အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Thursday, September 22, 2011

အို...သတို့သမီး




အို...သတို့သမီး

လောကမှာ မချစ်မနှစ်သက်သောသူနှင့်

ပေါင်းသင်းရခြင်းသည်လည်း ဒုက္ခ။

အို...သတို့သမီး

ရွေးချယ်ခွင့်မရှိတဲ့ သမိုင်းခရီးတစ်ကွေ့မှာ

ကြင်ယာလင်သား ဘီလူးဘုံသားမို့

လင်ဆိုးမယား တဖားဖားဘ၀ပေါ့။

အို...သတို့သမီး

သင့်ရဲ့အသွေးအသား

သောက်စားယစ်မူးရုံတင်မက

အတောသတ်မရတဲ့ လောဘသားလက်မှာ

အသင့်အလှကို ဖျက်ဆီးပစ်ကြတော့မယ်။

အို...သတို့သမီး

ခံတွင်းပျက်နေတဲ့ ကြောင်ဖားလက်ထဲမှာ

သင့်ရဲ့တောင်ပံခတ်သံများ ပျက်စီးရတော့မယ်

ခုတော့...

သင့်ရဲ့စီးဆင်းသံဟာ နောက်ဆုံးရှိုက်သံတွေလား

သင့်ရဲ့စီးဆင်းခြင်းမှာ နောက်ဆုံးမျက်ရည်တွေလား။

အို...သတို့သမီး

သင်နှင့်ထပ်တူ ရင်နှင့်အမျှခံစားရလည်း

ရာဇ၀င်မော်ကွန်းကမ္ဗည်းမှာ

အညတရခရီးသည် ကဗျာဆရာကျွန်ုပ်

သင့်အတွက် ဘာများလုပ်ပေးနိုင်ဦးမှာလဲ။

အို...သတို့သမီး

သင့်အတွက် ဘာမှလုပ်မပေးနိုင်တော့တဲ့ကျွန်ုပ်

သင့်ကမ်းနံဘေးမှာ ပဆစ်တုပ်

ဒီကဗျာလေးတစ်ပုဒ်နဲ့ တောင်းပန်လိုက်ရပါသည်

“..........” “...........” ။

သစ်ခက်အိမ် ( အမှတ်တရဧရာဝတီ...စက်တင်ဘာလ 2011..ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

စာမရေးဖြစ်တာ အတော့်ကိုကြာနေခဲ့ပါပြီ။ အလုပ်အခြေအနေ အကြောင်းကြောင်းကြောင့်

စာရေးချင်တဲ့အခါ မှတ်စုစာအုပ်လေးထဲမှာပဲ ရေးခြစ်မှတ်သားထားခဲ့ရပါတယ်။

အရောက်လာ စာဖတ်သူမိတ်ဆွေတွေ အတွက် ဘလောပ့်ပေါ် ပိုစ့်အသစ် မတင်နိုင်ဖြစ်နေခဲ့

ပေမယ့် ဒီနေ့ဧရာဝတီကို ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ မိခင် ဧရာဝတီအတွက် ဆောင်းပါး

ပိုစ့်ရည်ရွယ်ရေးသားထားပေမယ့် တစ်ပိုင်းတစ်စနဲ့ မိခင် ဧရာဝတီအတွက် တာဝန်မကျေသလို

ခံစားနေရချိန်မှာ မနက်ပိုင်းက ဆရာသစ်ခက်အိမ်ရဲ့ ကဗျာလေးဖတ်မိရင်း အထူးကြိုက်နှစ်သက်မိ

ရလို့ဆရာ့ဇနီး မဝေ(စီးပွားရေးတက္ကသိုလ်) ဆီကနေခွင့်ပြုတောင်းယူဖော်ပြလိုက်ပါတယ်။



“မိခင် ဧရာဝတီ အတွက်”

“ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်”



မေတ္တာအားဖြင့်
ခိုင်နုငယ်
၂၃.၀၉.၂၀၁၁