အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Friday, July 30, 2010

ဝဋ်နောက်ကြမ္မာ မလွဲသာ

(၁)
ရွာထဲမှာ စီကနဲ …..ညံကနဲဆို…ဦးအမ်းပွားပဲ။ ဥပုသ်သတင်းသီလ ဆောက်တည်ရက် ၀ါတွင်းကာလ…. အခါကြီး ရက်မြတ်များဆိုလျှင် ပိုဆိုးသေးတယ်။ ဦးအမ်ပွားရဲ့ နာမ်မည် ပည့်ညတ်ထား ပုံကိုလည်း နည်းနည်းလောက် တော့ပြောပြချင်သေးတယ်။ ဦးအမ်ပွားဆိုတာက ခေသူမဟုတ် လာမထိနဲ့..ဇရှိတယ်ဆိုတဲ့ လူစားမျိုး ငယ်ငယ်က ……….ကလေးချင်း ရန်ဖြစ်တာခဲချွန်နဲ့ တစ်ဖက်ကလေးက ခေါင်းကိုထိုးတာ ခေါင်းမပေါက်ပဲ ….ခဲစံသာကျိုး သွား သတဲ့။ ဒါအပြင် ဘယ်ကမတုန်း ခဲတံချွန်တဲ့ ဓါးနဲ့ခေါင်းကိုပေါက်တာတောင် သွေးမထွက်ပဲ အရာထင်ယုံပဲရှိသတဲ့။ ကာလသားအရွယ်က… ထန်းပင်ပေါ်ထန်းသီးတက်ချိုင်တာ (ခူးတာ) ပေနှစ်ဆယ်သုံးဆယ်လောက်ရှိတဲ့ ထန်းပင် အမြင့်ပေါ်က ပြုတ်ကျတာတောင် ဘာမှမဖြစ်ဘူးတဲ့။ ဦးအမ်ပွားမှာ ငယ်သွားတွေလဲတော့သွားအပိုအမ်ပွားပါလာ တယ်လို့ လူကြီးတွေပြောတာကြားသား။ အမ်းပွားပါရင် တုတ်၊ဓါးပီးတယ်ဆိုပဲ။မယုံမရှိနဲ့ပြောမယုံကြုံဖူးမှသိတဲ့။

ဦးအမ်ပွားသရုပ်ကို ဖော်ပြရရင်လည်း လူကထောင်ထောင် မောင်းမောင်း အသားက ညိုညိုတိုတိုနှင့် ဆံပင်ရှည် ဘယ်တော့မှမထားဘူး။ ကတုံးရောင်မှာ ဆီပြောင်တ၀င်းဝင်းနှင့် လက်မောင်းကြွက်သားကြီးတွေဆိုအားကောင်း မောင်းသန်ကလေး လေးငါးယောက် ခိုစီးလို့ရတယ်။ ခြေသလုံးကြီး တွေဆို တုတ်ခိုင်နေတာပဲ။ အဖေက ကရင်၊ အမေကဗမာ ကပြားစပ် မွေးထားတော့ လူကောင်းကြီးက ထွားလိုက်သည့်ဖြစ်ခြင်း။ ဦးအမ်ပွား အဖေဖြစ်သူ က လည်း ကရင်နီစပ်ဗေဒင် ရောင်ရောင်၊ ဆရာသမား ရောင်ရောင် ဆိုပါတော့။ ဦးအမ်ပွားအဖေ မသေခင်က သိုင်းပညာအခြေခံလေးတတ်ထားတော့ …….. ဦးအမ်ပွားခြေထောက် မြေကြီးမကျဘူး။

အင်းရွာဆိုတာကလည်း မြို့မနီးတောမကျ ရွာ့ဇနပုဒ်ဆိုတော့ အိမ်ခြေရှိလှ….…(၁၅၀) အလွန်ဆုံးပေါ့။ ရွာကလေး ထဲ တုတ်ပီး၊ဓါးပီး ခပ်မိုက်မိုက် အမ်ပွားရယ်လို့ နာမ်မည်ကြီးသေးတာ။ ရွာထဲက ကာလသားမှန်သမျှ သူ့ယှဉ်ဖိုက်
ရဲတဲ့သူ တစ်ယောက်မှမရှိဘူး။ စိမ့်နေ ဖိန့်နေအောင်ကိုကြောက်ကြတာ။ ရွာထဲမှာကလည်းဓါးသိုင်းမပြောနဲ့တုတ် သိုင်းတောင် ကောင်းကောင်းဝှေ့ယမ်း တတ်သူမရှိ။ အင်းရွာလေးမှာက တောင်သူလယ်လုပ်ဆိုတော့ မနက် နွား တစ်ရှဉ်းနှင့် လယ်တောထွက်….ပြန်လာမိုးချုပ်…...မနက်ဖက် လယ်တောပြန်ထွက် ဒါနဲ့ပဲလုံး လည်ချာလည်လိုက် ဂျာအေးသူ့အမေရိုက်ဖြစ်နေတာ။

ဦးအမ်ပွား ကတော့ မနက်ဝေလီဝေလင်း သူများတွေ နွားတစ်ရှဉ်းနှင့် လယ်တော ထွက်ချိန်မှာသူ ကဓါးရောင် တ၀င်းဝင်းနဲ့ ဓါးရေးပြကာ သိုင်း ကျင့်လို့ကောင်းတုန်း။ တစ်ခါတစ်လေ များဆို ပါးစပ်ကလည်း စည်းချက်လိုက် သေး တယ်။ ဗွီဒီယို ဇာတ်ဝင်ခန်းတွေထဲက ခပ်ကြမ်းကြမ်း ဖိုက်တင်ခန်းတွေထဲကလို……...…“ယား …….… ယား …….. ဖောင်း”အဲသလိုတွေတောင် ပါလိုက်သေးတာ။ နေကလေးအတော်….မြင့်လာရင်တော့ နေရောင် အောက်မှာ မည်းနက်နက် ကျောပြင် ထက်ဆီက တလက်ချွေးသီး၊ ချွေးပေါက်ကြီးတွေ လိမ့်ဆင်းနေပုံမှာ ကြည့်မြင်သူ ငေးရတယ်။

ဦးအမ်ပွားက နဂိုနေ မြွေးပွေးလိုလူ။ ရစ်ရွှေရည်ကလေး ၀င်လာရင်တော့ သွားမစမ်းနဲ့ မြွေဆိုး။ ကလိတောင် မထိုးဝင့်။ သူများတွေလို တစ်စိတ်တစ်ပိုင်း သောက်ရုံနဲ့မူးတတ်သူမဟုတ်။ သုံးလေးလုံးလောက် သောက်ပြီးကာမှ အာသာပြေတတ်သူ။ မူးလာရင်တော့ သူ့ရစ်သလိုလို၊ငါ့ရစ်သလိုလို စိတ်ချဉ်ပေါက်ရင် ရွာရိုးလျှောက်မိုက်တဲ့ သူ ထွက်ခဲ့ရယ်လို့ ရွာဆော်လူမိုက် လုပ်လိုက်သေးတာ။ ရွာထဲအငိုသန်တဲ့ ကလေးများ ဦးအမ်ပွားလာပြီရယ်လို့သာ ခြိမ်းခြောက်လိုက် ငိုနေတဲ့ကလေး ချက်ချင်းအငိုရပ်တယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်ဆို ဦးအမ်ပွား အသံကြား လိုက်တာနှင့် တစ္ဆေသရဲလို ချီးယိုမတက်၊သေးထွက်မတက်ကို ကြောက်ကြတာ။ ဒါပေမယ့် ဦးအမ်ပွားက ကလေး အရမ်းချစ်တတ်တာ။ ကလေးတွေမြင်ရင် ပါးကြီးတွေ ဆွဲဖြစ်ကာ အတင်းပွေ့ချီတော့တာ။ ကလေးတွေ ကလည်း ဦးအမ်ပွားဆို တစ္ဆေသရဲလို သူ့လက်ထဲ ရောက်တာနှင့် အကြောက်အကန် ငိုတော့တာ။ တစ်ချို့ကလေးများဆို ဖျားတောင် ယူတယ်။ သူ့မိန်းမ အရီးမကြွေး ကလည်း မိန်းမအမြုံလားတော့ မပြောတတ်။ ဦးအမ်ပွားနှင့် ရတာ ဆယ်နှစ် တောင်ကျော်လာပြီ ကလေးတစ်ယောက်မှ မရသေး။ တစ်ခါတစ်လေ ဦးအမ်ပွားအရွန်း ဖောက်ကာ မိန်းမဖြစ်သူကို………..

“မိကြွေ ငါ့ကလေးတစ်ယောက်လောက် မွေးပေးစမ်းဟာ။ နင့်မလည်း ၀ါးကင်းပိတ်ကြီးကျနေ
တာပဲ။ ဘယ်တော့ ကလေးရမတုန်း။ သူများကလေးတွေ ချစ်ရတာချစ်မ၀ဘူးဟ။ ကလေးတွေ
ကငါ့လက်ထဲရောက် အတင်းကော့ထိုးငိုကြတာ။”

အရီးမကြွေသူ့ထိတော့ ကက်ကက်လန်လန် အောင်ယောကျာ်းဖြစ်သူကို ရန်တွေ့လေသည်။

“ကျုပ် တစ်ယောက်တည်းကြောင့်တော့ ဟုတ်ဟန်မတူပါဘူးတော်။ တော်လူဖြစ်ကံမပါတာ
ရှိမပေါ့။ ကလေးတွေ တော့လက်ထဲ မပျော်တာမကြည့်နဲ့ တော်က လူ့ဘီလူး၊ လူ့သဘက်ကြီး
ဖြစ်နေတာ။”


အရီးမကြွေ ပြောမယ်ဆိုလည်း ပြောလောက်စရာ ဦးအမ်ပွားက အကုသိုလ် အလုပ်နှင့် အသက် မွေးဝမ်းကျောင်း ပြုလာသူ။ သူများအသက် မျိုးမျိုးမြတ်မြတ် ကလေးမှ မသက်လိုက်ရလျှင် နေမထိ ထိုင်မသာဖြစ်နေတတ်သူ။ သတင်းသီလ အခါကြီး ရက်မြတ်များဆို အဖိတ်နေ့ မတိုင်ခင်ကပင် ဟင်းကောင်ရှာထားတာ အဖိတ်နေ ရောက် တာနဲ့ ၀ယ်ထားတဲ့ သားကြီးငါးကြီးအမဲ၊၀က်ကိုသတ်ပြီး ဟင်းလုပ်ကာ ရောင်းတယ်။ ထိုနေ့များဆိုရွာထဲမှာ ဆူဆူ ကျွက်ကျွက် ခွေးတအူအူနဲ့ ဦးအမ်ပွား အိမ်မှာတော့ လူဝင်လူထွက် စည်ကားလို့မဆုံး။ ဥပုသ်နေ့မှာ ဆွမ်းဟင်းကလေး ကောင်းကောင်း မွန်မွန်နဲ့ ရွာဦးဘုန်းကြီးကျောင်း ပို့ချင်ရှာတော့ အင်းရွာကလေးက အိမ်ရှင်မတွေ အတွက် ဦးအမ်ပွားက မရှိမဖြစ် လိုအပ်နေသူ ဖြစ်နေပြန်ရော။ မြို့မနီးတောမကျ ရွာ့ဇနပုဒ်ဆိုတော့ ဦးအမ်ပွား ဟင်းမလုပ် လို့အသားငါး အဆက်ပြတ်နေတဲ့ ချိန်ဆို ရွာ့လက်ဖြစ် အသီးအရွက်နဲ့ပဲ ပြီးရှာကြတော့တာ။

ဦးအမ်ပွား ဟင်းကောင် ကြီးကြီးမားမား ရှာမရတဲ့အခါမျိုးဆို ရွာချောင်ဘေး ဆေးလိပ်တစ်တိုနဲ့ ငါးသွားထိုင် မျှား နေလေ့ရှိတယ်။ ဥပုသ်နေ့ဆို ရွာကလေးက ကြီးကြီး၊ငယ်ငယ် လူရွယ်လူလတ်ကအစ တောင်ယာလုပ်ငန်းခွင် အ လုပ်ကိုနားကာ ရွာဦးဘုန်းကြီးကျောင်းမှာ သီလယူလေ့ရှိတယ်။ သူများယောကျာ်းတွေ ဘုရားသွား ကျောင်းတက် မြင်တော့ အရီးမကြွေ လည်း သူ့ယောကျာ်းကို ဘုန်းကြီးကျောင်းရောက်ဖူး စေချင်တယ်ထင်ပ။ငါးမျှားတံကိုင်ကာ
လှေကားအဆင်း ရောက်နေပြီဖြစ်တဲ့ ဦးအမ်ပွားကို လှမ်းကာပြောလေသည်။

“တော့် အကုသိုလ်တုန်းကြီး သူများတွေဘုန်းကြီးကျောင်း သွားကြတယ်။ ဘုန်းကြီးကျောင်း
ရောက်ဖူးတယ် ရှိအောင်၊ ဥပုသ်သီလ သွားယူချေပါလား။ မုဆိုးတစ်သက် မက်တစ်ချက်တဲ့
တော့်မှာတော့ အကုသိုလ် အလုပ်တွေနှင့် အချိန်ဖြုန်းနေတာ လူဖြစ်ရှုံးလိုက် ပါဘိတော်”

အရီးမကြွေ ပြောလည်းပြော ဖက်ကြမ်းဆေးပြင်းလိပ်တိုကြီးကို အားကုန်ခဲကာ ခပ်ပြင်းပြင်း
မှုတ်ထုတ်လိုက်လေသည်။

“အမ်ပွား ရာဇ၀င်မှာ မိုက်ချင်လည်း ကမ်းကုန်အောင် မိုက်တယ်ဟေ့။ ပါးစပ်က ဘုရား၊ဘုရား
လက်က ကားယား လုပ်မနေနိုင်ဘူး။ နင့်ဟာ နင်သွားချင်သွား”

ပြောပြောဆိုဆိုအိမ်ပေါ်ကဆင်းသွားလေသည်။ကျွန်တော်တို့ အမှတ်သညာ ရှိခဲ့သည့် အချိန် ကစလို့ ဦးအမ်ပွား ဘုန်းကြီးကျောင်း သွားတာတစ်ခါမှ မမြင်ဖူးဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာသွားလို့ ဘုန်းကြီးကျောင်းဝိုင်းတွင်းက မ ဖြစ်မနေ လမ်းဖြတ်လျှောက်ရမယ်ဆို အဲဒီလမ်းခရီး ဘယ်တော့မှ မသွားဘူး။

(၂)
တစ်နေ့တော့ ဦးအမ်ပွား ဦးမြတ်သာအိမ် ဘက်လျှောက်သွားလေသည်။ ဟင်းကောင်းကလည်း ရှာမရ သူမေး ငါ မေး ဦးအမ်ပွား ဟင်းမလုပ်ဖူးလား၊ အမ်ပွားဟင်းရှာမရဘူးလား။ တစ်ယောက် တစ်မျိုးမေးကြတော့။ နဂိုကမှ သူ များအသတ် မသတ်ရရင်နေမထိ ထိုင်မသာ ဖြစ်နေတတ်သူဆိုတော့ကာ။ ဟင်းကောင်းရှာမရသည့်အဆုံး။

“ဗျို့ ကိုမြတ်သာ ခင်ဗျားနွားအိုကြီး အမဲထုရအောင်ပါဗျ။
ကျုပ်ကိုလှည့်ရောင်းပါဗျ။”

ပုဆိုးတိုတို အကျီဗလာနှင့် ညီလေးမောင်နှင့် နှစ်ယောက်သား အိမ်ဝိုင်းထဲဝင်လာကြလေတယ်။ ထိုနွားနှင့် ပါတ် သတ်ပြီး ဦးမြတ်သာတို့ သားအဖ နှစ်ယောက် စကားများထားကြလေသည်။ သားဖြစ်သူက ချည်တိုင်တွင် အချိန်ကုန်နေသည့် နွားအိုကြီးကို ဟင်းလုပ်ကာ အမြတ်ယူချင်သည်။ ဦးမြတ်သာက ထိုသို့မဟုတ် တစ်သက်လုံးက ခိုင်း လာခဲ့သည့် နွားကို အသုံးမ၀င် တော့ကာမှ အမဲထုကာ ဟင်းလုပ်ပြစ်ရင် နွားလောက်မှ အသိဥာဏ်မရှိသူ လူ့တိရစ္ဆာန်တော့ အဖြစ်မခံ နိုင်ဟုဆိုလေသည်။ ခိုင်းလို့ကောင်းချိန် တုန်းကတော့ ချိုကလေးပွတ် နွားရွက် ကလေး သပ်ကာ ပခုံးတွေပေါက်ဝင်သည်ထိ ခိုင်းလာတာ။ နွားထမင်းကျွေးရတာ မဟုတ် မြက်ကျွေးတာ သူ့တမ်း ကုန်လို့သေနေ့စိရင် ချည်တိုင်မှာပဲ သေပစေဟု ပြောလေသည်။

“မရောင်းဘူးကွာ သူ့သေနေ့စေ့ရင် ချည်တိုင်မှာပဲ သေပါစေ”

ဦးမြတ်သာက ဦးအမ်ပွားကို တိုတိုပြတ်ပြတ် အဖြေပေးလိုက်လေသည်။

“ဦးလေးမြတ်သာကလည်း တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်တာပါဗျ ရောင်းလိုက်ပါ။ ဦးလေးအမ်ပွား ဟင်းကောင်ရှာမရ ဖြစ်နေတာနဲ့ အတော်ပဲပေါ့။ နွားအိုကြီး ချည်တိုင် မှာအချိန်ကုန် နေမဲ့အတူတူ အမြတ်ရအောင် ရောင်းလိုက်ပါဗျ။ ”

ညီလေးမောင် ပါဝင်ကူပြောလေသည်။ ညီလေးမောင် ဆိုတာကလည်း ဦးအမ်ပွားမှာ ကူဖော် လောင်ဖက် သားသမီး မရှိလေတော့ ညီလေးမောင်ကို တပည့်ကျော် သားအဖြစ် လက်သပ်မွေးထားတာပေါ့။ သူကြီးမှီပြီး ပါဝါ ပြတာ ညီလေးမောင်လို လူမျိုးကိုပြောတာဖြစ်မယ်။ ဦးအမ်ပွားမြှောက်စားထားတော့ ညီလေးမောင်တစ်ယောက် တောက်ကြွားနေတော့တယ်။ ဦးမြတ်သာကလည်း ညဦးကတည်းက သားအဖနှစ်ယောက် စကားများထားသည့် အရှိန်ကမပြယ်သေး။ ညီလေးမောင်ကို ခပ်စူးစူးကြည့်ကာ…..

“မင်းအဲသလောက် အကျိုးအမြတ် လိုချင်နေရင် မင်းအသားလှီးရောင်းလိုက်ပါလား”

ဦးမြတ်သာကလည်း ရွာမှာဆယ်အိမ်မူး ဘုရားတရားအင်မတန် ရိုသေကိုင်းရှိုင်းသူ အနေမှန်သူ လူအေးသမား စကားကိုကွေ့ဝိုက်ကာ မပြောတတ် တိုတိုပြတ်ပြတ် တည့်တိုးလိုရင်းသမား ဦးအမ်ပွား ချိတ်မရှိပဲ ချိတ်မရ လေ မှန်းသိတော့။နောက်ထပ်တစ်ခွန်းမှ ဆက်မဟတော့ပဲ။


“ဟေ့ကောင် တော်တော် ပြန်မယ်”

ဦးအမ်ပွား ညီလေးမောင်ကို အချက်ပြကာ ချာကနဲအိမ်ဝိုင်းထဲက လှည့်ထွက်သွားလေသည်။ ဦးအမ်ပွား ထွက် သွားအပြီး ဒေါသအငွေ့ လှိုင်းတို့သည် ကျန်နေခဲ့သူတို့အား ရိုက်ခတ်နေလိမ့်မည်ဆိုတာ ဒေါသတကြီး လှည့်ထွက် သွားသော ဦးအမ်ပွားကို ကြည့်ရုံဖြင့်မြင်သာ၏။ ညနေဘက် ရောက်ချိန် မှာတော့ ဦးအမ်ပွား လက်ထဲချိုတထောင် ထောင်နဲ့ ခိုင်းနွားကြီး တစ်ကောင် လည်တခါခါနဲ့ ပါလာတယ်။ ဦးမြတ်သာအိမ်ရှေ့ဖြတ်ဆွဲကာ..

“အမ်ပွားရာဇ၀င်မှာ မရှိဘူး မရဘူးဆိုတာ မရှိဘူးဟေ့။ ဘုရားရောင်ရောင် တရားရောင်ရောင်
ခွေးတဟောင်ဟောင် မဟုတ်ဘူးကွ”

ဦးမြတ်သာကို အရွဲ့တိုက်ကာ ခပ်ကျယ်ကျယ် အော်ပြောနေလေသည်။ အင်းရွာတောင်ဘက် ဒန်းဒေါင့်ရွာက ခိုင်းနွားကြီးကို မတန်တဆပေးဝယ်လာခဲ့သည်ဟု ရွာကလေးထဲတီးတိုး သဖန် ပိုးထိုး နေကြလေတယ်။ မည်သူမှ မကိုင်ဝင့် ကျွတ်ဆတ်ဆတ် လည်တခါခါဖြစ်နေသည့် နွားမို့ နွားရှင်ကလည်း မကိုင်ဝင့် နွားကလည်း ရာဇ၀င်နဲ့ ဦးချို တသွေးသွေး ရွာထဲကကလေး ချိုဖျားနှင့် အခတ်ခံရသည်မို့ လျော်ကြေးပါ ပေးထားရသည်ဟုဆိုတယ်။ ညနေစောင်းတော့ ကျွတ်တသပ်သပ်နဲ့ နွားကိုရှေ့ကဆွဲကသူဆွဲ ဒန်အိုးဒန်ခွက် လက်နက်ကရိယာ အစုံ အလင်နဲ့ ရွာချောင်းထဲ တစ်သိုက်ကြီး ခွေးတအူအူနဲ့ဆင်းသွားကြလေရဲ့။

“ရော့ကွာ ညီလေးမောင် မင်းထု” ဟုဆိုကာ ဦးအမ်ပွား ညီလေးမောင်ကို ဓါးနှင့်ပေါက်ဆိန် လှမ်းကာ ပေးလေ သည်။ ဦးအမ်ပွားကတော့ နွားဝယ်အ၀ယ် တည့်လာခဲ့သည် ဆိုတော့ကာ ရစ်ရွှေရည် ကလေးဝင်ထားသည်မို့ အရှိန်မပျက် လက်ကျန် ပုလင်းလေး ခါးထိုးကာ မော့လိုက် ခါးကြားထဲ ပြန်ထိုးလိုက် လုပ်ကာ စည်းဇိမ်ခံ နေလေ သည်။ ချောင်းကိုင်းခင်းစပ် ငုတ်တိုင်တွင် ချည်ထားသော နွားရဲ့ ဒူးခေါင်းခွက်ကို ညီလေးမောင် ဓါးမတိုနှင့် အားကုန် ခုတ်လိုက်လေသည်။ နွားလည်း ခွေကနဲ လဲကျသွားပြီး ကုန်းရုန်းထကာ မြင်သမျှ လိုက်ကာ ဝှေ့(ခွေ့) နေတော့သည်။

“ဟေ့ကောင် ညီလေးမောင် မင်းကို ငါလက်ထပ်သင်ထားတာ ဘယ်လောက်ကြာပြီတုန်း။
နွားသတ်တယ်ဆိုတာ ဟောသလိုလုပ်ရတယ်ကွ”

ဟုဆိုကာ ဦးအမ်ပွား သူ့ဆီပြေးဝင်လာသော နွားရဲ့ လည်မျိုကို ဓါးမြောင်နှင့် အဆက်မပြတ် ဆင့်ကာ ထိုးလေ သည်။ နွားနှင့်လူ သဲသောင်ပြင် ပေါ်မှာ တွေ့နေကျလေပြီ။ အမဲကူဖျက်ဖို့ စောင့်နေကြသည့် လူအုပ် ဟင်းလာ ၀ယ်ကြသည့် လူအုပ်ကြီးသည် နွားနှင့်လူ လုံးထွေးနေသည့် အသတ်လုပွဲကို မှင်သက်မိနေကြသည်။ သဲမှုန် သဲပွင့်တို့ တစ်ထောင်းထောင်းကြားမှာ နွားနှင့်လူ၏ အသတ်လုပွဲ တဖြေးဖြေးနှင့် ငြိမ်ကျသွားလေသည်။ နွား လည်းဟန်ချက်ပျက်ကာ သဲသောင်ပြင်ပေါ် ဘိုင်းကနဲ လဲကျသွားလေသည်။ ဦးအမ်ပွားကတော့ သဲသောင်ပြင် ပေါ် မားမားကြီး မတ်တပ်ရပ်နေရင်းက သွေးသံရဲရဲနှင့် ထိုးကျသွားလေသည်။

ရပ်ကြည့်နေသော လူအုပ်ကြီးထဲမှ လူငယ်တစ်ယောက် ပြေးကာ အရီးမကြွေကို သတင်းပို့လေသည်။

“ဗျို့ အရီးမကြွေ ဦးအမ်ပွား နွားဝှေ့ (ခွေ့) ခံရလို့ အရီးလုံချည်တစ်ထည်ယူခဲ့ပါတဲ့”

“ဟဲ့….....ဟဲ့”

အရီးမကြွေပြာပြာသလဲ “ ဟုတ်ကော ဟုတ်ရဲ့လားဟယ်။ ငါ့ကိုနောက်နေတာလား”

အရီးမကြွေယုံနိုင်ဖွယ်မရှိ။ သူ့တစ်သက် ဦးအမ်ပွား သားကြီး၊ငါးကြီး သတ်လာတာ အံတိုနေပြီကော။

“အရီးကလည်းဗျာ……နောက်စရာလား ဟိုမှာ…ဦးအမ်ပွား အသက်မထွက်ပဲ တန်းလန်းကြီး
မို့ အရီးလုံချည် ယူခဲ့ခိုင်းနေတာ”

အမ်ပွားပါသူတို့သည် အသက်ပြင်းကြသလို အသက်ထွက်ကာနီး အချိန်ဆွဲနေတတ်ကြ၏။ ထိုသူကို မိန်းမလုံချည် အုပ်လိုက်မှ အသက် ဖြောင့်ဖြောင့် ထွက်နိုင်သည်ဟု ဆိုတော့ကာ။ အရီးမကြွေ လုံချည်ခေါက် ကလေးကို ကိုင်ကာ ကိုင်ကာအပြေး ကလေး ချောင်းထဲ ရောက်ချိန်မှာတော့။ချောင်းထဲမှာ လူသွေး နွားသွေး အိုင်ထွန်းကာ သွေး အိုင်ထဲ လဲနေတဲ့ ဦးအမ်ပွား ပါးစပ်ကလည်း “ထုကွ…….သတ်ကွ……ရိုက်ကွ” ရေရွတ်ရင်း အသက်မထွက် နိုင်ပဲ ရှိလေသည်။ ဦးအမ်ပွား၏ လည်မျိုတစ်ခုလုံး နွားချိုရာ ဒလပွနှင့် ငါးမွန်းထားသလို ၀မ်းဗိုက်တစ်ခုလုံး ရှိသမျှ အူတို့ စုပြုံကာ အပြင်ထွက်နေသည်မှာ ကြည့်မြင်မကောင်း။ အမ်ပွားအပိုကြောင့် ဦးအမ်ပွား အသက်မထွက်နိုင်ပဲ ရှိလေသည်။ အရီးမကြွေ ကြာရှည် ရပ်ကြည့်မနေနိုင်တော့ ဦးအမ်ပွား မျက်နှာပေါ် လုံချည်ခေါက်ကလေး တင်ပြီး ချိန်မှာ“ထုကွ …….ရိုက်ကွ…………သတ်ကွ” ညာသံပေးရင်း အသက်ထွက်သွားရှာလေသည်။


အရီးမကြွေ ယောကျာ်းဖြစ်သူကို ကြည့်ကာ “တော့် အကုသိုလ်တုံးကြီး ဘ၀ကူးမကောင်းလိုက်
ပုံများ သေတာတောင် အသိတရား ရမသွားရှာဘူး”

အရီးမကြွေ၏ ငိုသံတို့သည် ချောင်းကလေးထဲ ပဲတင်ထပ်နေလေတော့သည်။


********************@@@@@@@@@@****************

စာကြွင်း....၀ါတွင်းကာလ ဥပုသ်သီတင်း သီလဆောက်တည်ရက် ရောက်ပြီမို့ တောရွာဓလေ့ကို သတိရမိလိုက်တာနှင့် ကြားဖူးနားဝ ရှိနေခဲ့ဖူးသည့် အဖြစ်အပျက်လေးကို အခြေခံပြီးရေးဖွဲ့ထားတာပါ။ ကျွန်မသည်လည်း အညာသူပီပီ မတောက်တစ်ခေါက် ရေးမိနေသော ပိုစ့်လေးတွေသည် ကျေးလက်ရနံ့ပါ နေသောကြောင့် စာဖတ်သူအများစုက ကြိုက်နိုင်မယ်မထင်ဘူး။ ဒါကြောင့် ကျွန်မရေးသည့် မတောက် တစ်ခေါက် လေးတွေကို သူ့အိမ်သွားလည်၍ အားနာ၍သော်လည်းကောင်း ခင်မင်မူ့အရသော်လည်းကောင်း။ နှစ်သက်သော်ရှိ၊ မနှစ်သက်သော်ရှိ အရောက်လာကာ ဖတ်ရူ့ပေးခြင်းကို သုံးနေကျ စကားလေးပဲ ထပ်ခါသုံးလိုက်ပါရစေ။ ကျေးဇူးတင်ပါတယ်နှော်။

******************@@@@@@@@@@@******************


မေတ္တာအားဖြင့်

ခိုင်နုငယ်

24 comments:

မေပယ်လ် said...

ကြားဖူးပြီးသားလေးပေမယ့် ရသပေးပုံချင်းကျ မတူပြန်ဘူး..
မကြီး စာရေးကောင်းတယ်..
စာကြွင်းပြောထားသလို အညာသူဆို
ပေမယ့် သူ့ဇာတ်ကောင်နဲ့သူ စကားလုံး သုံးနှုံးမှု အားကောင်းလွန်းနေပါတယ်..
ဒီ့ထက်မက အောင်မြင်ပါစေ

သဒ္ဓါလှိုင်း said...

ခုလိုကျေးလက်ရနံ့မျိုးလေးကလည်းရှားပါးလှတဲ့
ရနံ့မျိုးနွယ်လေးပါပဲညီမခိုင်နုရေ..။
ဝါတွင်းကာလမှာမမေ့မလျော့သတိပေးပိုစ့်လေးတပုဒ်ပါ.။

ခင်တဲ့
သဒ္ဓါ

ဆွေလေးမွန် said...

ရုံးပိတ်ရက် နားရက်မှာ ဒီလို ပို့ကောင်းကောင်းလေးနဲ့ ကော်ဖီတစ်ခွက်နဲ့မြည်းရတာဟာ
အိမ်ဝေးနေသူတွေအတွက်တော့ အကောင်းဆုံးအပန်းဖြေစရာပါပဲ မခိုင်နုငယ်ရေ

လသာည said...

အော်.. ကျေးလက်ရနံမကင်းတာလေးကိုပဲ သဘောကျနေတာပါကွာ ..

ဒါလေး ဖတ်လို့ ကောင်းလိုက်တာ။ ခိုင်နုငယ်လေး စီကာစဉ်ကာ တအားရေးတတ်တာပဲ..

SHWE ZIN U said...

ညီမ ခိုင်နုငယ် ရေ

အမ တို့ အညာကျေးလက် ကတော့ ဒီလိုပါဘဲ အမ ကတော့ ကြိုက်မှကြိုက်ပါ ဆက်ရေးပါနော် ကျေးလက် ရနံတွေ သာ အမွှေးပျံ့ဆုံး အပြစ်ကင်းဆုံး ပါ

ခင်မင်တဲ့
ရွှေစင်ဦး

ဒေါင်းမင်း said...

အဲလိုအံပွားရှိရင် တုတ်ပြီးဓါးပြီးတယ်ပေါ့။အံပွားဆို့
ဗီဒီယိုကားကြည့်ဘူးတယ်လူမင်းနဲ့လေ။
အရေးအသားတော်တော်ကောင်းအားပေးနေပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘယ်သူပြောလဲ စာရေးမကောင်းဘူးလို့
အောက်ဆုံးအပိုဒ်များ ဖတ်နေရင်း မျက်စိထဲ မြင်ယောင်လာလို့ ကြက်သီးထမိရတယ်..
တကယ့်ကို သံဝေဂ ယူစရာလေးပါဘဲ.. အရေးကောင်းကောင်းနဲ့ ဆွဲခေါ်သွားတော့ ဖတ်ပြီး သက်ပြင်းမော ချလိုက်မိသေးတော့တယ်..

အဖြူရောင်နတ်သမီး said...

ကျေးလက်ဓလေ့အကြောင်းဖတ်ရင်း ဇာတ်ထဲမျောသွားတယ်..ငယ်ရေ..။
နောက်လည်း အဲလိုမျိုးလေးတွေ ရေးပါအုံး..။
စိတ်ဝင်စားလို့....။

ယွန်း said...

မခိုင်နုငယ်ရေ..
သိပ်ဖတ်လို့ ကောင်းတာပဲ ..ကျေးလက်ရနံ့ လေးနဲ့ 
စာအရေးအသားက လိုက်ဖက်ပါပေတယ်..
ဆက်ရေးပါဦး..အားပေးနေပါတယ်...

ခင်တဲ့
ယွန်း

မောင်လေး said...

ကျေးလက်ရနံ ပါတာကိုပဲ သဘောကျပါတယ်..။
ခင်ခင်ထူးဝတ္ထုတွေဆိုသိပ်ကြိုက်ပေါ့...။
ဒီပို့စ်လေးကိုလည်း သဘောကျတယ်..။

ချိုကျ said...

ကောင်းပ...... မခိုင်နုငယ်ရေ...ကျေးလက်အငွေ့အသက်လေးတွေနဲ့ ရေးဖွဲ့ထားတဲ့အကြောင်းအရာလေးက အသိတရားရစေပါတယ်။

ခင်တဲ့(ချိုကျ)

kh said...

မဆိုးဘူး
ငါ့ညီမ အရေးအသားကောင်းလာပီ
အရင်ကလို ဖတ်ရတာ မထောက်တော့ဘူး
ဆက်လုပ်
ငါကတော့ သိပ်မရေးနိုင်ဘူး
အဟတ်


ထက်သူရ

blackroze said...

ခိုင်နုရေ..ကျမလဲအညာကျေးလက်ရနံတွေပါတဲ့
ဝတ္ထုတွေကိုကြိုက်တယ်..
ဆရာမခင်ခင်ထူးရဲ့..
အညာသူအညာသားကျမဆွေမျိုးများ..စာအုပ်ဆို
လွှတ်ကြိုက်ဘဲ
ခိုင်နုရေးတာတွေလဲအရမ်းကောင်းပါတယ်..
ကျေးလက်ရနံပါတာကိုကချစ်စရာကောင်းနေတာ

ခင်တဲ့..Blackroze

ပန်းနုနှင်းဆီ said...

အရေးအသားကောင်းတယ်
ဇာတ်လမ်းလေးကလည်း သင်ခန်းစာယူစရာနော်
တကယ်ကောင်းတာပါ

မြစ်ကျိုးအင်း said...

ဇာတ်လမ်းထက် သုံးထားတဲ့ ဗဟုသုတ လေးတွေကို ပို သဘောကျတယ်ဗျ။
တောရွာတွေက ခပ်ကြမ်းကြမ်း စရိုက် ဝတ္ထုတွေ အဖတ်များထားလို့ပါ။

မယ်ကိုး said...

ကျေးလက်ရနံ့လေးက သင်းသင်းလေး မွှေးပါတယ်။ အားပေးလျှက်ပါ ညီမလေး

ကိုဇော် said...

ပို့စ်တင်တင်ချင်းနေကတည်းက လာမန့်ထားသေးတယ်။ ပျောက်သွားတာလား ဘာလား မသိဘူးနော်။
ဒါကြောင့် ထပ်မန့်လိုက်ပါတယ်။

တောဓလေ့လေး ရေးထားတာများဗျာ အညာဓလေ့ ရေးနေကြ ဆရာမ ခင်ခင်ထူးတို့လို လက်ရာပါပဲလား။ ဖတ်လိုလည်း ကောင်းပ ၊ ဇာတ်လမ်းကို အထိုင်ချထားတာကိုလည်း နှစ်သက်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကိုယ်တိုင် ညှစ်ထုတ်ရေးသားထားတာကို ဒီလောက် အံဝင်ခွင်ကျအောင် ရေးထားနိုင်တာနဲ့တင် ခိုင်နုငယ် ဆိုတဲ့ ဘလော့ဂါကောင်း တစ်ယောက် ဆိုတာကို လေးစားပါတယ်။

တကယ်ကြိုက်ပါတယ်။ နောက်လည်း ဆက်ရေးမဲ့ ပို့စ်တွေကို အားပေးလျက်ပါ။

ရွှေပြည်သူ said...

အရေးအသား သိပ်ကောင်းလို့ ဖတ်လို့ကောင်းသလို စိတ်ဝင်စားစရာ ဇာတ်လမ်းကြောင့်လည်း ရင်နင့်ရပါတယ်။

ရွှေပြည်သူ said...

အရေးအသားသိပ်ကောင်းလို့ ဖတ်လို့ကောင်းသလို စိတ်ဝင်စားစရာ ဇာတ်လမ်းကြောင့်လည်း ရင်နင့်ရပါတယ်။

အင်ကြင်းသန့် said...

အော်....အကုသိုလ်...အကုသိုလ်...တကယ်ကို အသိတရားရစရာပါပဲ။ ကျေးလက်ရနံ့သင်းနေတဲ့ စာလေးကို ရှား၂ပါး၂ ဖတ်ခွင့်ရလို့ ကျေးဇူးပဲ ညီမလေး။

အိမ့်ချမ်းမြေ့ said...

၂ခါမြောက် လာဖတ်ပါတယ် ခိုင်နုငယ်..

ကောင်းမွန်ဝင်း said...

ဇတ်လမ်းသဘောတူတာလေးတွေ သိခဲ့ဘူးတယ်။
ဒါလည်းတမျိုးကောင်းတာပဲ၊
ကျွန်မကတော့ တောအကြောင်းတောင်အကြောင်းတွေ ကြိုက်တယ်။
အားပေးလျှက်ပါ။

K Aung Soe said...

ဖတ်လို့ကောင်းပါတယ်ဗျာ ... ။

K Aung Soe said...

ဖတ်လို့ကောင်းပါတယ်ဗျာ ... ။