၏တဲ့။ ငါတို့.... မိန်းကလေး တွေမှာ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် လုပ်လို့မရဘူး။အို(အိုဗာစတေး) ဆိုရင်လည်း နင်တို့ ညီအစ်မမှာအားကိုစရာ
ညီကိုမောင်နှမလည်းမရှိဘူး။ ရှိခဲ့မယ်ဆိုရင်လည်း တကယ်တမ်း ပြဿနာ ဖြစ်လာခဲ့ရင်လည်းသူတို့တွေ လည်းမ ကယ်နိုင်ဘူး။ နင်တို့ညီအစ်မ မြန်မာပြည်မှာ အိုးမဲ့အိမ်မဲ့မဟုတ်တာ။ အိုမဲ့အိမ်မဲ့ဖြစ်ခဲ့မယ်ဆိုရင်တောင်နင်တို့ ညီ အစ်မမှာခြေ၊လက်နှစ်ဖက် အကောင်းတွေရှိသေးတယ်။ နှစ်ယောက်ပေါင်းရင် ခြေ၊လက်ရှစ်ဖက် ဘ၀ကို လိပ်ပြာ သန့်သန့်နှင့် ဖြတ်သန်းလိုက်စမ်းပါဟာ။ မနက်ဖန်ပြန်ဖို့...........ပြင်ဆင်တော့”

ကျွန်မစ ကားသံတွေ အဆုံးမှာ ခိုင်မာတို့ ညီအစ်မနှစ်ယောက် မျက်နှာတွေ ၀င်းလက်သွားကာ ခေါင်းငြိမ့်အတည်
ပြုခဲ့ကြလေသည်။ ခိုင်မာတို့ ညီအစ်မ နှစ်ယောက်ကို ကြည့်ကာဝမ်းသာ ပီတိ မျက်ရည်စို့ရသည်။ အိအိထွေး..... ကျွန်မရဲ့စေတနာ မေတ္တာတွေကို နားလည်ရင် မည်မျှကောင်းလိုက်မလဲ။ ကျွန်မ ဆက်အိပ် လို့မရတော့ သည်မို့ ခိုင်မာတို့ ညီအစ်မ နှစ်ယောက်ကို ပစ္စည်းတွေ ကူးသိမ်းပေးနေမိသည်။ သူတို့ ညီမနှစ်ယောက် မျက်နှာမှာလည်း စိတ်အားငယ်နေတာတွေမရှိတော့........မိသားစုနှင့်ပြန်တွေ့ရတော့မည့် သူတို့ရဲ့ အပျော်တွေပင်.....ကျွန်မထံကူး စက်လာခဲ့ရသည်။ မြန်မာပြည် ပြန်ဖို့ နှစ်လသာ လိုတော့သည့် ကျွန်မလည်း သူတို့ ညီအစ်မဆီက နေရပ်လိပ်စာ တောင်းထားလိုက်သည်။ ကျွန်မ လိပ်စာကိုလည်း သူတို့ ညီအစ်မကို ပေးကာ အရောက် လာလည်ဖို့ မှာကြားရင်း တစ်ယောက်ကို တစ်ယောက်ဖက်ကာ ငိုမိကြတော့သည်။

ညနေ ၆နာရီထိုးပြီမို့.................နိုက်ရှစ ပြန်ဝင် ဖို့အတွက်ပြင်ဆင်ရတော့သည်။ ညစာကို(canteen) ကဲန်တင်းန် မှာပဲ တစ်ခုခုဝယ်စားလိုက်တော့ မည်ဟုဆုံးဖြတ်ကာ............အ၀တ်အစားလဲပြီး စက်ရုံ ဖယ်ရီကား မလာခင် အ ဆောင်နောက်ဖေးဆီထွက်ကာ.......ညနေခင်းရဲ့ လတ်ဆတ်သော လေနုအေးလေးကို .....................အားပါးတရ ရူရှိုက်ရင်း ဆီအုန်းတောထက်ဆီက ပျံသန်းနေကြတဲ့ သင်းကွဲငှက် တွေကိုကြည့်ကာ ......................သင်းကွဲငှက် ကလေးတွေ မုန်းတိုင်းဒဏ်မ ကင်းဝေးကာ...........အပြစ်အနာဆာမဲ့ ချစ်သော မိသားစုတွေနှင့် ပြန်လည် ဆုံစည်း နိုင်ကြပါစေလို့..............................ကျွန်မ တိတ်တိတ်လေး ဆုတောင်းပေးနေမိတော့တယ်။


***********************@@@@@@@@**************************
အမှာ......ဤ၀တ္ထုလေးကိုရေးသားခဲ့ခြင်းမှာ..မည်သူ့အားမျှထိခိုက်နစ်နာစေလိုသောစိတ်ဆန္ဒဖြင့်ရေးသားခဲ့
သည်မဟုတ်ပါ။
***********************@@@@@@@@@******************


မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, July 14, 2010

အပြင်းစား....အော်ချက်

"Thank You" ခင်ဗျားကမ္ဘာနဲ့ချီပြီး

သံယောင်မလိုက်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်အဓိပ္ပာယ်မဲ့သွားခဲ့တာကြာပြီ။

"အချစ်" ခင်ဗျားမျက်နှာဖုံးတွေတပ်လို့

စွတ်စွတ်မပြောနဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်လူရာမ၀င်ခဲ့တာကြာခဲ့ပြီ။

"သတိရခြင်းလား" ခင်ဗျားလျှာအရိုးမရှိတိုင်း

ခပ်ဖွဖွမပြောနဲ့ အဲဒီစကားလုံးတွေ

ကျနော်ထွေးထုတ်ခဲ့တာကြာခဲ့ပြီ။

"လွမ်းမိသတဲ့လား" ခင်ဗျားဟန်ဆောင်အပြုံးနဲ့

မကျီစယ်ချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော်အန်ထုတ်ခဲ့တာကြာခဲ့ပြီ။

"မျှော်လင့်ခြင်း" ခင်ဗျားရင်ဘတ်ကို

နွားဖားကြိုးမထိုးချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်ရင်ဘတ်ပေါက်နဲ့မျိုချနေခဲ့ရတာကြာခဲ့ပြီ။

"သစ္စာတရား" ခင်ဗျားမွဲပြာပုဆိုးကို

အရောင်မတင်ချင်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်အတွက်အရောင်မဲ့ခဲ့တာကြာခဲ့ပြီ။

"မေတ္တာတရား" ခင်ဗျားအပူရုပ်ကို

ဟန်မလုပ်နဲ့ အဲဒီစကားလုံးတွေ

ကျနော့်ရပ်ဝန်းထဲမိုးခေါင်သွားခဲ့တာကြာခဲ့ပြီ။


*********************@@@@@@@***************
နုနုညံ့ညံ့မရှိသည့်ကျွန်မ၏ပြင်းရှရှကဗျာတစ်ပုဒ်ဘာရယ်မဟုတ်
လွတ်လွတ်လပ်လပ်ပြင်းရှရှထွက်ပေါက်ပေးကြည့်တာပါ။
********************@@@@@@****************
မေတ္တာအားဖြင့်
ခိုင်နုငယ်

Monday, July 12, 2010

အချစ်၏နိယာမ

တစ်ဖက်သတ်အချစ်ဆိုပြီးအချစ်နှင့်ပါတ်သတ်လာသည့်အကြောင်းအရာကိုရေးပေးဖို့ကိုညအလင်္ကာကတက်ဂ်
(Tag)လုပ်ပါသည်။လို့ဆိုလာတော့။ကျွန်မတွေတွေဝေေ၀ထူပူကလေးဖြစ်သွားမိတယ်။.......ဟုတ်တယ်လေဘာ
ကြောင့်လဲဆိုကျွန်မ"အချစ်နှင့်အကျွမ်းတ၀င်ရှိမနေခဲ့ဖူးလို့ပါပဲ။"အချစ်နှင့်အကျွမ်းတ၀င်"ဆိုသည့်နေရာမှာကျွန်မ
အချစ်ကိုနက်နက်နဲနဲထဲထဲဝင်ဝင်အချစ်၏နိယာမကိုသိမထားသေးလို့ပါပဲ။

အချစ်နှင့်အကျွမ်းတ၀င်ရှိမနေခဲ့ဘူးလို့ဆိုထားသည်မို့ကျွန်မသည်မချစ်တတ်သူတေမိလေလားလို့အထင်မမှားစေ
လိုပါ။"အချစ်ကို"အမေ့ရင်တွင်းနှလုံးသားထဲကနေမွေးဖွားလာကတည်းကအူဝဲဆိုသောသံစဉ်နှင့်အတူအချစ်ကိုဆုပ်
ကိုင်မိလျှက်သားဖြစ်ပါလိမ့်မယ်။ဒါကြောင့်ကျွန်မသည်ချစ်စရာရောင်စုံပန်းပွင့်ကလေးတွေကိုမြင်ရင်လည်းချစ်တတ်
ပါတယ်။ရောင်စုံခဲတံလေးတွေ၊ရောင်စုံဘော့လ်ပင်ကလေးတွေ၊ရောင်စုံမျက်နှာဖုံးနဲ့မှတ်စုစာအုပ်လေးတွေကိုမြင်ရင်
လည်းချစ်တတ်ပါတယ်။

လူတွေအချစ်ကိုမည်သို့အကျွမ်းတ၀င်ရှိပြီး။မည်သို့သဘောထားသည်ဆိုတာကိုလည်းကျွန်မမလေ့လာခဲ့၍သိနေနိုင်
မည်မဟုတ်ပါ။အချစ်ဆိုတာကျွန်မထင်တာတွေထက်ပို၍နားလည်ရခတ်စေသလို၊သိမ်မွေ့နက်နဲလှပါတယ်။ဒါကြောင့်
..ကျွန်မဆိုလိုချင်တဲ့အချစ်ရဲ့အရသာတွေကလည်းခါးသက်ကောင်းခါးသက်နေနိုင်ပါတယ်။.......တိတ်တခိုးနှင့်ချစ်ရပါ
သောတဖက်သတ်အချစ်လို့လူအများပြောနေတာ၊သုံးနေတာရှိပါတယ်။"တိတ်တခိုးနှင့်တစ်ဖက်သတ်"ဒီဝေါဟာရနှစ်ခု
ဟာအဓိပ္ပာယ်တွေတူသယောင်ရှိပေမယ့်။သူတို့လေးနက်မူ့တွေနည်းနည်းလေးကွာမယ်လို့ကျွန်မထင်တယ်။(ဒါကလည်း
ကျွန်မအမြင်သက်သက်ပါကွဲလွဲကောင်းကွဲလွဲနိုင်ပါတယ်။)

တစ်ဖက်သတ်အချစ်ဆိုတာတစ်ဖက်ကိုလည်းပူလောင်စေသလို၊ကိုယ့်ကိုကိုလည်းပူလောင်စေတယ်။.......ကိုယ်ချစ်မြတ်
နိုးနေသူတစ်ယောက်ကိုကိုယ့်ဘက်ကချစ်မိနေတယ်ဆိုတာသိဖို့တစ်နည်းတစ်ဖုံသွယ်ကာဝိုက်ကာသိနိုင်ဖို့ကြိုးစားနေရ
တာအတော့်ကိုစိတ်မသက်မသာဖြစ်ရတဲ့အလုပ်။တစ်ဖက်ကလည်းဒါကိုရိပ်မိတယ်။မသိချင်ယောင်ဆောင်နေတယ်။တစ်
နည်းအားဖြင့်ပြောရရင်ဥပေက္ခာပြုနေတယ်ဆိုရင်ကိုယ်တိုင်လောင်းကျွမ်းရသလို။တစ်ဖက်လူကလည်းမနှစ်သက်သည့်
အတွက်ပူလောင်းရပါတယ်။

တိတ်တခိုးအချစ်ကြတော့ကိုယ်ချစ်မြတ်နိုးမိသူရဲ့အကြည့်လေးတစ်ချက်၊အပြုံးလေးတစ်အပွင့်၊သူ့ရဲ့အငွေ့အသက်လေးနဲ့
တင်ကျေနပ်နေမိတာ။သူသိဖို့မလိုအပ်ဖူးဆိုတာထက်..သူသိသွားရင်သူ့ရဲ့စိတ်မှာကိုယ့်အတွက်နဲ့အဖုအထစ်လေးဖြစ်မှာစိုး
မိတာ။"အုန်ပုန်းချစ်နဲ့ချစ်ရတာရယ်လင်မယားအချစ်တစ်သက်လုံးလိုက်လို့မမှီပါတယ်။"တဲ့ကျွန်မကဒီလိုလေးပြန်ဆိုကြည့်
ချင်ပါတယ်"တိတ်တခိုးအချစ်နဲ့ချစ်ရတာရယ်.....လင်မယားအချစ်တစ်သက်လုံးလိုက်လို့မမှီပါတယ်လို့။(အထူးသဖြင့်.........
ဒီလိုခံစားမူ့မျိုးတွေကရာခိုင်နှုန်းနဲ့ပြရင်မိန်းကလေးတွေဘက်ကဖြစ်တတ်တာများပါတယ်။)......................ဟုတ်တယ်လေ
ဘာကြောင့်လဲဆိုယောကျာ်းလေးတစ်ယောက်ကကိုယ်ချစ်မြတ်နိုးသဘောကျမိနေတဲ့မိန်းကလေးတစ်ယောက်ကိုအခြေအ
နေတစ်ခုမှာအခွင့်အရေးသာလို့ချစ်မိနေကြောင်းဖွင့်ပြောဖို့အခွင့်အရေးသာပေမယ့်။အချစ်ကိုဘ၀တစ်ခုလိုတန်ဖိုးထားနေ
ရတဲ့မိန်းကလေးတစ်ယောက်အဖို့ကိုယ်နှစ်သက်သဘောကျမိနေတဲ့ယောကျာ်းလေးတစ်ယောက်ကိုကိုရီးယားဇာတ်လမ်း
တွေထဲကလို"ရှင့်ကို.........ချစ်မိနေတယ်"လို့အခွင့်အရေးသာခဲ့မယ်ဆိုရင်တောင်ဖွင့်ပြောမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆို
သူဟာမြန်မာမိန်းကလေးတစ်ယောက်ဖြစ်နေလို့ပါပဲ။(ချွင်းချက်..ဖွင့်ပြောတတ်တဲ့မိန်းကလေးတွေရှိတော့ရှိမယ်..
ရှားပါတယ်။)

"တစ်စုံတစ်ယောက်ကိုချစ်မြတ်နိုးတဲ့အရသာဟာလောကကြီးမှာကြည်နူးမိန်းမူးစရာအကောင်းဆုံးပါပဲ။တစ်စုံတစ်ယောက်
ကိုချစ်မြတ်နိုးစိတ်နဲ့လောကကြီးကိုကြည့်မိတဲ့အခါကမ္ဘာလောကကြီးတစ်ခုလုံးမှာပွင့်ကြကုန်သမျှပန်းပွင့်တွေဟာလှပကုန်
ကြပါတယ်။ပင်လယ်ပြင်လည်းလှ၊တောင်းတန်းတွေလည်းလှ၊တိမ်တွေလည်းလှ၊ဘောလုံးကစားနေတဲ့ကလေးတွေလည်းလှ
၊လမ်းဖြတ်ကူးနေတဲ့လူတွေလည်းလှအားလုံးပဲလှနေကြ။သိမ်မွေ့နုညံ့နေကြပါတယ်။အလှဆုံးအရာလောကမှာရှိကြတယ်။အ
လှဆုံးအရာတွေကတော့ကိုယ့်ချစ်သူနဲ့ထိလိုက်တဲ့အရာတွေပဲဖြစ်လိမ့်မယ်။အချစ်ဟာလူကိုတစ်ခဏချင်းမှာအေးစေနွေးစေ
နိုင်၊တစ်ခဏချင်းမှာပူလောင်စေနိုင်၊တစ်ခဏချင်းမှာရဲဝင့်စေနိုင်၊တစ်ခဏချင်းမှာစိုးရိမ်ထိတ်လန့်စေနိုင်။အချစ်ဟာသူ့နေ
ရာနှင့်သူတော့တော်တော်စွမ်းအားကြီးမားပါသတဲ့။"ဆရာမဂျူးက"လကိုဖမ်းဖို့ပိုက်ကွန်ရက်ရအောင်"မှာအဲသလိုဆိုထားပါ
တယ်။ဟုတ်ပါတယ်အချစ်ဆိုတာ..ခံစားတတ်တဲ့လူတွေရဲ့အပေါ်မှာမူတည်ပြီးခေါင်းစဉ်အမျိုးမျိုးနဲ့စွမ်းအားတွေကြီးမားနေ
နိုင်သလို၊ခေါင်းစဉ်အမျိုးမျိုးနဲ့ကွဲလွဲစွါတည်ရှိနေအုံးမှာပါပဲ။

ဒါ့အပြင်"၅၂၈"နဲ့"၁၅၀၀"ချစ်ခြင်းမေတ္တာဂဏန်းလေးတွေစတင်ဖြစ်တည်လာပုံနှင့်အချစ်အမျိုးမျိုးဆိုပြီးဆရာမဂျူးက........
ခွဲခြားပြထားလေးတွေလည်းရှိပါတယ်။......ကဲဆရာမဂျူးချပြထားတာလေးတွေကြည့်လိုက်ရအောင်နှော်ကမ္ဘာပေါ်မှာလူ
သားသန်းပေါင်းခြောက်ထောင်ရှိနိုင်ရင်အချစ်ကတော့ခြောက်မျိုးလောက်ပဲရှိနေနိုင်သတဲ့။အခြေအနေနဲ့အချိန်အခါကိုလိုက
်ပြီးလူသားတစ်ယောက်ဟာအချစ်အမျိုးမျိုးကိုပြုမူဖန်တီးမိနေတတ်ပါတယ်။ကိုယ်ကသတိထားလိုက်မိသည်ဖြစ်စေ၊သတိမ
ထားလိုက်မိသည်ဖြစ်စေပေါ့။
၁။ မိခင်အချစ် သို့မဟုတ် ကြင်နာသော အချစ်
( Motherly love or Tender love )
၂။ ကိုယ့်ကိုယ်ကို ချစ်သောအချစ် ( Self- love)
၃။ ဘ၀ကို ချစ်သောအချစ် ( Love of life)
၎။ ညီအကိုစိတ် သို့မဟုတ် ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်သော အချစ် (Brotherly love)
၅။ ဘုရားကို ချစ်သောအချစ် ( Love of God)
၆။ ကိလေသာအချစ် သို့မဟုတ် ပေါင်းစပ်သောအချစ် ( Passionate live or Erotic love )
အဲသလိုဆရာမဂျူးကအချစ်ကိုခြောက်မျိုးခွဲခြားပြထားသည့်ထဲမှာကျွန်မကကမ္ဘာပေါ်မှာလူဦးရေတိုးတက်လာနဲ့အညီ
နောက်တစ်မျိုးထပ်ထည့်ကြည့်ချင်ပါတယ်။(famil...love)မိသားစုအချစ်လို့ထပ်ပြီးဖြည့်ချင်ပါတယ်။ဘာကြောင့်လဲဆို
ယနေ့ကျွန်မတို့လူငယ်တွေကြားမှာပရဟိတစိတ်ဓါတ်လေးတွေရှိလာလို့ပါပဲ။ပရဟိတစိတ်ဆိုတာ..မိသားစုအချစ်၊မိသား
စုဆိုတဲ့စိတ်ဓါတ်အခြေခံ့ရှိမှဖြစ်တည်လာတာမဟုတ်လား။

"လူတစ်ယောက်ဟာအဲဒီအချစ်အမျိုးမျိုးထဲကတစ်ခုမဟုတ်တစ်ခုနဲ့တစ်ယောက်ယောက်ကိုလောကကြီးကိုချစ်ခင်နှောင်ဖွဲ့
နေမိတတ်ပါတယ်။ဒါကလူမှုအဖွဲ့အစည်းကသတ်မှတ်ထားတဲ့၊ကြုံကြိုက်ထားတဲ့၊တွေ့ထားတဲ့သဘာဝအချစ်တွေလို့ဆိုရမှာ
ပါပဲ။ဒီနေရာမှာဗုဒ္ဓမြတ်စွာဘုရားရဲ့ဗုဒ္ဓသာသနာတရားတော်မှာတော့အချစ်ကိုအမျိုးအစားခွဲခြားတဲ့နေရာမှာအချစ်နဲ့မေတ္တာ
ရယ်လို့နှစ်မျိုးခွဲထားတာတွေ့ရပါတယ်။သာမန်လူသားတွေသာမာန်အချိန်မှာတစ်စုံတစ်ယောက်အပေါ်ထားတဲ့စိတ်သဘာဝ
ကိုအချစ်အဖြစ်ယူဆထားတယ်။နောက်ပြီးတရားကျင့်ကြံအားထုတ်နေတဲ့သူတော်စင်သူတော်မြတ်တွေနဲ့ရဟန္တာပုဂ္ဂိုလ်၊
ဘုရားရှင်စသည်တို့ရဲ့လောကအပေါ်ထားတဲ့ဝေမျှမှုစိတ်သဘာဝကိုမေတ္တာအဖြစ်ယူဆထားတယ်။လူတွေပြောပြောနေတဲ့
တစ်ထောင့်ငါးရာမေတ္တာနဲ့ငါးရာနှစ်ဆယ်ရှစ်မေတ္တာတို့ပါပဲ။တစ်ထောင့်ငါးရာမေတ္တာဆိုတဲ့အသုံးအနှုန်းကိုမှန်မှန်ကန်ကန်
သုံးမယ်ဆိုရင်တစ်ထောင့်ငါးရာအချစ်စိတ်သဘာဝလို့သုံးနိုင်မယ်ထင်ပါတယ်။တစ်ထောင့်ငါးရာကိလေသာလို့လည်းခေါ်
တတ်ကြပါတယ်။

ကိလေသာဆယ်ပါးကိုအခြေခံထားတဲ့ပုထုဇဉ်စိတ်လို့ဆိုရမှာပေါ့။အဲဒီအချစ်နှစ်မျိုးရဲ့ဂဏန်းအရေအတွက်ဟာအနည်း
ငယ်ထူးဆန်းနေသယောင်ရှိတယ်။ အဲဒီ ၁၅၀၀ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လိုရသလဲ။

၁။ တစ်ထောင့်ငါးရာ ကိလေသာစိတ်သဘာဝ
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ်တွေ ကတော့ လောဘလို့ခေါ်တဲ့ အာရုံ၌ကပ်ငြိခြင်း(တပ်မက်ခြင်း) ဒေါသဆိုတဲ့ ကြမ်းတမ်းခြင်း၊ သည်းမခံနိုင်ခြင်း၊ မောဟဆိုတဲ့အာရုံ၏ သဘောကိုဖုံးလွှမ်းခြင်း (တွေဝေခြင်း) မာနဆိုတဲ့ထောင်လွှားခြင်း၊ ဒိဋ္ဌိဆိုတဲ့ မှားသောနှလုံးသွင်းခြင်း(အယူ)၊ ၀ိစိကိစ္ဆာ ဆိုတဲ့ အာရုံကိုမဆုံးဖြတ်နိုင်ခြင်း၊ ထိနဆိုတဲ့ စိတ်၏မခန့်ခြင်း၊ ငိုက်မြည်းခြင်း၊ ဥဒ္ဒစ္စဆိုတဲ့ စိတ်၏မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း၊ အဟီရိကဆိုတဲ့ ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း၊ အနောတ္တပဆိုတဲ့ ကယဒုစရိုက်ပြုရခြင်း၌မလန့်ခြင်း တို့ဖြစ်တယ်။
အဲဒီက်လေသာ(၁၀)ပါးနဲ့ ရုပ်စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက လက္ခဏာရုပ်(၄)ခု၊ နိပ္ပန္နရုပ် (၁၈)ခု၊ နာမ် ၅၃ ပါး အဲဒါတွေရဲ့ အစုအပေါင်းပေါ့။ ပေါင်းလိုက်ရင် ၇၅ ရပါတယ်။ အဲဒီ ၇၅ ကို ၁၀နဲ့မြှောက်တော့ ၇၅၀ ။အဲဒီမှာမှ အဇ္ဈတ္တသဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့အတွက် ၂ နဲ့ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ ဒါကို ၁၅၀၀ ကိလေသာလို့ခေါ်တာပါ။

၂။ ၅၂၈ မေတ္တာသဘာဝ
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။
မေတ္တာပို့တဲ့နေရာမှာ ပုဂ္ဂိုလ် (၁၂)ယောက်ကိုပို့ပါတယ်။ အဲဒါတွေကတော့ သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ သဗ္ဗေဣိထိယော၊ သဗ္ဗေပုရိသ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေ၀ါ၊ သဗ္ဗေမနုသာ၊ သဗ္ဗေ၀ိနိပါနိကာ တို့ပဲ ဖြစ်ပါတယ်။ အဲဒီပုဂ္ဂိုလ် ၁၂ ပါးကို မေတ္တာ ၄ ပါးပို့တယ်။ အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု...တဲ့။ ဒီတော့ ၁၂ ပါးနဲ့ ၄ ပါးမြှောက်လိုက်တဲ့အခါ ၄၈ ပါးရတယ်။ ဒါက အရပ်မျက်နှာ အရှေ့အနောက်ကို မရည်မှန်းပဲ ပို့တဲ့ “အနောဒိတ္တာ” မေတ္တာ အပါးခေါ်တာပေါ့။ အဲဒါကိုမှ ထပ်ပီး အရပ်မျက်နှာတွေနဲ့ခွဲပြီး ပို့လိုက်မယ်ဆိုပါတော့။ အရပ် ၁၀မျက်နှာရှိပါတယ်။ အရှေ့၊အနောက်၊တောင်၊ မြောက်၊ ခေါ်တဲ့လေးမျက်နှာ၊ အရှေ့တောင်၊ အနောက်မြောက်၊ အရှေ့မြောက်၊ အနောက်တောင်ဆိုတဲ့ ထောင့် ၄ မျက်နှာ၊ အထက်နဲ့ အောက် ၂ မျက်နှာ ၊အားလုံးပေါင်း အရပ် ၁၀ မျက်နှာပါ။ ဒီလိုအရပ်မျက်နှာ ရည်မှန်းမှု ၁၀ ခုနဲ့စောစောက ၄၈ ကိုမြှောက်လိုက်တော့ ၄၈၀ ရပါတယ်။ အဲဒီ ၄၈၀ ကိုမှ မရည်မှန်းဘဲပို့တဲ့ ၄၈ ပါးကို ထပ်ပေါင်းကြည့်လိုက်တော့ ၅၂၈ ရယ်လို့ ရလာပါတယ်။ အဲဒါ ၅၂၈ သွယ်မေတ္တာလို့ ခေါ်ပါတယ်။

အဲဒီလိုအတိအကျစစ်ပြီးသိခဲ့ပြီးပြီဆိုရင်တစ်စုံတစ်ယောက်ကိုချစ်တဲ့ကိုယ့်အချစ်ဟာ၁၅၀၀ထဲမှာပါသလား၊၅၂၈ထဲမှာပါ
သလား။အမှန်အကန်သိမြင်နိုင်ပြီပေါ့။ကိလေသာကိုမလွတ်ကင်းနိုင်တဲ့သာမန်ပုထုဇဉ်ပုဂ္ဂိုလ်တွေအနေနဲ့တစ်ယောက်က
တစ်ယောက်ကိုချစ်တယ်၊ခင်မင်တယ်ဆိုတဲ့နေရာမှာ၁၅၀၀အချစ်တွေဖြစ်နေတဲ့အချိန်ကများပါတယ်။တစ်ခါတစ်လေမှာ
မိဘကသားသမီးကိုချစ်တာတောင်ငါ့သားလေးဟဲ့၊ငါ့သမီးလေးဟဲ့လို့လောဘနဲ့စိုးရိမ်ပူပန်စွာတွယ်ငြိမှုပါဝင်နေခဲ့ရင်၁၅၀၀
အချစ်ထဲကိုဝင်သွားတတ်ပါတယ်။၅၂၈သွယ်သောမေတ္တာကိုဖြူစင်စွာထားဖို့ဆိုတာအင်မတန်ခဲယဉ်းတာပါ။ဒါ့ကြောင့်၅၂၈
ရဲ့တကယ့်စစ်မှန်တဲ့မေတ္တာသဘာဝကိုမြတ်စွာဘုရားကတပည့်သာဝကတွေရဟန်းတွေအပေါ်ထားတဲ့မေတ္တာမှာပဲတွေ့ရ
တယ်လို့ပိုပိုကဲကဲကလေးပြောနိုင်ပါတယ်။

ဟုတ်တယ်လေ။တစ်စုံတစ်ယောက်ကတစ်စုံတစ်ယောက်ကိုချစ်လို့သံယောဇဉ်ရှိလို့သူတစ်ပါးထက်တော်စေချင်တတ်စေ
ချင်ပြီဆိုရင်တောင်အဲဒီအချိန်မှာလောဘကလေးပါနေပြီပဲ။ဒါဟာပုဂ္ဂိုလ်၁၂ပါးလုံးကိုမေတ္တာထားတဲ့သဘောမျိုးမှမဟုတ်ဘဲ။
ဒီတော၅၂၈လို့ပေါ့ပေါ့တန်တန်သုံးနေကြတဲ့အသုံးကိုနည်းနည်းတော့အလေးထားပြီးရှောင်နိုင်ရင်ကောင်းမှာပဲ။ဗုဒ္ဓဘာသာ
ရဲ့အချစ်အမျိုးအစားနဲ့မဟုတ်ဘဲလောကလူမှုအသိုက်အမြုံကရတဲ့စံနဲ့ဖွဲ့ထားတဲ့အချစ်အမျိုးအစား၆ခုကိုဘဲထည့်စဉ်းစားမယ်
ဆိုပါစို့။

Motherly..love မိခင်အချစ်ဟာအကြင်နာနဲ့ဖွဲ့စည်းထားတဲ့အချစ်ဖြစ်တယ်။မိခင်ကကိုယ့်သားသမီးအပေါ်ထားတဲ့အချစ်မျိုးကိုခေါ်တယ်။
ဒီနေရာမှာအမျိုးသမီးတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုကြင်နာစိတ်နဲ့အစစအရာရာဖေးမကာကွယ်ပေးပြုစုပေးချင်
တဲ့စိတ်နဲ့ချစ်မယ်ဆိုရင်အဲဒီအချစ်ကိုမိခင်ကဲ့သို့အချစ်လို့သတ်မှတ်ပေးနိုင်ပါတယ်။လောကမှာအဆန်းကြယ်ဆုံး၊အံ့သြရဆုံး
လေးစားထိုက်ဆုံးအချစ်ဟာမိခင်အချစ်ပဲဖြစ်ပါတယ်.မိခင်အချစ်လို့ခေါ်တဲ့အတိုင်းမိခင်ကကိုယ့်သားသမီးအပေါ်မှာသာ
ထားနိုင်မဲ့ကြီးမားတဲ့အကြင်နာနဲ့စွန့်စားမှုအနစ်နာခံမှုတွေပါ။တော်ရုံတန်ရုံလူတစ်ယောက်ကကိုယ့်ချစ်ရသူကိုမိခင်ကဲ့သို့
စွန့်လွှတ်အနစ်နာခံချစ်နိုင်လိမ့်မယ်မဟုတ်ပါဘူး။မိခင်အချစ်ကိုရှင်းပြဖို့ဥပမာတွေဟာအများကြီးပါပဲ။ဒါပေမဲ့ပြောပြစရာမ
လိုဘူးထင်ပါတယ်။ဘာကြောင့်လဲဆိုတော့လူတိုင်းလူတိုင်းဟာကိုယ့်အချစ်ကိုသာရေရေရာရာမသိရင်ရှိမယ်။မိခင်ရဲ့အချစ်
ကိုတော့နားအလည်ဆုံး၊အရင်းနှီးဆုံးဖြစ်နေမှာမို့ပါပဲ။

ဒီတော့အချစ်အမျိုးမျိုးထဲကလူတိုင်းတွေ့ကြုံရတဲ့နားလည်ရလည်းခက်တဲ့(Passionate....love)ကိလေသာအချစ်ကိုစိတ်
ဝင်စားစရာအကောင်းဆုံးအဖြစ်ရွေးလိုက်ကြရအောင်လား။"ဆရာမဂျူးအဲသလိုလေးဆိုထားပါတယ်။.......ဟုတ်ပါတယ်
ကျွန်မတို့တွေကြုံတွေ့ရအုံးမယ့်၊တွေ့ကြုံနေရတဲ့နားလည်ရခတ်တဲ့(Passionate....love)ကိလေသာအချစ်ကိုပဲ..........စိတ်
ဝင်စားစရာအကောင်းဆုံးအဖြစ်ရွေးချယ်မိနေကြအုံးပါပဲ။အချစ်၏နိယာမတွေနဲ့ပါတ်သတ်ပြီးအကျယ်တ၀င့်ချပြထားတဲ့
ဆရာမဂျူး၏လကိုဖမ်းဖို့ပိုက်ကွန်ရက်ရအောင်ကိုပုဂ္ဂိုလ်ဆွဲမရှိသူများဒီနေရာလေးမှာသွားရောက်ဖတ်နိုင်ပါတယ်။


***************************************@@@@@@***************************
နောက်ဆက်တွဲအမှာ.....ပိုက်ဆံရှိလို့ကိုယ်တိုင်ထုတ်ဝေနိုင်လို့စာရေးဆရာတစ်ယောက်ဖြစ်ချင်ဖြစ်နိုင်ပေမယ့်၊စာရေးဆရာ
ကောင်းတစ်
ယောက်ဖြစ်ဖို့မလွယ်ကူပါ။စာရေးဆရာကောင်းတစ်ယောက်ဖြစ်ဖို့ကိုယ်ရေးလိုက်တဲ့စာတစ်ကြောင်းဆောင်းပါး
တစ်ပုဒ်ကိုစာဖတ်သူမြင်
သာအောင်ဆွဲခေါ်နိုင်ဖို့ဆိုတာပင်ကိုပါရမီအခံလည်းရှိနေမှကိုယ်တိုင်၏လေ့လာအားထုတ်မူ့လည်းရှိ
မှသာလျှင်စာရေးဆရာကောင်းဖြစ်
နိုင်ပါ၏။
ထိုနည်းတူစွာပဲ..အကောင့်တစ်ခုရှိရုံမျှဖြင့်ဘလော့ပ်(Blogger)တစ်ယောက်ဖြစ်ချင်ဖြစ်နိုင်ပေမယ့်..စာရေးကောင်းသူ
ဘလော့ပ်ဂါတစ်
ယောက်ဖြစ်ဖို့မလွယ်ကူနိုင်ပါ။ကျွန်မသည်လည်းစာရေးကောင်းသူဘလော့ပ်ဂါထဲမှာပါမနေသည့်အတွက်
.
ကိုညအလင်္ကာ(Tag)တက်ဂ်လာသည့်"တစ်ဖက်သတ်အချစ်"ဆိုသည့်ခေါင်းစဉ်ဖြင့်ချမရေးတတ်သည်မို့..ခေါင်းစဉ်ပြောင်း
ကာရေးလိုက်သည့်ဒီပို့စ်
လေးနှင့်ကျေနပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။
************************@@@@@@@@@@**************************************

မေတ္တာအားဖြင့်
ခိုင်နုငယ်