အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, August 4, 2010

လျှပ်တစ်ပြက်အတွေ့၏ ပုထုဇဉ်အတွေး

“အသွားမတော် တစ်လှမ်း အစားမတော် တစ်လုတ်” ဆိုတာ အဟုတ်။ “ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလည်း မလွယ်နဲ့” ဆိုပြီး ရှေးလူကြီးတွေ ဆိုရိုးသမှတ် ပြုခဲ့ကြပေမယ့် ။ကိုယ်ကတော့ လွယ်လွယ်သုံး လွယ်လွယ်ကျင့်ခဲ့လိုက်တာချည်းပါပဲ။အစားတစ်လုတ်နှင့် စပ်လျဉ်းကာ တစ်လုတ်ဆိုမှ တစ်လုတ် အစားမတော် ဖြစ်ခဲ့တာ။ မနက်ပိုင်းက ရွှင်လို့လန်းလို့ တစ်နေကုန် ညနေပိုင်းထိ ရယ်ကာပြောကာ မမောနိုင်ပဲ အလုပ်လုပ်နေခဲ့သေးတာ။ ဖြစ်ချင်တော့ ညနေပိုင်းအလုပ်ကနေ အိမ်ပြန်ရောက်တယ်ဆို ထမင်းအိုးလေး ဆေးကူတယ်လိုက်တယ်။ အမလုပ်သူကတော့ ပင်ဒိုင်မီးဖိုချောင် ၀င်ရသူဆိုတော့ကာ ညနေစာအတွက် ချက်ပြုတ်စီမံနေလေရဲ့။ ကျွန်မကတော့ အ၀တ်လျှော်မီးပူထိုး တာဝန်ယူထားသူဆိုတော့ အ၀တ်လျှော်ရေချိုးအပြီးမှာ အမကချက်ပြုတ်ပြီးနေပြီ။ အမရေချိုးတာ တစ်ဖန်ပြန်စောင့်။ ပြီးတယ်ဆို ။ ညီမနှစ်ယောက် ထမင်းဝိုင်းထိုင် မိကြတော့။ အသားဟင်း တစ်ခွက် ငပိရည်နှင့်တို့စရာ မျှစ်ချဉ်၊သရက်သီးစိမ်းတွေပါ ပါလိုက်သေးတာ။ ကျွန်မ အကြိုက်ပေါ့။ ကျွန်မက အချဉ်၊အစပ်ဆို သိပ်ကြိုက်။ အဲသလိုနဲ့ ၀မ်းတစ်ထွာကို သမုဒ္ဒရာ အမှတ်နဲ့ ထမင်းဝိုင်းမှာ ခေါင်းမဖော်နိုင်အောင် စားလိုက်တာ ဘာပြောကောင်းမတုန်း။ ထမင်းနှစ်ပန်ကန်တောင် ကုန်လေရဲ့။

ညဘက်ထမင်းနှစ်ပန်ကန် ကုန်အောင်ဘယ်တော့မှ မစားသူက ထမင်းနှစ်ပန်ကန်ကုန်တော့။ အမလုပ်သူက အံ့တွေသြလို့ “တန်ဆေး လွန်ဘေးတဲ့” “အစားနှင့်နှိုင်း ၀မ်းကိုတိုင်း ၀င်တိုင်းမစားနှင့်” ဟုဆိုကာ ချင့်ချိန်ပြီးစားဖို့ပြောလေရဲ့။ အစာချေချိန်က ရှိမှမရှိပဲကိုး စားချိန်နဲ့ အိပ်ချိန် ကပ်ရပ်ဖြစ်နေတတ်တာမို့ ထမင်းကိုလျော့စားရတယ်။ နို့ပေတဲ့ ကိုယ်ကြိုက်တဲ့အစားစာဆိုတော့ကာ ကျွန်မကမရပေါင် ထမင်းစားပြီးနေတာကိုပဲ သရက်သီးစိမ်းတွေကို ငပိရည်နှင့် တို့ကာတို့ကာ ထမင်းအလွတ်စားလိုက်တာ အားပါးတရပါပဲ။ စားပြီးတယ်ဆို အညောင်းပြေ ကျောကလေးဆန့်ရင်း စာဖတ်နေလိုက်တယ်။

ခဏနေတော့ မျက်လုံးက အချက်ပြလာပြီးရော အိပ်ချင်လာတာနှင့် မွေ့ယာကလေးခင်း စောင်ခေါင်းမြီးခြုံအိပ်လိုက်တာ။ နှစ်နာရီ ၊သုံးချက်တီးချိန်လောက်ရောက်တော့ စားထားတဲ့ အစာတို့က ဆန္ဒပြကျလေရဲ့။ အစ္စရေးနဲ့အာရတ် စစ်ဖြစ်တာ ဗိုက်ထဲကသောင်းကျန်းသူတွေလောက် ကြမ်းမယ်မထင်ဘူး။ ဗိုက်ထဲက သောင်းကျန်းသူတွေကတော့ ရုန်းရင်းဆန်ခတ်ဖြစ်လို့နေတယ်။ ဖြစ်ချေဘူးဆိုပြီး သကာလ ငုတ်တုတ်ထထိုင်တော့လည်း မရ အိပ်ယာဘေးက အမနှင့်အခန်းဖော်အမကတော့ အိပ်မောတွေကိုကျလို့ မျက်နှာကျက်ဆီက ရဟတ်ယာဉ်ကြီးကလည်း တ၀ီဝီနဲ့ပေါ့ နံပါတ်ကုန်ထားတာ ကျန်တဲ့နံပါတ်တွေက ပျက်နေတော့ ရှိတဲ့နံပါတ်ကိုပဲ အားကိုးထားရတော့ သူ့ကြောင့်လည်း ပါမယ်ထင်တယ်လို့ တွေးမိနေတာ။ တ၀ီဝီလည်နေတဲ့ ပန်ကာအောက်မှာ ကျွန်မကတော့ ချွေးသီးချွေးပေါက်တွေကိုကျလို့။ ဗိုက်ထဲကသောင်းကျန်းသူတွေကလည်း တ၀ုန်းဝုန်းနဲ့ပေါ့ ဒီလောက်ရှိလှတာ ဗိုက်အောက်ခေါင်းအုံး တစ်လုံးပြစ်ထိုးကာ ၀ပ်ယားထိုးနေလိုက်တယ်။ သူတို့ကို ဖိနိပ်နှိပ်ကွတ်လိုက်ကာမှ ပိုဆိုးလာပါရော။ ရင်ဝစောင့်တိုးကာ အတင်းတိုးထွက်ကြလို့ ရေချိုးခန်းပြေးကာ ခေါင်းထိုး အန်ရလေတော့တယ်။

ကိုယ့်အပြစ်နဲ့ကိုဆိုတော့ကာ ဘယ်သူ့မှလည်းမနိုးဝင့် နို့ပေတဲ့ ကျွန်မရဲ့မချိမဆန့်တအင်းအင်းတအဲအဲ အသံကြောင့် အမနှစ်ယောက်လည်း အိပ်ယာကနိုးကုန်ကြလေပြီ။ အမဖြစ်သူက ကျွန်မရဲ့ ကျောတွေခါးတွေ သီထုကာ “ဒါကြောင့်ပြောတာ မဆင်မခြင်စားတော့ မချိမဆန့်ခံစားရတာပေါ့” တဲ့။ သူပြောတာ ဟုတ်ပေမယ့် ကျန်တဲ့တဏှာ လျော့ရချင်ရမယ် အစားတဏှာကျတော့ ကျွန်မကလျော့မရဘူးရယ်။

“ဒီညတော့ (Diegin) ဒိုင်ဂျင်းတစ်လုံးသောက်ကာ မှေးနေလိုက်အုံး မနက်ကျမှ ဆေးခန်းသွား ” ဟုဆိုကာ ရှိတဲ့ဆေးလေးတစ်လုံး အမကရှာဖွေကာကျွေးလို့ တစ်ညလုံး ငုတ်တုတ်မှေးရတယ်။ မနက်ကျတော့လည်း ညကအကြွင်းအကျန်တို့က တိုးထွက်ကျလို့ ရေချိုးခန်းထဲ ခေါင်းထိုးပေးရပြန်ပါရော။

မနက် ၉နာရီထိုးတော့ အလုပ်သွားဖို့ပြင်ဆင်ပြီး။ အလုပ်ရောက်တယ်ဆို နည်းနည်းသက်သာသလို ရှိတာနှင့် မှေးနေလိုက်တယ်။ အမလုပ်သူက ဆေးခန်းသွားပြဖို့ တဆူဆူ တဆာဆာ လုပ်တာနှင့် ဘရိတ်တိုင်းချိန် ဆေးခန်းသွားပြီး။ ဆရာဝန်ပေးလိုက်တဲ့ ဆေးသောက်ပြီးကာမှ အခြေအနေတစ်မျိုးပြောင်းကာ ဖျားချင်သလိုလို ချမ်းစိမ့်စိမ့်ဖြစ်လာလိုက် နအုံးနရင်းတွေကိုက်လာလိုက်။ အမက ခွင့်နေ့တစ်ဝက်ယူဟုဆိုကာကျွန်မအသားကို လာစမ်းပြီး အသားတွေပူနေပြီး ဖျားပြီဟုဆိုကာ အိမ်ပြန်နားဖို့ပြောပေမယ့်။ခွင့်ယူရမှာဆိုးတာနှင့် ပေတေနေလိုက်တယ်။ ခွင့်တစ်ရက်ယူဖို့ကလည်း ကျားဖင်ပြေးနိုက်လိုက်ချင်တယ် သူဌေးတော့ မပြောချင်။ အလုပ်မှာနှစ်ချီလုပ်လာတာ ခွင့်တစ်ရက်မှလည်း မယူဘူးသူဆိုတော့ကာ သူဌေးကိုမပြောရဲတာလည်း ပါတယ်ပေါ့။ ဘလော့ပ်ဂါမောင်နှမတွေရဲ့ အိမ်ကိုလိုက်လည်ရင်း စာဖတ်ရင်းအာရုံပြောင်းနေသော်လည်း မရ။ ကျွန်မရဲ့အဖြစ်ကို ကြည့်ပြီး စိတ်မချမ်းမသာဖြစ်နေတဲ့ အမကသူဌေးအခန်းဝင်ကာ အကျိုးအကြောင်းပြောတော့မှ သူဌေးနှင့်အမအတင်းပြန်လွတ်တာမို့ ညနေဘက်ရောက်တော့ အိမ်ပြန်အလာ။ တိမ်တွေက အညိုးနဲ့ မိုးရွာချလာလေရော။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုတာ ဒီလိုအခြေအနေမျိုးကိုပြောတာဖြစ်မယ်ဟု တွေးလိုက်မိသေးတာ။

******

အိမ်နှင့်အလုပ် ဆယ်မိနစ်လောက်သာ လမ်းလျှောက်ရတာမို့ မိုးရေထဲထီးကလေးဆောင်းကာ အိမ်ပြန်ရောက်တယ်ဆို မိုးရေစိုအ၀တ်ကလေးလဲပြီး အိပ်ယာထဲမှေးနေလိုက်တယ်။ နဖူးပေါ်လက်ကလေးတင်ကာ မှေးနေတုန်း ဗြုန်းဆို လူကြီးတစ်ယောက်အခန်းထဲဝင်လာပြီး။ “ကောင်မလေး ညည်းဘာတွေစဉ်းစားနေသလဲ”တဲ့ ကျွန်မကလည်း တစ်ခါမှမမြင်ဖူးသူ လူကြီးကို ခပ်စူးစူးကလေး
လှမ်းကြည့်ကာ..............

“ကျွန်မ အဆန်း သေကြည့်မလို့” ဟုပြောတော့ လူကြီးကတဟားဟားရယ်ကာ

“ကောင်မလေး…ညည်းအဆန်း သေကြည့်မလို့ဟုတ်လား။”

“ဟုတ်တယ်”

ကျွန်မရဲ့အဖြေကို လူကြီးက အံ့သြသလို၊မယုံသလိုနဲ့ ကျွန်မကိုကြည့်တဲ့အကြည့်တွေက အထင်သေးတဲ့ မြင်ကွင်းအရိပ်ယောင်တွေ လူကြီးမျက်လုံးမှာ အထင်းသား မြင်နေရတယ်။ ဟုတ်တယ်လေ လူတွေပြောပြောနေကြတယ် “ သေတစ်နေ့ မွေးတစ်နေ့ ပါကွာတဲ့” သေခြင်းတရားကို လက်ခံသလိုလိုနဲ့ သေခြင်းတရားနဲ့လျှပ်တစ်ပြက် ကြုံတွေ့တဲ့အခါ သေခြင်းတရားကို ကြောက်တတ်ကြတာပဲမဟုတ်လား။ သေခြင်းတရားဆိုတာကလည်း လျှပ်တစ်ပြက်ရောက်လာတတ်တာမျိုး ဘယ်နေရာ၊ဘယ်ဒေသ၊ဘယ်အချိန် ဘယ်လိုရောဂါမျိုးနဲ့ သေရမယ်ဆိုတာ ကံကပြဌါန်းမထားလေတော့။ ကျွန်မလည်း သေခြင်းတရားကို ဆိုးရွံ့၏ မရွံ့၏ကျွန်မ သိချင်နေတာ။ ကျွန်မသွားရင်းလာရင်း နာမ်မည်ကြီးဆရာတော် တစ်ပါးဟောတာကြားဖူးတယ်။ “အရိယာမဖြစ်သေးသရွေ့ရဟန်း၊ ရှင်လူ ပုဂ္ဂိုလ်၊ သတ္တ၀ါမှန်သမျှ သေခြင်းတရားကို ဆိုးရွံ့ကြောက်ရွံ့ တတ်ကြလေသတဲ့”။ ကျွန်မလို အနာဂါတ်လည်းမသေချာ အတိတ်တွေကလည်းမရေရာ ထမင်းနှစ်နပ်ကြား ဗျာများနေတဲ့ ပုထုဇဉ် ကရော သေခြင်းတရားကို ဘယ်နှယ့်များ ရင်ဆိုင်လိုက်မှာပါလိမ့်လို့ တွေးမိရင်း အဆန်း သေကြည့်ခြင်မိတာ။ လူကြီးကကျွန်မကို ခပ်ထွေထွေကလေး စိုက်ကြည့်နေရင်းက

“ကောင်းမလေး ညည်းက ငယ်ငယ်ရွယ်ရွယ်နဲ့အဆန်း သေကြည့်မလို့ဆိုတော့ ညည်းမှာသေခြင်းတရား အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲ” တဲ့။

အို….............. ဟုတ်ပ ကျွန်မရဲ့ အတွေးတွေ မှုန်ဝါးသွားတယ်။ ကျွန်မ ဘာတွေပြင်ဆင်ပြီးလဲ။ ဘာတွေများ ပြင်ဆင်ပြီးပြီလဲ…….. ခေါင်းမီးတောက်အောင် စဉ်းစားလိုက်ရတာ ဒါနဲ့ကျွန်မက လူကြီးကို

“ကျွန်မသေခြင်းတရား အတွက် ဘာတွေပြင်ဆင်ရမှာလဲ” ဟုလှမ်းကာမေးတော့။

“ညည်း အရင်ဦးဆုံး သံယောဇဉ်တွေကို အပြတ် ဖြတ်ရမယ်” လို့

လူကြီးမျက်နှာ အနည်းငယ်ပြုံးရောင်သမ်းကာ ပြောလေတယ်။ လူကြီးရဲ့စကားအဆုံးမှာ ကျွန်မ ဖေဖေနှင့်မေမေ့ကို သတိရသွားမိတယ်။ ကျွန်မသေတာတော့ ဟုတ်ပါပြီ။ ခုနေကျွန်မသေသွားရင် ဖေဖေနှင့်မေမေ ကျွန်မသေတယ်ဆိုတာ နာမ်ကိုပဲကြားရမှာ ရုပ်ကိုတော့ တွေ့ရမှာမဟုတ်။ ဘာကြောင့်ဆို ကျွန်မက ရပ်ဝေးမြေခြား နိုင်ငံခြား ရောက်နေတာကိုး။ ကျွန်မရဲ့နောက်ဆုံးခရီးလေးမှာတော့ ဖေဖေနှင့်မေမေကို မြင်ချင်တွေ့ချင် သေးတယ်။ အဆန်း သေကြည့်မဲ့ပွဲမှာတောင် ကျွန်မ သံယောဇဉ်ရှင်းတမ်းကို မလွတ်မြောက်နိုင်ဘူး။ လူကြီးက ကျွန်မကို ထပ်မံ၍ မေးလေပြန်ပြီ။

“ကောင်မလေး ညည်း သံယောဇဉ်တွေဖြတ်လို့ ပြတ်ရဲ့လား”တဲ့ ကျွန်မလည်း လူကြီးရဲ့မထိတထိ အပြုံးနဲ့မေးခွန်းတွေကို မနှစ်မြို့တာမှန်ပေမယ့် အညံ့ခံလို့တော့ မဖြစ်။

“သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ဖြတ်လို့ မရဘူး။ ကျွန်မက ပုထုဇဉ်ပဲ ခဏတော့အချိန်ပေးပါ”

လို့ လူကြီးကိုပြောတော့ လူကြီးသဘောကြစွာ တဟားဟား ရယ်နေပြန်ရော။ ဟုတ်တယ်လေ ကျွန်မက ပုထုဇဉ်ပဲဟာ သံယောဇဉ်ကို လွယ်လွယ်နဲ့ဘယ်ဖြတ်နိုင်ပါ့မလဲ။ ပုထုဇဉ်ဆိုတဲ့ စကားလုံးဟာ ကျွန်မ အတွက်အကောင်းဆုံး အကာအကွယ် လက်နက်တစ်ခုပဲမဟုတ်လား။ ဒီစကားလုံးလေးကို ကျွန်မ သုံးလိုက်မိတာ ရယ်စရာပါလို့လား။ လူကြီး သဘောကျစွာ ရယ်အပြီးမှာ

“ကောင်မလေး…ညည်းက အဆန်းသာ သေကြည့်ချင်တာ သံယောဇဉ်မှ မပြတ်ပဲကိုး။ ညည်းသံယောဇဉ်တွေ ဖြတ်ရသော်ရှိ မရသော်ရှိ။ သေခြင်းတရားက ပုဂ္ဂိုလ်၊သတ္တ၀ါတိုင်း လျှပ်တစ်ပြက် ကြုံတွေ့ကြရမှာပဲ။ ညည်း…သေမင်းနဲ့တွေ့တဲ့အခါ ညည်းပြုခဲ့ဖူးတဲ့ ကုသိုလ်အမူ့တစ်ခုခုကို သေမင်းရှေ့မှာ အထုပ်ဖြေပြရမှာ။ ညည်းထုပ်ထားတဲ့ အထုပ်ကိုကြည့်ပြီးမှ သေမင်းက ညည်းသွားရမဲ့နေရာကို ပို့ပေးရမှာ ညည်း ဘာအထုပ်တွေ ထုတ်ပြီးပြီလဲ”

လူကြီးရဲ့အမေးကို ကျွန်မ နားမလည်နိုင်ဘူး။

“ဘာအထုပ် လဲ” လူကြီးကို စိုက်ကြည့်ကာ ကျွန်မ ပြန်မေးလိုက်တော့။

“ဒါန၊ သီလ၊ ဘာဝနာ ”

လူကြီးက ဖြေညင်းစွာရွတ်ပြလေတယ်။ လူကြီးလိုပဲ ကျွန်မဖြေညင်းစွာ လိုက်ရွတ်ကြည့်တယ်။

“ဒါန၊ သီလ၊ ဘာဝနာ”

“ဒါန၊ သီလ၊ ဘာဝနာ”

“ဒါန၊ သီလ၊ ဘာဝနာ”

ကျွန်မလိုက်ရွတ်ကြည့်ရင်း………. ကျွန်မရဲ့နှလုံးခုန်သံတွေ ပုံမှန် မဟုတ်တော့သလို ဖြစ်လာတယ်။ အသက်ရှူမ၀အောင် မွန်းကြပ်လာတယ်။ ကျွန်မ အာခေါင်တွေ ခြောက်ကပ်လာတယ်။ ကျွန်မ ဘာတစ်ခုမှ မယ်မယ်ရရ မထုပ်ရသေးဘူး။ ကျွန်မ လူကြီးကို မရဲတရဲ လှမ်းကြည့်ရင်း...............

“ကျွန်မ ......အထုပ်အထုပ်….အထုပ်…”


“မလေး…… ဘာအထုပ်လဲ။ သက်သာသွားပြီလား။ ဆန်ပြုတ်သောက်မလား။”

“ဘုတ်ဘုတ်…..ဘယ်လိုနေသေးလဲ….ဘာလုပ်ပေးရမလဲ။ နိပ်ပေးရမလား”

အတွေးထဲနစ်ကာ မှေးကနဲ အိပ်ပျော်သွားတဲ့ ကျွန်မ တစ်ကိုယ်လုံး ချွေးစေးများ နစ်မွန်းကာ မောဟိုက်နွမ်းလို့ နေတယ်။ အသံတွေကြားလိုက်လို့ မျက်လုံးကလေး ဖွင့်ကြည့်လိုက်တော့။ အလုပ်ကနေ ပြန်ရောက်နေပြီဖြစ်တဲ့ အမဖြစ်သူနှင့် ကျွန်မကို ဘုတ်ဘုတ် လို့ ချစ်စနိုး ခေါ်တတ်တဲ့ (သူငယ်ချင်း မမ) မမစီတို့ ကျွန်မအနားမှာ ထိုင်နေကြလေရဲ့။ ကျွန်မနေမကောင်းဘူးဆိုတာကို ဖုန်းဆက်ပြောလိုက်သည်မို့ အလုပ်ကနေ အပြေးကလေး သတင်းလာမေးရှာတဲ့ မမစီ ကျွန်မနဖူးကလေးကို ကိုယ်ပူချိန်ရှိ မရှိ စမ်းသပ်ရင်း……

“ဘုတ်ဘုတ် ခုဏက အထုပ်…..အထုပ်နဲ့ ရောင်အော်နေတယ်။ ဘာအထုပ်လဲ”

“အိမ်မက်….မက်နေတာ မမစီရယ့်။ အိမ်မက်ထဲမှာ လူကြီးတစ်ယောက်နဲ့ စကားတွေပြောနေကြတာ။ မမစီတို့ ရောက်လာကြလို့။ အထုပ်အကြောင်း ဘာမှ မပြောလိုက်ရတော့ဘူ။”

အိမ်မက်အကြောင်း မမစီတို့ကို ကျွန်မပြောပြတော့။ မမစီ ကျွန်မကို ကြည့်ကာ ခွက်ထိုးခွက်လန်နဲ့ ရီ(ရယ်) ပါလေရော။ ဘုတ်ဘုတ်ကတော့လေ နေမကောင်း ဖြစ်နေချိန်မှာ ဘာတွေ လျှောက်တွေးနေမှန်း မသိဘူးတဲ့။ “မမစီတောင် ဘ၀တစ်ဝက်ကျိုးပြီ။ ဘာအထုပ်မှ မထုပ်ရသေးပါဘူး။ ဘုတ်ဘုတ်က ငယ်ငယ်လေးရှိသေးတာ။ ငယ်ပါသေးတယ်။” တဲ့
သီမှည့် တ၀င်းဝင်း သီကင်းတစ်ဖုတ်ဖုတ်ဆိုတာ မမစီမေ့များထားလေရော့သလား။



***************
အမှာ**** အစားသရမ်းလို့ နေမကောင်းဖြစ်နေချိန် တောင်တွေး မြောက်တွေး တွေးရင်း အိမ်မက်လေးကို အခြေခံပြီး ရေးထားတာပါ။ ခိုင်နုငယ် တရားပေါက်သွားပြီးလို့ မထင်လိုက်ပါနဲ့ လျှက်တစ်ပြက်အတွေ့လေးကို လျှက်တစ်ပြက်တွေးလိုက်မိတာလေးပါ။ ဒီအတွေးလေးကလည်း ဆယ်မိနစ် ဆယ့်ငါးမိနစ် ပြီးတော့ ပြီးသွားတာပါပဲ ခိုင်နုငယ်လည်း ပုထုဇဉ်ပဲဟာ နှော်။ စာဖတ်သူချစ်မိတ်ဆွေ ဘလောပ့်ဂါ မောင်နှမများဆီ အရောက်ကျဲလျှင် ခွင့်လွတ်ပေးပါ ဖြေးဖြေးချင်းလာလည်ပါ့မယ်။ အရောက်လာလည်ကြသော စာဖတ်သူ ချစ်မိတ်ဆွေများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေ။
**************

မေတ္တာအားဖြင့်
ခိုင်နုငယ်

28 comments:

နေ၀သန် said...

စာလေးက တရားရစရာလေးပါ မဘုတ်ဘုတ် ခေါ် မခိုင်နုငယ်.. ဟီးဟိး.. နာမည်နောက်တစ်ခုသိသွားပြီ...

ခင်မင်တဲ့
နေ၀သန်

ကိုဇော် said...

ဖြစ်ရလေ ဘုတ်ဘုတ်ရယ်။
သတိထား. .အခုက တုပ်ကွေးတွေလည်း ဖြစ်နေကြတယ်။ အိပ်ရေးလည်း ဝအောင်အိပ်။

TYZ said...

အဲဒီအထုပ်ကို ဒို့လည်း မပြင်ဆင်ရသေးဘူး။ သွားမဲ့ခရီးအတွက် အထုပ်ကလေးပါမှ ဖြစ်မယ်..... ပျော်ရွှင်ပါစေ..။

သဒ္ဓါလှိုင်း said...

နေကောင်းအောင်ဂရုစိုက်ညီမလေးရေ..။
အေးအေးဆေးဆေးနားလိုက်ပေါ့နော်..။

ခင်တဲ့
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ခိုင်နု
သီလရှင် ၀တ်မယ်ဆိုရင်ကြိုပြော
ဝတ်စုံလှူမလို့..
စာရင်းပေးခဲ့မယ်နော်...
အိမ်မက်ကလေးက ကောင်းသားဘဲ
သတိလာပေးသူကို ကျေးဇူးတင်ရမှာနော်း)
ကျန်းမာရေးဂရုစိုက်.. အိမ်နဲ့ဝေးနေချိန် နေမကောင်းရင် အားငယ်တတ်တယ်.. ကိုယ့်ကိုယ်ကို ဂရုစိုက်နော်..


ချစ်တဲ့
မချော

Anonymous said...

မြန်မြန်နေကောင်းပါစေဗျာ

ခင်တဲ့
အမရွှေစင်ဦး

ကိုကိုမောင်(ပန်းရနံ့) said...

ဘုတ်ဘုတ်ရယ်... အဲဒီအိပ်မက်ထဲက လူကြီးဟာ တုံးဖလားရွာသူကြီး ကိုကိုမောင်လေ။ မမှတ်မိဘူးလား။းဝ)
ဘုတ်ဘုတ်ဆီမှာ ဘာအထုတ်တွေရှိနေလဲလို့ လာစစ်မှာ။ ဘုတ်ဘုတ်အစမ်းသေနေတဲ့အခါ လှစ်ယူပြီးပြေးရအောင်လို့လေ။ ဟာ ဟ။

ကျန်းမာရေးဂရုစိုက်နော်။ မျှစ်ချဉ်တွေသိပ်မစားနဲ့။ မိုးတွင်းနှင့်မျှစ်ချဉ် အဆင်မပြေလှဘူး။ အင်း.. မေ့နေလို့ အကိုလဲ ဒီနေ့မျှစ်ချဉ်ချက်ထားတယ်။ ၀က်သားနဲ့။ ဒါပေမဲ့ အကိုက နေ့လည်စာဘဲစားမှာ ညကိုအိပ်ခါနီးစာဘူး။

ကျန်းမာပျော်ရွှင် အဆင်ပြေပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

kh said...

ညလေး ဘုတ်ဆုံမရေ
ကျန်းမာရေးတော့ဂရုစိုက်ဦးဟ
အပြင်မှာပြောတာနော်
ဘလော့ထဲမှာတော့
သတ်ပုံလေး ဂရုစိုက်ပါ ငါ့ညီမရယ်
အရေးအသားကောင်းပြီးတော့
သတ်ပုံလွဲနေတာတွေက
ဆွမ်းဆန်ထဲ ကြွက်ချေးရောနေသလိုဖြစ်နေတယ်...


ထက်သူရ

မေပယ်လ် said...

တရားသံလေး ဖွဖွ ကြားလိုက်မိသလို
အချဉ်ပေါက်သံလေးတွေလည်း ပါရဲ့
ရေးတတ်တယ်ဗျာ...တော်တယ်

လသာည said...

ဖြစ်ရလေ ခိုင်နုငယ်ရယ်..။ ပြန်နေကောင်းသွားလို့ တော်သေးတာပေါ့နော်..။
အစားမတော် တလုပ်ဆိုတာ တကယ်ပဲ မှန်တယ် ညီမလေး..။ နောက်ကို ဂရုစိုက်. ပါ..

မချောပြောသလိုပဲ သီလရှင်စည်းရင်ပြောဦးနော်း))

ချိုကျ said...

ဟုတ်တယ်နော်...ကိုယ့်နောက်ပါမယ့် အထုတ်တော့သေခြာအောင်ထုပ်ပြီးမှာ သွားသင့်တာပေါ့။ အတွေးနဲ့ အရေးလေးကောင်းပါ၏

ခင်တဲ့(ချိုကျ)

လင်းခေတ်ဒီနို said...

မယ်နု စားပါလေ စားပါ မတားဘူး ပွင့်လောက် ၀မှ ကြိုက်တယ်ဆိုတော့ စားပါ မတားဘူး ကြည့်တော့စားပေါ့ မလေးအစာတွေက စပ်တယ် ဟိဟိ

ဒေါင်းမင်း said...

ဟားဟားဟားခိုင်နုငယ်ညီမကတော့...
အစားတအားစားပြီ...အင်းဘာပဲပြောပြောပါ..အသက်ငယ်တာကငယ်တာပေါ့
အထုတ်သုံးထုတ်ထဲကတစ်ထုတ်လောက်ရအောင်ထုတ်ပါ
..ဟီး သူများသာပြောနေတာ .ကျွန်တော်လဲ..ကောင်းကောင်းမထုတ်ရသေး

ဧပရယ်လ်ပူး@ပူးတေ said...

ခိုင်နုရေ... ရောက်တယ်နော်... ဒီပို့စ်လေးလာဖတ်တာ ဒါပါနဲ့ပါဆို ၃ ခါရှိပြီ... ဒီတိုင်းပြန်ပြန်သွားတာ... မမန့်ခဲ့ရဘူး... အိုင်ဒီယာရေးကို တွေးတွေးပြီး ငါလဲ အထုတ်ပြင်ရဦးမှာပါလားဆိုပြီး... တွေးတွေးပြီးပြန်သွားတာ... ဟုတ်ပါတယ်....သီးမှည့် တ၀င်းဝင်း သီးကင်းတစ်ဖုတ်ဖုတ် တို့ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီလို့ အဆိုရှိတယ်မဟုတ်လား... ငယ်ပါသေးတယ်ဆိုပြီး အထုတ်မပြင်လို့တော့ မရဘူးနော်... ပူးတေတို့လဲ ပြင်ရမှာ

မိုးငွေ့...... said...

ခိုင်နုရေ...ခုတလော ဘလောက်ဂါတွေ တယ်ပြီး နေမကောင်းဖြစ်တတ်ကြတယ်နော်...နေမကောင်းတောင် မမဘလောက်ဂါတွေက မနေသာဘူး ပို့စ်တစ်ခုတော့ရအောင်တင်ကြတာပဲ...နေမကောင်းဖြစ်လဲ ကုန်ကြမ်းရတာပဲ..း)
ညီမလေး ခိုင်နု အမြန်ဆုံးနေကောင်းပါစေဗျာ....

ခင်တဲ့
မိုးငွေ့

ညလင်းအိမ် said...

ဘုတ်ဘုတ်ရယ် ညီမတော့ နာမည်ကြီးပါပြီ အဟားဟား ...
နောက် အစားမသောင်းကျန်းနဲ့ ... အစမ်းလည်း သေမကြည့်နဲ့ ... အထုပ် .. အထုပ် .. အထုပ် ...

:P

အနမ်း said...

အိပ်မက်လေးနဲ့အတွေးလေးကနေ ပိုစ့်ကောင်းလေး တစ်ပုဒ်ဖြစ်လာတာပဲ။ သေမင်းဆီသွားဖို့အတွက် ဘုတ်ဘုတ်ပြောသလိုပဲ အထုပ်တကယ်လိုပါတယ်..။
သတိပေးတဲ့အတွက် ပြင်ဆင်လို့ရတာပေါ့လေ။

အင်ကြင်းသန့် said...

သြော်....အထုပ်...အထုပ်...အထုပ်....ကိုယ့်ကိုကိုယ်လည်း ပြန်မေးဦးမှ ဘာအထုပ်တွေများ ပြင်ပြီးပြီလဲလို့။

ကျန်းမာရေးဂရုစိုက်ပါ ညီမလေးရေ...။

ညအလင်္ကာ said...

တစ်ခဏသာ အိမ်မက်ဆိုပေမဲ့
အဲ့ဒီလိုမျိုး ကိုယ်ကိုယ်တိုင်လည်း ဘာမှမပြင်ဆင်ရသေးဘူးလေ
သံဝေဂလေးရပါတယ်ဗျာ

ခင်မင်စွာဖြင့်
ညအလင်္ကာ

မိုးစက်အိမ် said...

နေမကောင်းဖြစ်ရင်းနဲ့  အိမ်မက်မက်ပြီးက
ယောင်ကတန်းဖြစ်သွားတာနေမှာပါ အစား
အသောက်ကတော့ဗျာ အနော့်လို ပါဘဲလား
မဆိုးဘူး အဖော်ရှိပြီ :D :P

မိုးယံ said...

အစ်မ ဘုတ် ။ ကျွန်တော်တို့က စက္ကန့်နဲ့ အမျှ(ခန္ဓာ ကိုယ်တွင်းကဆဲလ်)သေနေတာပဲ။ ညတိုင်းလဲ အသေကလေး(အိပ်)သေနေတာပဲလေ။ သေခြင်းတရားသည် ကျွန်တော်တို့ဘော်ဒါကြီးပါ။ ဒါပေမယ့် ကြီးကျယ်ခမ်းနားတဲ့ အလုပ်တွေကိုတော့ မသေခင်(အသေကြိါ်) ကလေးပဲ လုပ်နိုင်ကြတာပါ

Anonymous said...

အထုပ် အထည်ရှိမှ လူရိုသေ၊ ရှင်ရိုသေ ဆိုတာ ဒါကိုပြောတာ ... သတိပေးထားတာလေး ...
နှစ်သက်ရပါတယ် ...
ငြိမ်းစိုးဦး

မောင်လေး said...

ဘုတ်ဘုတ်ရေ...မှန်ပါ့...အထုပ်လေးတော့ ထုပ်ထားမှ။
သို့ပေမယ့် အဲလိုတွေးမိတာ ငါးမိနစ်မခံ....။

ဝက်ဝံလေး said...

ဖွားအသက်အရွယ်က ပေါက်သင့်နေပါဘီ (တရားပြောပါတယ် ဟက်)
မြေးရဲ့အဖွားလို့မပြောရဘူး အစားနင်းကန်စားတာကို ဆူဇကာလက်သစ်ဖြစ်မယ်နော် ဟွင့်
မြေး အဖွားစာတွေ ဆက်ဖတ်လိုက်အူးမယ် မနှောင့်ယှက်နဲ့ ဟွင့်

ahphyulay said...

အင်း...
လေးစား သွားရပါတယ်ဗျာ..၊
လူတကာ တို့ ပြု နိုင်ခဲ တဲ့  အကျင့်  လေး ...
“ အစမ်းသေ ကြည့်  ဘို့  လေ ” လုပ်သင့် 
တဲ့  အလုပ် တစ်ခု ပါ ပဲ ။

ကောင်းမွန်ဝင်း said...

အခုမှပဲ သေချာဖတ်ဖြစ်တယ် ညီမရယ်။
သက်သာရဲ့လား။

ဖြစ်တတ်တယ်နော် တခါတလေ ခေါင်းမူး၊ ဗိုက်နာတာလေးက ခံရဆိုးလွန်းတဲ့အချိန်မှာ အဆုံးအစွန်အထိတွေးမိလိုက်တယ်။

တက်ယ်က အမြဲတမ်း တရားနဲ့ သတိရှိရမှာနော်။

ပို့စ်ကောင်းလေးဖတ်ရတာ ကျေနပ်မိတယ်။
ကျေးဇူးပါ။

မြစ်ကျိုးအင်း said...

သတိတရာ အမြဲဝင်ဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး..
ဘာဘဲဖြစ်ဖြစ် မသေခင်တော့ ကောင်းအောင်နေခဲ့ရင် သေတဲ့အချိန်အတွက် ပူစရာ မလိုဘူးလို့ ထင်မိတယ်.. ဒါန၊သီလနဲ့ ဘာဝနာကို တတ်နိုင်သလောက် ထပ်ထည့်လိုက်မယ်ဆိုရင်
အထုပ်ကြီးကြီး ဖြစ်လာပြီပေါ့..
အထုပ်ကြီးကြီး ပါပါစေဗျား

khin oo may said...

တို့လဲဘိုက်အောင့်လို့အဟင့်