အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 8, 2010

တိမ်ညိုကင်း၍ လမင်းသာသောနေ့

ညင်းသွဲ့သွဲ့လေပြေလေညင်းနှင့်အတူအလင်းတစ်ချို့ ဖွင့်ထားသောပြတင်းတံခါးဆီမှ ကျော်လွှာ၍အိပ်ခန်းဆောင်လေးဆီသို

တိုးဝင်နေကြသည်။ အိပ်ယာထက်ဆီကကျွန်မ အလင်းတို့ဦးတည်လာရာဆီသို့ပြတင်းတံခါးမှတဆင့်လှမ်းမျှော်ကြည့်လိုက်တော့

ကောင်းကင်တစ်ခုလုံးတိမ်ညိုတိမ်ညစ်တို့ကင်းစင်၍ ညမဟူရာကို နယုန်လပြည့်ရဲ့လမင်းကြီးက အလင်းတို့ဖြန့်ကျဲနေသည်မှာ

ကြည်နူးစရာပေ။

ခေတ်စနစ်တွေပြောင်းလဲလို့သက္ကရာဇ်တို့အိုဟောင်းခဲ့ပေမယ့် အာကာထက်ဆီက လမင်းကြီးကတော့ပကတိပြောင်းလဲခြင်းအသွင်မရှိ

သတ္တလောကကြီးကို အေးမြခြင်းအလင်းရောင်တို့ဖြင့်ဖြန့်ကျဲလျှက်ပင်။

တစ်ချိန်က လမင်းရဲ့အေးမြခြင်းအလင်းရောင်ကို အတွင်းအဇ္ဈတ္တ၌တိမ်ညိုတိမ်ညစ်တို့ဖုံးလွမ်းစဉ်ကမမြင်နိုင်ခဲ့သည်

မြင်အောင်မကြည့်နိုင်ခဲ့သည့် အတိတ်ဆီသို့ ခပ်ပါးပါးတိုက်ခတ်သွားသောလေပြေနုလေးတွေနှင့်အတူ တရွေ့ရွေ့

သွားနေမိတော့သည်။

*****************

ဆောင်းအကုန်နွေအကူး ဟေမာန်ဆောင်းညတစ်ညရဲ့ ညဉ့်ယံလယ်မှာညိုလတ်ဆိုတဲ့ကျွန်မ

လူ့လောကထဲကိုခြေဆန့်လို့ အလတ်ဆိုတဲ့ပညတ်ချက်တွေနှင့်အတူကြီးပြင်းခဲ့ပါတယ်။

အလတ်ထိုပဥာတ်( ပညတ်)ချက်တွေကိုကျွန်မလက်မခံချင်ခဲ့ အလတ်ဆိုတဲ့နေရာကိုခါးသီးလွန်းခဲ့သူ.

ထိုအလတ်ဆိုတဲ့ပဥာတ်(ပညတ်ချက်)ဟာ ကျွန်မအတွက်မေတ္တာတွေလစ်လပ်နေသလိုခံစားနေမိခြင်းကြောင့်

မနှစ်သက်ခဲ့ ထို့အတူ ကျွန်မအလိုချင်ဆုံး အတပ်မက်ဆုံး အဖေနှင့်အမေရဲ့ ချစ်ခြင်းမေတ္တာဟာ အလတ်ဆိုတဲ့နာမ်စားနဲ့အတူ

ကျွန်မအပေါ်လစ်ဟာနေသလိုခဲ့စားနေမိသည်။

အဖေနှင့်အမေ အမဖြူလတ်ကို ကိုယ်ဝန်ဆောင်သည့် အချိန်ကစလို့ သားဦးယောကျာ်းလေးကို အရူးအမူးလိုချင်နေကြသည်။

သို့သော်အမေတို့ဆန္ဒမပြည့်ဝခဲ့ကြ။အမဖြူလတ်ကို မွေးခဲ့သည်။ သားဦးသမီးဦးလေးမို့ ဆန္ဒနှင့်တစ်ထပ်တည်းမကျခဲ့သော်လည်း

ဖြူဖြူဖွေးဖွေးနှင့်ချစ်စရာကောင်းသည့် အမဖြူလတ်ကို အမေ့မှာနာမ်မည်ပင်မခေါ်နိုင်ရှာ ချစ်စနိုးနှင့် “ဖြူုလေး”

“ဖြူုလေး”ရယ်နှင့်ပါးစပ်ဖျားကပင်မချ အမဖြူလတ်ကိုမွေးပြီးမရှေးမနှောင်းမှာပင် ကျွန်မကိုအမေ

ကိုယ်ဝန်ဆောင်ခဲ့သည်ဟုဆိုသည်။

Ultrasound အမ်ထာစောင်းရိုက်ကြည့်လို့မရနိုင်သည့် အမေတို့ခေတ်မှာ အဖေနှင့်အမေ ဘာလေးမွေးမယ်ဆိုတာကြို

သိချင်လွန်းတဲ့အဆုံးမြောက်ကျောင်းဘဘုန်းကြီးဆီမှာ ဗေဒင်၊ယတြာတို့နှင့်သွားမေးကြလေတယ်။

ဘဘုန်းကြီးကလည်းတနင်္ဂနွေနေ့မှာသားယောကျာ်းလေးမွေးမယ်လို့ဗေဒင်ဟောလိုက်လေ

တော့ အဖေနှင့်အမေ့မှာ ပျော်နေရှာသတဲ့။

သို့သော် တနင်္ဂနွေနေ့ ဟေမာန်ဆောင်းညတစ်ညမှာပဲညိုလတ်ဆိုတဲ့ကျွန်မကိုမွေးဖွားခဲ့လေတယ်။

ကျွန်မဟာ အဖေနှင့်အမေ့အတွက်လူ့လောကထဲကို အလိုမရှိပဲရောက်လာခဲ့သူပေါ့။

ကျွန်မ နှစ်နှစ်သမီးအရွယ်မှာပဲ အမေကအဖေ့အတွက်မောင်လတ်ကိုမွေးပေးနိုင်ခဲ့တယ်။

သားယောကျာ်းလေးလိုချင်လှတဲ့အဖေနဲ့အမေမှာမောင်လတ်မျက်နှာတစ်ချက်မညိုးစေရ

ကားရုပ်ဆိုကားရုပ်၊သေနတ်ရုပ်ဆိုသေနတ်ရုပ်၊စက်ဘီးဆိုစက်ဘီးသူ့အရွယ်နှင့်သူလိုချင်တာကို

ရအောင်ဝယ်ပေးခဲ့ကြလေသည်။

မောင်လတ်မွေးပြီးမရှေးမနှောင်းမှာပဲမောင်လတ်အဖော်ရအောင်အငယ်ဆုံးမောင်ထွေးလေးကို

အမေမွေးပေးနိုင်ခဲ့လေတယ်။

အငယ်ဆုံး အထွေးဆုံးစကားတီတီတာတာနှင့်ချစ်စရာကောင်းသည့်မောင်ထွေးလေးဟာ တစ်အိမ်လုံးရဲ့ဆွဲလည်းလေး

အဖြစ်နဲ့အဖေနှင့်အမေ့ရဲ့ချစ်ခြင်းမေတ္တာကိုရခဲ့လေတယ်။

အမေ့ရဲ့အသဲကျော်တွေက အမဖြူလတ်နှင့်မောင်ထွေး အဖေ့ရဲ့အသဲကျော်ကတော့မောင်လတ်သူတို့တွေကို

နာမ်မည်ပင်မခေါ်နိုင်ရှာအမဖြူလတ်ကို“ဖြူလေး”လို့ခေါ်တတ်သလိုအဖေကတော့သမီးကြီးလို့ခေါ်လေ့ရှိတယ်။

မောင်လတ်နှင့်မောင်ထွေးကို သားကြီး၊သားငယ်ရယ်လို့နာမ်းစားသုံးလေ့ရှိတယ်။

ကျွန်မကိုတော့ ကျွန်မရဲ့ဖွားဖက်တော် ညိုလတ်ဆိုတဲ့နာမ်မည်ကိုသာခေါ်လေ့ရှိတယ်။

ထိုစဉ်ကစလို့ ကျွန်မရဲ့အသိစိတ်အာရုံထဲမှာ အဖေနှင့်အမေ ကျွန်မအပေါ်ချစ်ခြင်းမေတ္တာတွေ

လစ်လပ်နေသလိုခံစားနေမိတဲ့အစိုင်းအခဲအမြုတေဟာအမြစ်တွယ်လို့နေတော့တယ်။

ကျွန်မအမေ့ကို မေးဖြစ်နေတတ်တာက “ကျွန်မက မွေးစားသမီးလားလို့”မေးတဲ့ခါ

အမေစိတ်မရှည်စွါနဲ့ “အေး ဟုတ်တယ် ညဉ်းကိုမွေးစားထားတာ”ထိုသို့ပြန်ဖြေတတ်တဲ့အမေ့ကို အဖေက

“မင်းကလည်းကွာ ခလေးကို မဟုတ်တာတွေလျှောက်ပြောနေပြန်ပြီ”လို့ အဖေစစ်ကူပေးတတ်ပေမယ့်

အဖေလည်း အမေ့သံယောင်လိုက်လို့ ကျွန်မကိုမချစ်ဟုခံယူထားသည်။

အကြောင်းတိုက်ဆိုင်လျှင် အမေပြောဖြစ်နေသည့်စကား “ညိုလတ်ကို ကိုယ်ဝန်ဆောင်တုန်း

ကပေါ့ သူ့အဖေမှာ သားယောကျာ်းလေးမွေမယ်ဆိုလို့ပျော်နေရှာတာ” ထိုစကားတွေနှင့်ယဉ်ပါးလာသည့်ကျွန်မ

အဖေလိုချင်တဲ့ သားတစ်ယောက် ဘာကြောင့်ကံကြမ္မာက ဖြစ်ခွင့်မပေးခဲ့တာလည်းလို့တွေးလိုက်မိတိုင်း

ကျွန်မအရှင်လတ်လတ်ဘ၀ပြောင်းလို့ရရင် ဘ၀ကူးပြောင်းလိုက်ချင်သည်။

*********

ကျွန်မနဲ့အမဖြူလတ်ဟာ အရွယ်ချင်းသိပ်မကွာသလို အသက်လည်းသိပ်မကွာခဲ့ကြ။

အမဖြူလတ် တက္ကသိုလ်ကျောင်းသူဖြစ်နေချိန်မှာ ကျွန်မကဆယ်တန်းကိုဖြေဆိုထားသူ

ကျွန်မတို့နေထိုင်နေတဲ့နယ်မြို့ကလေးနဲ့အလှမ်းဝေးသည့် တက္ကသိုလ်ကျောင်းကို ရန်ကုန်မှာရှိနေတဲ့ အဖွားအိမ်ကနေ

အမဖြူလတ်ကိုတတ်စေခဲ့တယ်။

သွားလိုက်လာလိုက်နှင့် အမဖြူလတ်ပင်ပန်းမည်ဆိုသဖြင့် အမေသူ့သမီးဆီ တစ်လတစ်ခါ

လိုက်သွားတတ်သည်။

သမီးဆီကပြန်လာရင်လည်း အမဖြူလတ်အကြောင်းရွှန်းရွှန်းဝေအောင် ပြန်လည်ဖောက်သည်ချ

နေတတ်တဲ့ အမေ့စကားတွေကျွန်မနားထောင်နိုင်စွမ်းမရှိသည်မို့ ကျောခိုင်းလို့ ကိုယ့်အလုပ်ကိုသာအာရုံလွဲလို့

လုပ်နေတတ်သည်။

ကျွန်မမည်မျှပင် အမေ့ကို ကျောခိုင်းထားလည်း အမေ့စကားသံတို့ ကျွန်မရင်ဝကိုထိုးဖောက်လို့ “ဖြူလေးကလေ

အသားတွေဖြူပြီးလှနေတာပဲ ငါ့စိတ်ထဲမင်းသမီးလေးကျနေတာပဲ” အမဖြူလတ်တော်ကြောင်း

တတ်ကြောင်း ကျွန်မ နားမထောင်ချင်လည်း အတိုင်းသားကြားနေရသည်။

ကျွန်မအမဖြူလတ်အပေါ်ဝန်တိုချင်းမဟုတ် အနီးကပ်အမေ့ကိုဝိုင်ကူနေသည့် ကျွန်မကိုအမေ

မျက်ကွယ်ပြုလွန်းသည်ဟုထင်မိသည်။

ကျောင်းတွေပိတ်လို့ တစ်ခါတစ်ရံအိမ်ပြန်လာတတ်သည့် အမ အိမ်အလုပ်ဝိုင်းကူလုပ်ရင် အမေ့မှာ

“ တွေ့လား ငါ့သမီးက မြို့ပေါ်ရောက်ပေမယ့် သွေးမကြီးဘူး” မိဘကိုကူညီရမှန်းသိတယ်။

ကျွန်မကိုတော့ တစ်ရံတစ်ခါမျှ အမေ ချီးမွမ်းထောပနာမပြုခဲ့။

တက္ကသိုလ်ကိုအိမ်ကနေအဝေးသင်တက်ရင်း အဖေ့စိုက်ခင်းတွေဆိုလည်းကျွန်မ အမေ့အိမ်မူ့ကိစ္စဘာရီရဆိုလည်း

ကျွန်မ အငယ်နှစ်ယောက်ရဲ့ ကျောင်းစရိတ်ဆိုလည်းကျွန်မထိုသို့ထိုနှယ်လိုလေးသေးမရှိအောင်

လုပ်ကိုင်ပေးနေသည့် ကျွန်မကို အမေဘာကြောင့်မမြင်နိုင်တာလဲလို့တွေးမိရင် ကျွန်မအမေတို့နဲ့အဝေးဆုံးကို

ထွက်သွားချင်မိလောက်အောင်ဖြစ်မိသည်။

အမဖြူလတ် ကျောင်းပြီးတယ်ဆို ဘွဲ့ယူပြီးနိုင်ငံခြားကို ထွက်သွားတော့အမေ့မှာ တစ်ငိုငို တစ်ယိုယို နဲ့မပြီးနိုင်မစီးနိုင်

နှစ်ရက်သုံးရက်မစားနိုင်မအိပ်နိုင် ဖျားသည်ထိ။

အမေ့ကို ကျွန်မကိုယ်ချင်းမစာနိုင် အမေသိပ်အဖြစ်သဲလွန်းသည်ဟုထင်မိသည်။

*********

ဒီလိုနဲ့ကျွန်မအဝေးသင်တက္ကသိုလ်ကျောင်းပြီးတဲ့နှစ်မှာပဲ အမဖြူလေးဆီက စာရောက်လာခဲ့တယ်။

နိုင်ငံခြားမှာအလုပ်အကိုင်အဆင်ပြေတယ်ဆိုတဲ့အကြောင်း ၊ကျွန်မကိုအဝေးရောက်ဘွဲ့ယူပြီး ပါတ်စပို့စ်ဗီဇာ(Passport visa)

အမြန်နဲ့သူ့ဆီကိုလိုက်လာဖို့အကြောင်းစာပို့လိုက်တော့အမေပြုံးရွှင်စွါနဲ့စကားဆိုလေတယ် “ညိုလတ်ညည်းလိုက်သွား

ဖြူလေးကသိပ်အားနာတတ်တာ လူရည်လည်းမလယ်ဘူး ညည်းကပြောရဲဆိုရဲ ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဖြူလေးကို

ငါစိတ်မချဘူး ညည်းလိုက်သွားရေတဲ့”

ဒါဆို အမေကကျွန်မကိုကျတော့ ကောင်းစားစေချင်လို့ သွားခိုင်းတာမဟုတ် ကျီးစားစား လဒနားနားပေါ့လို့ အမေ့ကို

မေးလိုက်ချင်ပေမယ့် စကားလုံးတွေတစ်ဆို့လို့ မမေးဖြစ်ခဲ့ “အမေကလည်း ဟိုမှာက ကျွန်မတို့ဆီကလူတွေမဟုတ်ဖူး

ကျွန်မပြောတာသူတို့ဘယ်လိုလုပ်နားလည်မှာလဲလို့”ပြောတော့

အေးဟဲ့ ဒါလည်းဟုတ်တာပဲတဲ့ “ဘာပဲဖြစ်ဖြစ်ညည်းလိုက်သွားပါအေ ဟိုမှာညီမနှစ်ယောက်ဆိုတော့ ဆိုးတိုင်ကောင်းတိုင်ပင်

ညည်းနဲ့ဆိုဖြူလေးကိုငါစိတ်ချတယ်တဲ့”

“ကျွန်မကို အမေတို့နှင့်အဝေးဆုံးကို သွားစေချင်နေတာမဟုတ်လား စိတ်ချပါ အမေတို့ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း

ကျွန်မအမေတို့နဲ့အဝေးဆုံးနေရာကို ထွက်သွားပါ့မယ်လို့”

ကျွန်မဂျစ်ဂျစ်ကန်ကန်ပြောတော့ အမေ့ဆီက ဘာစကားသံမှထွက်မလာတော့ငြိမ်ကျသွားတယ်။

ခါတိုင်းဆို ထိုသို့ဂျစ်ဂျစ်ကန်ကန်ပြောရင် အမေကျွန်မကို “ညိုလတ်ညည်းဟာလေ ပြောစကားကို နားမထောင်ဘူး”

ဆိုပြီးဆူနေကြ။

ကျွန်မအမေ့ကို တိတ်တဆိတ်လှမ်းကြည့်လိုက်တော့ အမေ့မျက်ဝန်းမှာမျက်ရည်စတို့ စိုထိုင်းစပြုနေပြီ

အမေငိုနေတာလားလို့ ကျွန်မမမေးဖြစ်ခဲ့။

**********

ဝါခေါင်းလဆန်း(၁၃)ထိုနေ့ဟာ အမေတို့နဲ့ခွဲခွါလို့ အမဖြူလတ်ရှိတဲ့အရပ်ဆီသွားဖို့ သုံးရက်သာလိုတော့သည်

မနက်စောစောအဖေနှင့်ရန်ကုန်ကိုဆင်းရမည်။

အမေကတော့တလှုပ်လှုပ်နှင့် ခရီးဆောင်အိတ်ထဲ အ၀တ်အစားတွေကိုထိုးထည့်နေလေသည်။

အမေ့အနားတိုးကပ်လို့ထိုင်ရင်း ခရီးဆောင်အိတ်ထဲ သူ့အ၀တ်အစားတွေကိုထိုးထည့်နေသည်မို့

“ခရီးသွားမှာက အဖေနှင့်ကျွန်မ အမေဘာလို့ ခရီးဆောင်အိတ်ထဲ အမေ့ အ၀တ်တွေထည့်နေတာလဲလို့”

ကျွန်မမေးလိုက်တော့ “ညည်း အ၀တ်တွေကို ထည့်ပေးနေတာတဲ့လေ” အမေသူ့အ၀တ်မှန်း ကိုယ့်အ၀တ်အစားမှန်း

မသိတော့ အယောင်ယောင် အမှားမှားနဲ့ ပါစပ်ကလည်းခရာထဲကရေလွတ်သလို တတွတ်တွတ်နှင့်

“သမီး ဟိုရောက်ရင် ခေါင်းလျှော် ရေချိုး မရဲနဲ့နှော် ဟိုမှာကအဲကွန်းခန်းထဲမှာလုပ်ရမှာလို့ ဖြူလေးပြောတယ်။

သမီးညည်းက ခေါင်းလျှော်ရေချိုးသိပ်ကြမ်းတာ ရေချိုးရင်လည်း အကြာကြီးမချိုးနဲ့နှော် ကျန်းမာရေးကိုဂရုစိုက်

နေထိုင်မကောင်းရင် အမေ့ဆီဖုန်းဆက်နှော် ငါ့သမီးကရေပြောင်းရေလွဲ ဖျားတတ်တယ်။”

သမီးချင်းထပ်နေသည့် အမေ့ကိုကြည့်ပြီး ကျွန်မကိုယ့်နားကိုယ်ပင်မယုံနိုင် ကျွန်မကိုအမေဘယ်တုန်းကမျှ

သမီးဟုမခေါ်ဖူးခဲ့ ကျွန်မကိုယ့်နားကိုပင် ပွတ်သပ်လို့ကြည့်မိသည်။

ပြောပြောဆိုဆိုဖြင့် အမေအိမ်အောက်သို့ဆင်းသွားပြန်သည် ခဏနေတော့လက်ထဲမှာ မြေကြီးထုပ်ကလေးနှင့်ဆန်ထုပ်ကလေး ၊

ထိုနှစ်ထုပ်ကိုကျွန်မရဲ့ခရီးဆောင်အိတ်ထဲထိုးထည့်ရင်း

“သမီး ဒီမြေထုပ်ကလေးနှင့်ဆန်ထုပ်ကလေးကို သမီးရဲ့အိပ်ယာအောက်မှာထားအိပ်နှော်ငါ့သမီးက

ခရီးဝေးသွားဖူးတာမဟုတ်ဖူး ငါ့မြေ ငါ့ဆန် ငါ့ရေလို့ပြောပြီးအိပ်ကြားလား”သမီးချင်းထပ်အောင် တတွတ်တွတ်

မှာတမ်းချွေနေသည့် အမေ့ကိုကြည့်ရင်း

“အမေကျွန်မကိုချစ်ရဲ့သားနဲ့ဘာဖြစ်လို့များအမေရဲ့အချစ်တွေကိုဖုံးကွယ်ထားရတာလဲလို့”အမေ့ကိုမေးလိုက်ချင်ပေမယ့်

ရင်အစုံတစ်ခုလုံးဆွဲဆုတ်ထားသည့်နယ် လည်မြိုမှာတစ်ဆို့လို့ စကားပင်မပြောနိုင်တော့ အမေ့ရင်ခွင်ထဲခေါင်းထိုးအပ်ရင်း

“အမေ”လို့ကျွန်မညင်သာစွါတီးတိုးရေရွတ်လို့အားပါတရငိုရှိုက်မိတော့တယ်။

အမေ့မျက်ဝန်းဆီက မေတ္တာမျက်ရည်ကြည်တို့ ကျွန်မရဲ့မျက်နှာထက်ဆီပူကနဲနွေးကနဲတစ်စက်

ချင်းစီးဆင်းနေသည့် အမေ့မေတ္တာမျက်ရည်မိုးတွေဟာလည်း ကျွန်မရင်ထဲမှာဖြစ်တည်နေတဲ့

“ကျွန်မအပေါ်အဖေနှင့်အမေရဲ့ ချစ်ခြင်းမေတ္တာတွေလစ်လပ်နေတယ်လို့ခံစားနေမိခဲ့တဲ့ အစိုင်အခဲအမြုတေကို”

အရည်ပျော်စေခဲ့ပါပြီ။

မနက်ရန်ကုန်အဝေးပြေးကားဂိတ်ဆီစောစောထသွားရမှာမို့ အိပ်ယာစောစောဝင်ဖြစ်ပေမယ့်ကျွန်မအိပ်လို့မပျော်နိုင်ခဲ့။

ရှိုက်သံတသဲ့သဲ့နဲ့စကားသံတွေဗလုံးဗတွေးဖြင့်ပြောနေကြသည့် အသံတွေလာရာဆီသို့

ကျွန်မအသိအာရုံကိုစုစည်းလို့ နားစွင့်လိုက်တော့ အဖေနှင့်အမေတို့ရဲ့အိပ်ခန်းဘက်ဆီက

အမေရှိုက်သံတစ်ဝက်ရောယှက်လို့ အဖေ့ကိုပြောနေသံတွေ “ကျွန်မညိုလတ်ကို ခွဲနိုင်ပါ့မလားမသိပါဘူး.

ကျွန်မသမီးနဲ့အကြာကြီးခွဲဖူးတာမဟုတ်ဖူး..သူပင်ပန်းနေတာမကြည့်ရက်လို့သာ မျက်စိစုံမှိတ်ပြီးလွတ်ရမှာ

သူကအိမ်ကိုသိပ်သံယောဇဉ်ကြီးရှာတာ သူစိတ်နာအောင်လို့သာ ကျွန်မသူ့ကို မာမာတင်းတင်းပြောနေရပေမယ့်

ကျွန်မရင်ထဲမှာ အပ်နဲ့ထိုးစွနေသလိုနာကျင်ရတယ်။”

အမေ့စကားအဆုံးမှာတော့ အဖေစကားဆိုလေတယ် “ငါလည်း အဖေဆိုပေမယ့် မင်းထပ်တူပါပဲကွာ

သမီးကိုဘယ်ခွဲချင်ပါ့မလဲ သမီးညိုလတ်ကငါ့အတွက်ညာလက်ရုံးသဖွယ်အားကိုးနေရသလို မင်းအတွက်လည်း

မရှိမဖြစ်လောက်အောင်လိုအပ်တဲ့သမီး ဒါပေမယ့် အကြာကြီးခွဲနေရတာမှမဟုတ်ပဲ သမီးကြီးလည်းဟိုမှာရှိနေတာပဲ”

တို့တွေခွဲနိုင်အောင်ကြိုးစားကြတာပေါ့”

*********************

“၁၂နာရီထိုးနေပြီး မအိပ်သေးဘူးလား ညီမလေး မနက်အလုပ်ဆင်းရမှာ” အိပ်တော့ဆိုသည့် အမရဲ့စကားသံကြားမှ

အတွေးနယ်ချဲ့နေမိတဲ့ကျွန်မ ညဉ့်ငှက်တစ်ကောင်ထပျံသွားသည့်နယ် အတွေးတို့ရုတ်ချည်ပြန်သိမ်းရင်း အိပ်ယာဝင်ဖို့

ပြင်ဆင်လိုက်တော့တယ်။

ကျွန်မအဖေနှင့်အမေရဲ့ချစ်ခြင်းမေတ္တာတရားကိုမြင်နိုင်ခဲ့ပါပြီ။ကျွန်မအလတ်ဆိုတဲ့သိမ်ငယ်ခြင်း အတ္တဆူးတစ်ချောင်းကြောင့်

အဖေနှင့်အမေအပေါ်အမြင်မှားနေခဲ့မိတာ ခုတော့ကျွန်မရင်ထဲမှာ တိမ်ညိုကင်း၍ လမင်းသာနိုင်ခဲ့ရလေပြီ။

မွေးရပ်မြေဆီက အဖေနှင့်အမေရှိရာ ဦးခိုက်လို့ အဖေနှင့်အမေကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွါရှိကြပါစေလို့

ဆုတောင်းမေတ္တာပို့နေမိတော့တယ်။



***ဒီပို့စ်လေးကိုရေးထားကြာနေပါပြီ..မျက်စိအနည်းငယ်အားနည်းနေသည်မို့ဆက်မရေးဖြစ်ခဲ့တာ။

saveလုပ်ထားတာကြာနေပြီးမို့ဆက်ရေးတော့လည်း ရေးရတာအာရုံမရတော့ delete လည်းလုပ်မပြစ်ရက်ဘူး။

ဒါနဲ့ဆက်ပြီးရေးဖြစ်သွားတယ်။***


စိတ္တသုခ၊ကာသုခများနှင့်ပြီးပြည့်စုံကြပါစေ။

မေတ္တာအားဖြင့်

ခိုင်နုငယ်(၁.၆.၂၀၁၀)

No comments: