အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Monday, July 19, 2010

သင်းကွဲငှက်တို့၏...........အိမ်အပြန်




(၁)
တိုးဖွဖွတိုက်ခတ်လာတဲ့ လေပြည်လေညင်း နုအေးအေးလေးတွေကို အားပါးတရ ရှူးရှိုက်လိုက်မိတယ်။ ဒီလိုသဘာဝက ပေးတဲ့ လေနုအေးတွေကို ရူရှိုက်နိုင်ဖို့ဆိုတာ တစ်ပါတ်မှာ တစ်ရက်သာ ခံစားခွင့်ရှိတာ။ နေ၀င်ချိန် ဆည်းဆာညနေခင်းရဲ့ အလှတရားတွေ မြင်ကွင်းရှေ့ဆီက မျက်စိတစ်ဆုံး လှမ်းမြင်နေရတဲ့ ဆီအုန်းတောဆီက အခတ်အလတ်ခြင်းထိခတ်ပွတ်တိုက် ကလူကျီစယ်သံလေးတွေ ဆီအုန်းတော ထက်ကဆီကနေပျံသန်းနေကြတဲ့ ငှက်ကလေးတွေ အုပ်စုလိုက်ပျံသန်းသွားလာကြနေသလို တစ်ချို့က အုပ်စုကွဲကာ နှစ်ကောင်သုံးကောင်စုပြီး ပျံသန်းနေကြတာတွေ လမ်းကြားလေးထဲ ဖြတ်သန်းသွားလာနေတဲ့ တစ်ယောက်စ နှစ်ယောက်စ လူတွေ ဆိုင်ကယ်သံတွေ ကားသံတွေ ဒါတွေက ကျွန်မအာရုံမှာ ဖမ်းစားနေတဲ့ ပုံရိပ်တွေရယ်။

တကယ်တော့ ကျွန်မအလုပ်ပိတ်ရက်မို့ အဆောင်နောက်ဖေးမြေကွက်လပ်လေးမှာ ခုံပုလေး တစ်လုံးပေါ် ထိုင်ကာ အသင့်ယူလာတဲ့ အရှင်ဆန္ဒာဓိကရဲ့ "တစ်ယောက်တည်းနေ တစ်စိတ်တည်းထား" တရားစာအုပ်လေးကို မဖတ်ခင် တစ်ယောက်တည်းထိုင်နေတဲ့ ကျွန်မရဲ့အတွေးပုံရိပ်တွေက အုပ်စုကွဲကာ တစ်ကောင်းတည်း ပျံသန်းနေတဲ့ ငှက်ကလေးဆီမှာ သူရှေ့ကငှက်အုပ်စုတွေကို အမှီနီးစပ်နိုင်ဖို့ ပျံသန်းနေတာ၊ ငှက်အုပ်စုတွေထဲမှာ ငှက်ကလေးရဲ့အဖေ၊ အမေ၊ ညီအကိုမောင်နှမတွေ ပါနေနိုင်သလား ဒါမှမဟုတ် သူ့ရဲ့သူငယ်ချင်းအပေါင်း အသင်းတွေ ပါနေနိုင်သလား သူပျံသန်းရင်း ပျံသန်းရင်း သင်းကွဲကာ ကျန်နေခဲ့ရရှာတာ။

သင်းကွဲငှက် သင်းကွဲငှက် ကျွန်မကရော ဟုတ်တယ် အဲဒီ သင်းကွဲငှက်ကလေးတွေနဲ့ ဘ၀တူနေသလား။ မိသားစု အသိုက်အမြုံလေးနဲ့ ဝေးကွာနေခဲ့တာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဝေးကွာနေခဲ့တာ တစ်ရက် တစ်လမှ မဟုတ်တော့ပဲ။ နှစ်နဲ့သီခဲ့ပြီ။ ကျွန်မအတွေးပုံရိပ်တွေထဲမှာ အဖွားရဲ့ပုံရိပ်၊ အဖေနှင့်အမေရဲ့ပုံရိပ်တွေ ခွဲခွါခြင်းအဖြစ် ကျန်နေခဲ့ကြသည့်အရာအားလုံးဟာ တရေးရေးနဲ့......။

တကယ်တမ်းခွဲခွါရမယ်ဆိုတော့၊ ကျွန်မချစ်တဲ့မိသားစု အသိုက်အမြုံလေးကို ဘယ်လိုနည်းနဲ့ခွဲခွါရမည်မသိ။ ဘုရားစင်အောက် ပုံ့ပုံ့ကလေးထိုင်နေတဲ့ အဖွားရဲ့ခြေရင်းမှာ ပုဆစ်တုတ်ထိုင်ချလိုက်ကာ အဘွားကို ကန်တော့နေရင်း တင်းထားသည့်ကြားက အတားအဆီးမဲ့မျက်ရည်တို့ဟာ လက်ဖမိုးပေါ် စီးကျနေတယ်။

“ခရီးသွားကာနီးမှာ မငိုရဘူး.မြေးရဲ့.... မျက်နှာမှာလိမ်းထားတဲ့ မိတ်ကပ်တွေ ပျက်ကုန်ပြီ။ သုံးနှစ်သုံးမိုးဆိုတာ ဘာကြာတာလိုက်လို့ နေရင်းထိုင်းရင်း ပြည့်သွားမှာပါ။ ငါ့မြေး သွားလေရာလာလေရာ လမ်းခရီး ခလုတ်မထိ ဆူးမငြိပဲ လိုရာခရီးကို ကျန်းကျန်းမာမာနဲ့ လျှောက်နိုင်ပါစေ။ ရော့....ဒီမှာ ငါ့မြေးတောင်ထားတဲ့ အဖွားရဲ့ခြေရာ။”

အဖိုးအဘွားရယ်လို့ ခင်တွယ်စရာ အဖေ့ဘက်က အမေတစ်ယောက်သာ ကျန်တော့သည်။ ကျွန်မ ခရီးမဖြောင့်မှာဆိုးသည့်အတွက် အဖွားငိုချင်နေလျှက် ဟန်ဆာင်ကာ မူပိုနေမှန်းသိတာပေါ့။ ကျွန်မ မမြင်အောင် ကွယ်ဝှက်သုတ်နေတဲ့ အဖွားရဲ့မျက်ရည်တွေက ကျွန်မရင်ထဲကို တဆစ်ဆစ် နာကျင်စေခဲ့တယ်။ အဖွားကမ်းပေးသည့် အဖြူရောင်ပိတ်စလေးကို ဖြန့်ကာ ကြည့်မိတယ်ဆို အဖွားရဲ့ခြေရာ၊ အဖေနှင့်အမေ့ခြေရာလေးတွေ အသီးသီးနေရာယူထားကြပုံကိုကြည့်ရင်း နယ်မှာကျန်နေခဲ့သည့်အမေ.... ကျွန်မနှင့် အကြာကြီး ခွဲနေရမယ့်ခရီးမှာ အမေလည်း လိုက်ပို့ချင်ရှာပေမယ့်။ အငယ်သုံးယောက် ကျောင်းတစ်ဖက်နှင့်မို့ လိုက်မပို့နိုင်ရှာ။ ရန်ကုန်အဖွားအိမ်ကနေ လေဆိပ်ကိုဆင်းတော့ အဖေ တစ်ယောက်သာ လိုက်ပို့နိုင်ရှာသည်။

လေဆိပ်ထဲကိုအ၀င် အဖေ ကျွန်မလက်တစ်ဖက်ကို ဆွဲယူဖြစ်ညစ်ကာ

“သမီး အဖေစိတ်ချမယ်နှော်.... ကျန်းမာရေးကို ဂရုစိုက် ဟိုရောက်ရင်ဖုန်းဆက်.. သွားသတိ.. လာသတိရှိပါ။ ငါ့သမီးသွားမှာက ရန်ကုန်မန္တလေးခရီးစဉ်မဟုတ်ဘူး။ နိုင်ငံရပ်ခြားခရီး ရေခြားမြေခြားသွားရမှာ။ ဘ၀ဟာ ဆန္ဒနှင့် ဘယ်တော့မှတစ်ထပ်ကျမနေနိုင်ဘူးဆိုတာ.. သမီးလက်ခံနိုင်အောင်ကြိုးစား.. ဆန္ဒကို သိက္ခာနှင့် ထိန်းပါ။ အိအိထွေးနှင့်လည်းသွား အတူလာအတူ စိတ်ဝမ်းမကွဲကြနှင့် သမီးတို့ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ဖေးမပါ။"”
အဖေ့အမှာစကားတွေအဆုံးမှာ.... အားလုံးကိုနုတ်ဆက်ကာ လေဆိပ်အတွင်းပိုင်းထဲကို ရောက်ရှိချိန်မှာတော့ ကျွန်မတို့နဲ့ဘ၀တူ မိန်းကလေးတွေကလည်း အများကြီးပါပဲ.... ကျန်ရစ်ခဲ့ကြသူတွေကလည်း.... ခွဲခွါခြင်းကို လက်ပြနုတ်ဆက်...... ထွက်ခွါသွားရတဲ့သူတွေကလည်း မျက်ရည်စတွေနှင့်။
(၂)
“မြင့်မြင့်သီ...... ဈေးသွားမလို့.... ဘာမှာအုံးမလဲ”

အိအိထွေးအသံကြားမှ ကျွန်မရဲ့ အတွေးအာရုံတွေက အိပ်ယာက လန့်ဖြတ်နိုးလာတဲ့ သူတစ်ယောက်လို. အတွေးတွေ တိကနဲရပ်တန့်ကာ......

“မမှာတော့ပါဘူး.... နင်ဘယ်သူနဲ့သွားမှာလဲ..... ငါပါလိုက်ခဲ့မယ်လေ။”

“နေ..နေ...ရတယ်.... အေးသင်းတို့ပါတယ်။”

ငါးမိနစ်လောက်သာ လျှောက်ရမဲ့ ကုန်စုံဆိုင်ကိုသွားမှာမို့ ကျွန်မလည်း အတင်းဇွတ်လိုက်ဖို့ စိတ်မကူးတော့။ ဒါပေမယ့် ခုတလော အိအိထွေးကျွန်မအပေါ် ဆက်ဆံတာတွေပြောင်းလဲသွားတာကိုတော့ သထိထားမိသလို ရှိပေမယ့်။ အိအိထွေးထွးနှင့်ကျွန်မ အိမ်ချင်းကပ်ရက် ငယ်ငယ်ကတည်းက လည်ပင်းဖက်ပေါင်းလာခဲ့ကြတဲ့ သူငယ်ချင်းတွေ.......
ကျောင်းတက်တော့လည်း တစ်ကျောင်းတည်း အတူတက်ခဲ့ကြသလို၊ တက္ကသိုလ်နယ်မြေရောက်တော့လည်း မေဂျာတူ ယူခဲ့ကြတာပင်။ ကျောင်းပြီးသွားလို့ နိုင်ငံခြားသွားမယ်ဆိုတော့လည်း အတူတူ စာအုပ်လုပ်ခဲ့ကြတာပင်။ သူကအိမ်မှာ အငယ်ဆုံးအထွေးဆုံးမို့ သူ့စိတ်တိုင်းကျ မိဘတွေအလိုက်ထားခြင်း ခံထားရသူ။ ကျွန်မကတော့ မိသားစုမှာအကြီးဆုံးမို့ အငယ်တွေအတွက် တာဝန်ကို မေတ္တာတရားနဲ့ ဘ၀က ထိုးအပ်ခဲ့သည်မို့ ဆုလဒ်တစ်ခုအဖြစ် ထွေးပွေ့ထားခဲ့ရသည်။ ကျွန်မတို့နှစ်ယောက်စလုံး စင်ကာပူထွက်ဖို့ ဆုံးဖြတ်ထားကြပေမယ့်.. အခြေအနေတစ်ခုကို ရပ်မစောင့်နိုင်တဲ့ကျွန်မ.. အမြန်ထွက်ရမည့် မလေးရှားစက်ရုံ အလုပ်နှင့် ထွက်လာခဲ့ကြသည်။ အိအိထွေးလည်း ကျွန်မနှင့်အတူ လိုက်ပါလာခဲ့သည်။ အိအိထွေး... .ကျွန်မအပေါ် မည်မျှပင်စိတ်ကွက်နေပါစေ။ ကျွန်မသူ့အပေါ်ခင်တွယ်ခဲ့သည့် သံယောဇဉ်ကို မည်သို့ပင် ဖြတ်တောက် ပြတ်တောက်သွားနိုင်ခဲ့မည်မဟုတ်ပါ။

ဒါကြောင့် ကျွန်မမှားရင် သူပြင်ခွင့်ရှိသလို . . ..သူမှားရင်လည်း ကျွန်မ ဖေးမှခွင့်ရှိသည်ဟု ခံယူထားသည်။ ဒါပေ မယ့် အချစ်နှင့်ပါတ်သတ်လာရင် အရင်းနှီးဆုံး မိတ်ဆွေတွေက ရန်သူဖြစ်တတ် ကြပါသလား။ တ၀မ်းထဲ ဆင်းခဲ့ ကြတဲ့ ................ညီအကိုမောင် နှမတွေက သူစိမ်းဆန်သွားခဲ့ ကြပါသလား မှားနေတဲ့လမ်းတွေကို လျှောက်ရင် လမ်းကြောင်း မှန်အောင်တည့်ပေးသင့်ပါသလား။ သူ့အပေါ် ကျွန်မထားခဲ့သည့် စေတနာမေတ္တာ တရားဟာ........ ညီအစ်မထက် မသာနိုင်ခဲ့ရင်တောင်.......ထိုထက်လျော့မသွားနိုင်။ သူအသိအမှတ်မပြုနိုင် ခဲ့ရင်တောင်ကျွန်မရဲ့ မေတ္တာ၊ စေတနာတွေကို လျစ်လျှူရူ့မဖြစ်သင့်။ခုတော့ အိအိထွေးတစ်သက်လုံး မွေးခဲ့သည့် ကြက်ကို တစ်မနက်တည်း နှင့်ရိုက်စားပြစ်ရက်သည်။

တက္ကသိုလ် ကျောင်းမှာ ရည်းစားစာလိုက် အပေးခံရတာကို ခေါင်းမဖော်နိုင်အောင် အရှက်ကြီးရှက်နေခဲ့ရ သူက ညဉ့်နက်သန်းခေါင်း ဘယ်ကလာမှန်းမသိတဲ့ ဖုန်းတွေကို လက်ခံစားကားပြောတတ်လာသည်။ "တဟိဟိ............ တခိခိ" အနာဂါတ်အကြောင်း တစ်ခုမှမပါ။ ဟီရိသြတ္တပ္ပ အရှက်အကြောက်တရား ကင်းမဲ့သည့် စကားလုံးတွေ ထဲ၌သာ အရည်ပျော်ဝင်နေခဲ့သည်။ တစ်ဖက်က လည်းပါးစပ်အရသာ၊ နားအရသာခံပြီး။နဖူးကချွေးခြေမကျအောင် မဟုတ်ပေမယ့်ခြေတွေ၊ လက်တွေအကြောဆွဲအောင်လုပ် အားနှင့် ရင်းနှီးကာရလာခဲ့သည့်ပိုက်ဆံတွေကိုလေထဲ မှာအရည်ဖျော် ပြစ်နေကြသည်။ ဖုန်းနံပါတ် တစ်ခုရလျှင် မျောက်လက်ထဲ သေနတ်ထည့် ပေးလိုက်သလို တရပ် စပ်ဆက်နေကြတော့သည်။ နားချိန်မှာနားဖို့ ကျွန်မက ပြောတော့ "နင့်မှာဘာခံစားမူ့မှ မရှိဘူးတဲ့"ကျွန်မခံစားမူ့မဲ့ ခဲ့တာမဟုတ်ပါ။ ခံစားတတ်မူ့တွေကို ဘောင်ခတ်နေခဲ့တာ။

(၃)
တစ်နေ့တော့ဖုန်းတစ်လုံးကနေ နှစ်လုံးဖြစ်လာတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုးပြောင်းလဲလာတယ်။
ဖားတုလို့ ခရုခုန်ချင်နေတဲ့သူ့ကို ကျွန်မ လက်ပိုက်ကြည့်မနေနိုင်သည့် အဆုံးမှာ........... အိအိထွေးကို အကျိုးသင့် အကြောင်းသင့် ပြောဖို့ဆုံးဖြတ်လိုက်တယ်။

“ဖုန်းကနှစ်လုံးများတောင် ဘယ်တုန်းက၀ယ်လိုက်တာလဲအိအိထွေး”

သိလိုစိတ်ဖြင့် မေးလိုက်မိ၏။ သူနှင့် ကျွန်မစားအတူ၊ သွားအတူရှိခဲ့ကြသည်။ စက်ရုံ(night...shift) နိုက်ရှစ်.........်(morning.shift) မောနင်းရှစ်ခွဲတော့ အိအိထွေးက မောနင်းရှစ်၊ ကျွန်မက နိုက်ရှစ်ထဲ ပါသွားခဲ့သည် သူနှင့်........ ကျွန်မ ပိတ်ရက်ဆုံနို့ဖို့က တစ်ခါတစ်ရံ သာဆုံတတ်ခဲ့ကြသည်။ မောနင်းရှစ်နှင့် နိုက်ရှစ် အကူးအပြောင်း အချိန်တိုလေးအတွင်းမှာအိအိထွေးပြောင်လဲနေခဲ့သည်။

“၀ယ်ထားတာမဟုတ်ဘူး။ ကိုအောင်ကြီးပေးထားတာ”

“ကိုအောင်ကြီးဆိုတာ အေးသင်းတို့အကိုတွေနှင့်ပါလာတဲ့သူလား”

“ဟုတ်တယ်”

ကျွန်မရဲ့မေးခွန်းတွေကိုမနှစ်မြို့မန်းသိသာလွန်းလှသည့်တိုတိုပြတ်ပြတ်အဖြေ။

“ဘာဖြစ်လို့ ယူထားရတာလဲ။ အိအိထွေးရယ်..နင့်မှာလည်းဖုန်းရှိ နေတဲ့ဟာကို”

“သူက စေတနာနဲ့ ပေးတာကို ငြင်းလို့ကောင်းမလား။ ဒီပစ္စည်းလေးယူတာဘာဖြစ်သွားမှာမို့လဲ”

“အေး.. ဘာမှဖြစ်မသွားနိုင်ဘူးဆိုတာ ငါနားလည်ပါတယ်။ စေတနာဆိုတာ တွေကိုလည်း ငါလက်ခံတယ်။ ဒါပေ မယ့် .......နင်သူများဆီက ယူပြီးသွားရင်။ ပြန်ပေးရမယ်ဆိုတဲ့ အသိနင့် ခေါင်းထဲမှာ မဖြစ်မနေ ထည့်ရတော့မယ်။ စေတနာ ဆိုတာလိုအပ်မှလက်ခံ တာပဲကောင်းပါတယ်။ မလိုအပ်ပဲ စေတနာနောက်ကွယ်က အရောင်တွေ ကြား မှာနင်သာယာမိန်းမူးမှာ ဆိုလို့ငါသတိပေးတာပါ။ သူများ နှာခေါင်းပေါက်နှင့် အသက်ရှင်ရတာထက်. ကိုယ့်........ နှာခေါင်းပေါက်နှင့် ရသလောက်ရူရတဲ့ အရသာကိုနင်မက်မောစမ်းပါ။”

ကျွန်မ စကားပင်အဆုံး မသတ်သေး။ ..............အိအိထွေး ဒေါသအရှိန်နှင့် စက်ကနဲ ကျွန်မ မျက်နှာကို လက်ညိုး ငေါက်ငေါက်ထိုးလျှက်။

“မြင့်မြင့်သီ ............နင့်အမြင်ကလေး တစ်ထွာလောက်နဲ့ သူများတွေကို ဘောင်ခတ်ပြီး မကြည့်ပါနဲ့။ နင့်ကို နင်ပဲ ဘောင်ခတ်ထား လို့ရမယ်။ နင့်နဲ့ ငါစိတ်တူကိုယ်တူ ရှိခဲ့ကြတယ်လို့ ထင်ထားတာ။ နင်ကအမြင်တွေ ကျဉ်းမြောင်း ပြီးတစ်ဖက်စွန်းရောက်နေသူ။ငါမှားရင်ငါပဲခံရမှာ နာဘာဝင်ပူပင်စရာမလိုဘူး။”

စေတနာတွေပုလင်းကွဲ လောက်တောင် အရောင်ပြန်မဟပ်ခဲ့။ ကျွန်မရဲ့ စေတနာ၊မေတ္တာတွေကိုသဲထဲသွန်လိုက် ရင်တောင်အရာ ထင်ကျန်ခဲ့အုံးမည်။ ခုမှတွေ့ဖူးသည့် လူတစ်ယောက်၏ စေတနာတွေကို ကိုးကွယ်လို့...... ဘာမှ ၀င်ပူပင်စရာ မလိုအပ်ဘူးဆိုသည့် စကားလုံးတွေကြားမှာ ကျွန်မရဲ့ စေတနာတွေ အချည်းအနှီးဖြစ်ခဲ့ရသည်။ ထို အချိန်ကစလို့ အိအိထွေးနှင့် ကျွန်မကြား ဆက်ဆံရေးတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့တယ်။ အိအိထွေး ခြေလှမ်းတွေ အ ရင်ကထက်ပို သွက်လာခဲ့တယ်။ အိအိထွေး ကိစ္စနှင့် ပါတ်သတ်ပြီး ကျွန်မကိုမည်သူမှ အရောတ၀င်မရှိကြ။ ကျွန်မ ကအမြင်ကျဉ်းမြောင်းသူ အရာရာကိုစံချိန်စံညွန်းတွေနှင့် ဘောင်ခတ်ထားချင်သူတဲ့လေ။ ထိုသူတွေထဲက ခိုင်မာ နှင့် ခိုင်ဇာတို့ ညီမနှစ်ယောက် ကတော့အနေအထိုင် အေးဆေးသလို၊ သဘောထားလည်း ပြည့်ဝကြ၏။ ကျွန်မ အပေါ်ငယ်ပေါင်း ကြီးဖော်တွေလို တိုင်ပင်နှီးနှော်ရင်ဖွင့်ခဲ့ကြသည်။ ငယ်ငယ်ကတည်းကလည်ပင်း ဖက်ကာ........ ပေါင်းလာခဲ့သည့် အိအိထွေး ကျွန်မ အနားမှာလစ်ဟာသွားခဲ့ပေမယ့် ကျွန်မသူ့ကိုဥပက္ခာပြုမထားရက်။

“အိအိထွေး ညဘက်တွေ ကိုအောင်ကြီး နင့်ကိုလာခေါ်တယ်ဆို”

“ကိုအောင်ကြီးနှင့် ငါချစ်သူတွေပဲ ဘာထူးဆန်းလို့လဲ”

“အေး..ဟုတ်ပါတယ်။ နင့်နဲ့ သူချစ်သူတွေ ဖြစ်ကြတာ မထူးဆန်းပါဘူး။ ဒါပေမယ့် နင့်သူ့အကြောင်း ဘယ်လောက် သိထားပြီးပြီလဲ”

“သူ့အကြောင်း ဘာသိစရာလိုလို့လဲ။ မလေးရှားနဲ့ ရန်ကုန်သွားလိုက် လာလိုက်။ ဒီမှာအေးဂျင့်လုပ်နေတယ်”

“ဒီအထက်မပိုတော့ဘူးပေါ့”

“နင်က ဘာတွေသိထားလို့လဲ”

“နင့်ကို အေးသင်းတို့က ပြောပြမထားဘူးလား။ သူ့မှာ ရန်ကုန်မှာမိန်းမရှိတယ်။
ကလေးတွေလည်းရှိတယ်။”

ကျွန်မ သူနာကြင်စေမယ့် စကားလုံးမျိုးတွေ ဖြစ်နိုင်ရင်မပြောချင်ပါ။ မပြော မဖြစ်အခြေအနေမို့ သာပြော လိုက်ရ သည်။ ကျွန်မအပေါ် ဒေါသအငွေ့တွေ... နှင့်ကြည့်ခဲ့ဖူးသည့် အိအိထွေးရဲ့ မျက်လုံးတွေ အရောင်ဖျော့ လာတာကို
တော့သတိထားမိလိုက်သည်။ အတန်ငယ် တိတ်ဆိတ်ငြိမ်သက်နေရာမှ အိအိထွေး စကားဆက်လေတယ်။

“ကိုအောင်ကြီး ကိုငါမေးပြီးပြီ။ သူ့မှာမိန်းမမရှိဘူးလို့ ပြောတယ်။”

“နင့် အရွယ်ကပင်လယ်ထဲမှာ ရေမရှိဘူးဆိုတာကို လိုက်ယုံရမဲ့ ကလေးသူငယ်မှမဟုတ် တော့ပဲ။ သေချာအောင်မေးကြည့်အုံးပေါ့”

ကျွန်မ ထိုသို့သာ ပြောနိုင်ခဲ့သည် ဘူးတစ်လုံး ဆောင်ခြင်းကို ယုံကြည် လွယ်လွန်းခဲ့သည့် သူ့အတွက် ကျွန်မရှေ့ ဆက်စရာမရှိတော့။

(၄)
(night..shift) ဆင်းထားသည်မို့မျက်လုံးတွေကျိန်းစပ်ကာဖန်တွတ်နေခဲ့သည်။ခြေ၊လက်တွေပင်မသယ်ချင်တော့ တစ်ကိုယ်လုံး ကျောက်ချထားသည့်နှယ် လေးလံကာ ခြေလက်ပင် မဆေးနိုင် အိပ်ယာထဲ ခေါင်းတိုးဝင်ကာ အိပ်လိုက်မိတော့သည်။ အရင်နေ့တွေကဆို ထမင်းအိုးလေးတစ်လုံးတည်။ ခြေ၊လက်ဆေးပြီးကာမှ အိပ်ယာဝင်ဖြစ် ခဲ့ သည်။ အိပ်ယာက နိုးမှ ရေချိုး၊ ဘုရားရှင် ခိုးပြီး။ ကြက်ဥလေး တစ်လုံး ကြော်ကာ စားသောက်ပြီးတယ်ဆို စက်ရုံ ဖယ်ရီကား အလာကိုစောင့်ရသည်။ ဒီနေ့တော့စက်ရုံက နေအပြန် ဖယ်ရီကားပေါ် မှာလည်း တစ်လမ်းလုံးလိုက် ပါ ငိုက်မျဉ်းလာခဲ့သည်။ အရင်နေ့တွေကလို စကားပြောဖော် ခိုင်မာတို့ ညီမနှစ်ယောက်ကလည်း ဒီနေ့မှ အလုပ် ကပိတ်သည်။ ခါတိုင်းနေ့တွေထက်ထူးထူးခြားခြား စိတ်တွေလေးလံနေမိသည်။ (night-shift)နိုက်ရှစ်ဆင်းထား လို့နေမှာပါပဲ ဟုဖြေတွေးကာ မှေးကနဲ့အိပ်ပျော်သွားခဲ့သည်။

“မြင့်မြင့်သီ......ဟဲ့......မြင့်မြင့်သီ”

မှေးကနဲ အိပ်ပျော်သွားရုံပဲ ရှိသေးသည်။ အသံတွေကြား နေရပေမယ့် မျက်လုံးတွေက စေးကပ်ပြီးဖွင့်လို့မရ။ ခြေ ထောက်တွေကို ဆွဲလှုပ်ကာ ခေါ်နေမှန်း သိပေမယ့် အိမ်မက် လေလားေ၀၀ါးဝါး။ နောက်တစ်ခွန်း အသံမြင့်ကာ ခေါ်လိုက်မှ..........

“မြင့်မြင့်သီ.............”

မျက်လုံးတွေ ပွတ်သပ်ကာ ထထိုင်လိုက်တော့ ခိုင်မာတို့ ညီမနှစ်ယောက် ကျွန်မ အနားမှာမျက်နှာတွေ ကလည်း မကောင်းကြ။ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထိုင်နေကြသည်။

“အိအိထွေး....ဆေးရုံတင်ထားရတယ်။ ညကအရေးပေါ် တင်လိုက်ရတာ။abortion (အဘော့(ထ်)ရှင်း) ဖြစ်တာ။ သူလုပ်ထားတာကကြာပြီ။ အရှိန်မပျက် အလုပ်ဆင်းနေတော့ အလုပ်ဒဏ်ပါရောသွားတာဖြစ်မယ်။”

ကျွန်မ နားအနား အဏုမြူဗုံး တစ်လုံးကပ်ကာ ခွဲလိုက်သလိုပင်။ နားနှစ်ဖက်ကို လက်နှင့်အုပ်ကာ မယုံနိုင်အောင် ဖြစ်ရသည်။

“ငါ မနက်က အေးသင်း အလုပ်ဆင်းတာမြင်လို့ အိအိထွေး လည်းဆင်းတယ်ထင်တာ”

“အေးဂျင့်က ဘယ်သူမှ အလိုက်မခံဘူး။ အေးသင်းလိုက်မယ် ပြောတာ ဟိုမှာ နက်စ်တွေရှိတယ်မလိုအပ်ဘူးတဲ့”

“အေးသင်း...ကိုအောင်ကြီး ဆီဖုန်းမဆက်ဘူးလား။”

“အေးသင်းပြောတာတော့..ကိုအောင်ကြီး မြန်မာပြည်ပြန်သွားတာကြာပြီတဲ့။ သူ့မိန်းမ ကလေးမီးဖွားမှာ မို့ပြန်သွားတာလို့ပြောတာပဲ။ အေးဂျင့်က ...အိအိထွေး ကိုပြန်ပို့မယ် လို့ပြောတယ်မနက်စောစောက အားလုံးကိုလာဆူသွားတယ်။”

ရသာကိုမှင် ဆင်သေကို စီးပါလို့......အပျော်ကြီးပျော်ခဲ့တဲ့ ကျီးမိုက် ပင်လယ်ပြင်ထဲကမ်းမဲ့ခဲ့ပြီ။ အတန်တန် တားခဲ့ သည့်ကြားက မှားယွင်းစွာ မိုက်ခဲ့သည်။ ဘ၀ အလှည့်အပြောင်းတွေက ရုပ်ရှင် ဇာတ်ကွက်တွေကြည့်နေရ သလို ပင်မြန်ဆန်လွန်းလှသည်။

“ငါတို့ ညီမနှစ်ယောက်လည်း နက်ဖန်နှစ်နာရီ လေယာဉ်နဲ့ မြန်မာပြည်ပြန်ရမယ်”

"ဘာ....ဘာဖြစ်လို့ ရုတ်တရက်ကြီး ပြန်ရမှာလဲ"
ကျွန်မ စကားတွေပင်... ပုံမှန်ထွက်မလာတော့။ အမောဆို့နေသည့် လူတစ်ယောက်ကို ရင်ဝ ဆီးကာစောင့် ကန် လိုက်သလိုပင်။

“ငါတို့လည်း မယုံနိုင်အောင်ဖြစ်ရတယ် နှစ်နှစ်ဆက်တိုက် ဆေးစစ်လာခဲ့တာ ပြန်မဲ့နှစ်ကြမှ ဆေးကျတယ်။
သူများတွေကတော့ နိုင်ငံခြားဆိုတာ တစ်ခေါက်လာဖို့ မလွယ်ဘူးတဲ့။ အို(အိုဗာစတေး)ဖို့ ပြောကြတယ်။ ငါတို့မှာကအသိလည်းမရှိဘူး။”

ရုတ်တရက် သူတို့ကိုအားပေးဖို့ စကားလုံးရှာဖွေမရ။ ကျွန်မ ဆွံ့အတိတ်ဆိတ်နေခဲ့သည်။ သူတို့ မျက်နှာတွေမှာ ကျွန်မကို အားကိုးတကြီးနှင့် ကြည့်နေမှန်း အထင်းသားမြင်နေရသည်။

“ငါပြောမဲ့ စကားတွေကို နင်တို့ လက်ခံမှာလား။ လက်ခံမယ်ဆိုရင်တော့ ငါ့မှာနင်တို့ အတွက်စဉ်စားလို့ရမဲ့ အဖြေရှိတယ်။”

“ငါတို့ နင့်စကားကို ဘယ်တုန်းက ငြင်းပယ်ခဲ့ဖူးလို့လဲဟာ။ ဒါကြောင့်နင့်ကိုတိုင်ပင်တာပေါ့”

“ဘ၀မှာ တစ်ခါတစ်ရံ အရှုံးနှင့်ရင်ဆိုင်ရတတ်၏။ ဒါပေမယ့် တစ်သက်လုံး လိပ်ပြာလှုံ၏တဲ့။ ငါတို့.... မိန်းကလေး တွေမှာ ဖြစ်ချင်ရာဖြစ် မောင်ဘချစ် လုပ်လို့မရဘူး။အို(အိုဗာစတေး) ဆိုရင်လည်း နင်တို့ ညီအစ်မမှာအားကိုစရာ
ညီကိုမောင်နှမလည်းမရှိဘူး။ ရှိခဲ့မယ်ဆိုရင်လည်း တကယ်တမ်း ပြဿနာ ဖြစ်လာခဲ့ရင်လည်းသူတို့တွေ လည်းမ ကယ်နိုင်ဘူး။ နင်တို့ညီအစ်မ မြန်မာပြည်မှာ အိုးမဲ့အိမ်မဲ့မဟုတ်တာ။ အိုမဲ့အိမ်မဲ့ဖြစ်ခဲ့မယ်ဆိုရင်တောင်နင်တို့ ညီ အစ်မမှာခြေ၊လက်နှစ်ဖက် အကောင်းတွေရှိသေးတယ်။ နှစ်ယောက်ပေါင်းရင် ခြေ၊လက်ရှစ်ဖက် ဘ၀ကို လိပ်ပြာ သန့်သန့်နှင့် ဖြတ်သန်းလိုက်စမ်းပါဟာ။ မနက်ဖန်ပြန်ဖို့...........ပြင်ဆင်တော့”

ကျွန်မစ ကားသံတွေ အဆုံးမှာ ခိုင်မာတို့ ညီအစ်မနှစ်ယောက် မျက်နှာတွေ ၀င်းလက်သွားကာ ခေါင်းငြိမ့်အတည်
ပြုခဲ့ကြလေသည်။ ခိုင်မာတို့ ညီအစ်မ နှစ်ယောက်ကို ကြည့်ကာဝမ်းသာ ပီတိ မျက်ရည်စို့ရသည်။ အိအိထွေး..... ကျွန်မရဲ့စေတနာ မေတ္တာတွေကို နားလည်ရင် မည်မျှကောင်းလိုက်မလဲ။ ကျွန်မ ဆက်အိပ် လို့မရတော့ သည်မို့ ခိုင်မာတို့ ညီအစ်မ နှစ်ယောက်ကို ပစ္စည်းတွေ ကူးသိမ်းပေးနေမိသည်။ သူတို့ ညီမနှစ်ယောက် မျက်နှာမှာလည်း စိတ်အားငယ်နေတာတွေမရှိတော့........မိသားစုနှင့်ပြန်တွေ့ရတော့မည့် သူတို့ရဲ့ အပျော်တွေပင်.....ကျွန်မထံကူး စက်လာခဲ့ရသည်။ မြန်မာပြည် ပြန်ဖို့ နှစ်လသာ လိုတော့သည့် ကျွန်မလည်း သူတို့ ညီအစ်မဆီက နေရပ်လိပ်စာ တောင်းထားလိုက်သည်။ ကျွန်မ လိပ်စာကိုလည်း သူတို့ ညီအစ်မကို ပေးကာ အရောက် လာလည်ဖို့ မှာကြားရင်း တစ်ယောက်ကို တစ်ယောက်ဖက်ကာ ငိုမိကြတော့သည်။

ညနေ ၆နာရီထိုးပြီမို့.................နိုက်ရှစ ပြန်ဝင် ဖို့အတွက်ပြင်ဆင်ရတော့သည်။ ညစာကို(canteen) ကဲန်တင်းန် မှာပဲ တစ်ခုခုဝယ်စားလိုက်တော့ မည်ဟုဆုံးဖြတ်ကာ............အ၀တ်အစားလဲပြီး စက်ရုံ ဖယ်ရီကား မလာခင် အ ဆောင်နောက်ဖေးဆီထွက်ကာ.......ညနေခင်းရဲ့ လတ်ဆတ်သော လေနုအေးလေးကို .....................အားပါးတရ ရူရှိုက်ရင်း ဆီအုန်းတောထက်ဆီက ပျံသန်းနေကြတဲ့ သင်းကွဲငှက် တွေကိုကြည့်ကာ ......................သင်းကွဲငှက် ကလေးတွေ မုန်းတိုင်းဒဏ်မ ကင်းဝေးကာ...........အပြစ်အနာဆာမဲ့ ချစ်သော မိသားစုတွေနှင့် ပြန်လည် ဆုံစည်း နိုင်ကြပါစေလို့..............................ကျွန်မ တိတ်တိတ်လေး ဆုတောင်းပေးနေမိတော့တယ်။


***********************@@@@@@@@**************************
အမှာ......ဤ၀တ္ထုလေးကိုရေးသားခဲ့ခြင်းမှာ..မည်သူ့အားမျှထိခိုက်နစ်နာစေလိုသောစိတ်ဆန္ဒဖြင့်ရေးသားခဲ့
သည်မဟုတ်ပါ။
***********************@@@@@@@@@******************


မေတ္တာအားဖြင့်
ခိုင်နုငယ်

42 comments:

သဒ္ဓါလှိုင်း said...

ညီမခိုင်နု
သင်းကွဲဌက်လေးတွေလည်းအမြန်ဆုံးမိသားစုနဲ့
ပြန်ဆုံနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်..။
မိသားစုနဲ့ဝေးကွာနေတဲ့အချိန်မှာအရေးကြီးဆုံးက
ကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်ဖို့ပဲနော်..။

ခင်တဲ့
မသဒ္ဓါ

မနုငယ် said...

သင်းကွဲငှက်လေးတွေ
အသိုက်အမြုံဆီအမြန်ဆုံးဘေးကင်းစွာရောက်နိုင်ကြပါစေ
...း)
အရေးအသားလေးက အဆုံးထိဆွဲခေါ်သွားပါတယ်ရှင်
မနုငယ်

နေ၀သန် said...

ဒါတကယ့်လောကမှာ ဖြစ်ပျက်နေမှုတွေ ထင်ဟပ်နေတဲ့ စာတစ်ပုဒ်ပဲ.... ဘယ်နေရာဘယ်ဒေသရောက်ရောက် ဥာဏ်ကိုချွန်းကဲ့သို့ အုပ်ထားသင့်တယ်နော်..... ဖတ်ပြီး ရင်ထဲမကောင်းဘူး...( တကယ့်အဖြစ်လို့ပဲ ထင်ထားတာကြောင့် ပိုဆိုးတယ်)

ခင်မင်တဲ့
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ့်အဖြစ်အပျက်ဖြစ်နိုင်တယ်လို့
ယူဆပါတယ်..
ဖတ်ပြီးစိတ်မကောင်းဖြစ်ရတယ်..
ငှက်တိုင်းရဲ့ အိမ်အပြန်ဟာ လှပသင့်ပါတယ်..လှပနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်..

ကိုကိုမောင် (ပန်းရနံ့) said...

ဘယ်ကမှန်း ဘယ်သူမှန်းမသိဘဲနဲ့ ဘ၀ကို ပုံအပ်ရလောက်အောင် အသိဥာဏ်နည်းတဲ့ မိန်းခလေးကိုတော့ တကယ်ကို အံ့သြမိပါတယ်။ အချစ်ရေးနှင့်ပတ်သက်လာရင် မိန်းခလေးတွေ စိတ်ဓါတ်ပျော့လွန်းအားကြီးတယ်။ ထိန်းထိန်းသိမ်းသိမ်းနေကြမှပေါ့။

ဘယ်လိုဘဲဖြစ်ဖြစ်လေ။ သင်းကွဲငှက်ကလေးတွေ အနာအဆာမဲ့စွာ မိသားစုနှင့်ပြန်ဆုံနိုင်ကြပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်။

မောင် လေး said...

ခိုင်နုငယ် ရေ...ဖတ်လို့ကောင်းတဲ့ ဝတ္ထု တစ်ပုဒ် လို့ပဲ
သဘောထားပြီး ဖတ်လိုက်ပါတယ်။အပြင်က ဖြစ်ရပ်မှန်
တွေ မဖြစ်စေချင်လို့ပါ။ဒီမှာလည်း တစ်ယောက်စ၊နှစ်
ယောက်စ ဒါမျိုးတွေ ကြား၇တယ်။ပိုဆိုးတာက မသိတာ
မဟုတ်ဘူး..။မိန်းမနဲ့ကလေးတွေ ရှိမှန်းသိရက်နဲ့..။

ကိုအောင်(ပျူနိုင်ငံ) said...

သင်းကွဲဌက်တွေ သူတို့ မိသားစုတွေနဲ့ အမြန်
ဆုံး ပျော်ပျော်ရွှင်ရွှင် ဆုံစည်းကြပါစေဗျာ။

ချိုကျ said...

ဇာတ်လမ်းလေးဖတ်ပြီး မောသွားရတယ်ဗျာ။ ကျနော်လည်းဆုတောင်းပေးလိုက်ပါတယ်ဗျာ မုန်တိုင်းဒဏ်မှ ကင်းဝေးနိုင်ပါစေလို့....

ခင်တဲ့(ချိုကျ)

ကိုဇော် said...

ဒီလိုပါပဲလေ. . .
ရေသာများပြီး ငါးမတွေ့နိုင်ပါဘူး။

ဒီလို ဖုန်းဆက်နေသူတွေကို အံ့သြမိပါရဲ့။
မတော်လို့များ ကိုဇော်တို့ ဖုန်းကိုများ မဆက်လေနှင့်။
ပြီးတော့ ပြန်ခေါ်ပါ ကိုဇော် လို့ မလုပ်မိစေနှင့်။
ကိုဇော်တို့ ဖုန်းကဒ်က အမြဲသေနေတာ.......
ကိုယ့်အိမ်တောင်မှ ကိုယ် မခေါ်တာ သူတို့ဆို ဝေးးးးးးး

ယွန်း said...

ဖတ်ပြီး စိတ်ထဲမှာမကောင်းဘူး...
အပြင်ကဖြစ်ရပ်မှန် လို့မယူဆချင်ပါဘူးး
ဘာလို့ လဲဆိုတော့ မိန်းကလေးခြင်း စာနာမိလို့ ပါပဲ
မိန်းကလေးဆိုတာ ဘယ်နိုင်ငံပဲရောက်ရောက်
ကိုယ့်ကိုကိုယ် တန်ဖိုးထားသင့်တာ အမှန်ပါပဲ ..

ခင်တဲ့
ယွန်း

ဒေါင်းမင်း said...

ဒီဇာတ်လမ်းလေးကိုဖတ်ပြီးတကယ့်အမှန်တကယ်မဟုတ်ပါစေနဲ့
စေနဲ့ဆိုတဲ့ရည်ရွယ်မှုနဲ့ဖတ်ရှုပါတယ်။
ဝတ္ထုတစ်ပုဒ်သာဖြစ်ပါစေ....ဖြစ်ရပ်မှန်မဖြစ်ပါစေနဲ့..

မြစ်ကျိုးအင်း said...

စိတ်မကောင်းဘူးဗျာဖတ်ရတာ..
ဒီလိုနိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေကြတဲ့ မြန်မာမိန်းခလေးတွေရဲ့ ဘ၀ဟာ ကိုယ့်ကိုယ်ကိုမှ မထိန်းသိမ်းရင် တကယ်ကိုမလွယ်ပါဘူး...ကိုယ်ချင်းစာမိသလို စိတ်မကောင်းလဲ ဖြစ်ရပါတယ်...

လသာည said...

သင်းကွဲဌက်ကလေးတွေ ချောချောမောမော ဘေးမသီရန်မခ အသိုက်အိမ်ကို ပြန်ရောက်နိုင်ပါစေနော်..။
ဖတ်ရတာ စိတ်မကောင်းဘူး..။

ဇာတ်လမ်းထဲက မြင့်မြင့်သီ.. အတွေးအခေါ်ရင့်ကျက် လူကြီးဆန်တယ်နော်။ သဘောကျတယ်..

ဧပရယ်လ်ပူး@ပူးတေ said...

စာရေးကောင်းလိုက်တာ.... ဒါမျိုးတွေ နောက်ပိုင်း ပိုများလာသလိုပါပဲ.... မိန်းကလေးတွေ မိဘဆွေမျိုးနဲ့ ကွဲကွာနေတဲ့အခါ ထင်ရှာမလုပ်မိကြဖို့ ကိုယ့်ကိုကိုယ် ထိန်းသိန်းနိုင်ဖို့က အရေးကြီးတယ်နော်....

လင်းခေတ်ဒီနို said...

မယ်နု

တကယ်ကောင်းတဲ့ ပို့စ်လေးပါပဲ

း)

SHWE ZIN U said...

ဟုတ်ပ ညီမ ရယ် ဒါမျိုးတွေကြားဘူးတယ် မိုက်လိုက်တာနော်

စိတ်မကောင်းပါဘူး

Anonymous said...

ပျံသန်းဖို့က ငှက်တို့၏တာဝန်ပါ ... လမ်းကြောင်းမှန်ဖို့ဆိုတာ အခြေအနေအများကြီးပေါ် မူတည်မှာပါ။ သင့်/မသင့် ဆင်ခြင်နိုင်စွမ်း ပညာ လိုပါလိမ့်မယ် ။ထင်တာပါ။
ငြိမ်းစိုးဦး

ပန်းနုနှင်းဆီ said...

ခိုင်နုရေ
ဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။။
ဒီလိုအဖြစ်တွေ နည်းနိုင်သမျှ နည်းစေချင်မိတယ်..
စာရေးလဲကောင်းသူဆိုတော့ ဇာတ်လမ်းကလေးက တကယ့်ကို စိတ်မကောင်းစရာ
တကယ့်အဖြစ်အပျက် မဟုတ်ပါစေနဲ့ ဆုတောင်းမိတယ်..

littlebrook said...

( ပျံသန်းဖို့က ငှက်တို့၏တာဝန်ပါ ... လမ်းကြောင်းမှန်ဖို့ဆိုတာ အခြေအနေအများကြီးပေါ် မူတည်မှာပါ။ သင့်/မသင့် ဆင်ခြင်နိုင်စွမ်း ပညာ လိုပါလိမ့်မယ် ။ထင်တာပါ။
ငြိမ်းစိုးဦး) အဲ့ဒီကောမန့်ကို သဘောကျတယ်ဗျ ...
ခုထိ ကျွန်တော်ကိုယ်တိုင်လည်း ယိုင်ထိုးပျံသန်းတုန်း
အဆင်အခြင်မဲ့တဲ့အခါ မဲ့တုန်း၊
ဝတ္ထုလို ကျွန်တော်ခုထိကို မရေးတတ်သေးဘူး ညီမလေးကရေးတတ်တယ် ...

Ivory said...

မမ ... မမရဲ့ သင်းကွဲငှက်ကို အရမ်းကြိုက်လို့ မူရင်းအတိုင်း သူငယ်ချင်းတွေကို လက်ဆင့်ကမ်းလိုက်တယ်။ ခွင့်မတောင်းဘဲ လုပ်လိုက်လို့ စိတ်မဆိုးနဲ့နော်။ အရမ်းကောင်းတယ် ညလေးမှာ အဲ့လိုသူငယ်ချင်းတစ်ယောက်ရှိနေတာ သူ့ကိုပြောလိုက်ရင်လည်းကိုယ့်ကို နင်က မနာလိုနေလို့လားဆိုတဲ့ အတွေးတွေဖြစ်သွားမှာကို မကြိုက်လို့။ ခုမမ ရေးထားတဲ့ အတိုင်း စာရေးဆရာမလည်း နာမည်ကြီးသွားအောင် ဝေမျှပေးလိုက်တယ်နော် ဟီးးးး နောက်မှတွေ့မယ်နော် မမ

အင်ကြင်းသန့် said...

ညီမလေးရေ....
တကယ်ကိုဖတ်လို့ကောင်းတဲ့ပိုစ့်လေးပါ။ အပြင်မှာလည်း မြင်တွေ့ကြားနေရပါတယ်။ သင်းကွဲငှက်လေးတွေ မိသားစုနဲ့ပျော်ရွှင်ချမ်းမြေ့စွာအတူတကွ ပြန်လည်ဆုံဆည်းနိုင်ပါစေ....

ခင်မင်စွာဖြင့်
မအင်ကြင်း

blackroze said...

ခိုင်နုရေ..သင်းကွဲငှက်လေးတွေအမြန်ဆုံးမိသားစုနဲ့
ပြန်လည်ဆုံဆည်းပါစေလို့..
ကျမဆုတောင်းပေးပါတယ်နော်...
ရေးတတ်လိုက်တာခိုင်နု၇ယ်...
ဝတ္ထုထဲကိုမျောပါသွားတယ်....
ကျမတို့မြန်မာမိန်းကလေးတွေ..ရေခြားမြေခြားမှာ
မဟုတ်ဘဲကိုယ်နိုင်ငံမှာဘဲ
ပိုက်ဆံရှာလို့ရနိုင်မဲ့တနေ့ကိုမျှော်လင့်ရင်း....

ခင်တဲ့...Blackrose

srimingalar said...

ခံစားချက်နဲ့ရေးထားတဲ့ သင်းကွဲငှက်လေးကိုဖတ်
ရတာ ကောင်းလိုက်တာ။ အိအိထွေးက အနားမှာရှိနေတဲ့ သူငယ်ချင်းအရင်းဆိုရင်တော့
နာမည်တို့ ဘာတို့ကို တိုက်ရိုက်မရေးသင့်ဘူးလို့ထင်မိပါတယ်။သူတစ်ပါး
ထိခိုက်မိမှာစိုးလို့ပါ။ ဒီလိုပြုပြင်ရေး၊ သတိပေးရေး ဆောင်းပါးလေးတွေ ရေးတာကို သဘောကျပါတယ်။ အားလည်းပေးပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဖြစ်ချင်ဖြစ်၊ မောင်ဘချစ် ၀ါကျလေးမှာ (တာ)ဆိုတဲ့စာလုံးလေး ပါရင် ပိုကောင်းမလားလို့။ ဆရာလုပ်တာဟုပ်ဘူးနော်။ ဒီက ခိုင်နုလောက်ကို မရေးတတ်သေးတာ။

sirimingala said...

ခံစားချက်နဲ့ရေးတဲ့ သင်းကွဲငှက်လေးဖတ်ရတာ
တကယ်ကိုကောင်းပါတယ်ဗျာ။ အိအိထွေးက
မိမိဝန်းကျင်မှာ ရှိနေသေးရင်တော့ နာမည်တွေ
မထည့်သင့်ဘူးလို့ထင်မိပါတယ်။ ပြောင်းထားတယ်ဆိုရင်တော့ အိုကေပေါ့။
ပြုပြင်ရေး၊ အသိပေး၊ သတိပေးဆောင်းပါးတွေ
ရေးတာကောင်းပါတယ်။ အားလည်းပေးတယ်။
ကျေးဇူးလည်းတင်တယ်။ ဖြစ်ချင်ဖြစ်မောင်ဘချစ် ၀ါကျေးလးမှာ (ဖြစ်ချင်တာဖြစ်)တာ ဆိုတဲ့စာလုံးလေးထည့်ရင်
ပိုကောင်းမလားလို့။ ဆရာလုပ်တာဟုပ်ဘူးနော်။
ဒီက ခိုင်နုလောက်တောင် ရေးတတ်သေးဘူး။

sirimingala said...

ခံစားချက်လေးနဲ့ရေးထားတဲ့ သင်းကွဲငှက်လေးက ဖတ်လို့ကောင်းပါတယ်။
အိအိထွေးက မိမိဝန်းကျင်းမှာ `ရှိနေသေးရင်တော့ နာမည်ထည့်တာမကောင်းဘူးပေါ့။ နာမည်ပြောင်းထားတယ်ဆိုရင်တော့ အိုကေ။
ပြုပြင်ရေး၊ အသိပေး၊ သတိပေးဆောင်းပါးလေးတွေရေးတာကောင်းပါတယ်။
အားလည်းပေးပါတယ်။ကျေးဇူးလည်းတင်ပါတယ်။
ဖြစ်ချင်ဖြစ်မောင်ဘချစ်ဆိုတဲ့ဝါကျလေးမှာ(ရာ၊ တာ)လေးထည့်ရင်ကောင်းမလားလို့။ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ပေါ့။
ဆရာလုပ်တာဟုပ်ဘူးနော်။ဒီက ခိုင်နုလောက်တောင် ရေးတတ်သေးဘူး။

sirimingala said...

ကောင်းတယ်ဗျာ

sirimingala said...

သင်းကွဲငှက်က ဖတ်ရတာ ရင်မှာထိစေပါတယ်။

ခိုင်နုငယ် said...

sirimingala(ဦးဇင်း)....ရေ
“ဖြစ်ချင်ရာဖြစ်မောင်ဘချစ်ပါ”
ရာကျန်နေခဲ့တာပါ။..စာရေးတပည့်တော်အမြဲတမ်းရှန်း
တက်ပါတယ်။..ကျေးဇူးပါ။
တပည့်တော်label ခွဲထားပါတယ်..ဆောင်းပါးလို့
ရေးမထားပါဘူး။ဆောင်းပါးဆိုရင်စာဖတ်သူအမြင်တစ်မျိုးပြောင်းမှာဆိုးသည့်အတွက်ဝတ္ထုလို့ပဲရေးထားတာပါ။
ဇာတ်ကောင်းတွေရဲ့နာမ်မည်က..စရိုက်အလိုက်တပည့်တော်ပေးထားတာပါ။ဖြစ်တတ်တဲ့သဘောတရားလေးတွေကိုအခြေခံပြီးဝတ္ထုအဖြစ်ရေးထားတာပါ။
သတိအသိပေးတာကျေးဇူးပါ။

မေတ္တာအားဖြင့်
ခိုင်နုငယ်

မြစ်ကျိုးအင်း said...

အရေးအသားကောင်းတော့ အဆုံးထိ ဆွဲခေါ်သွားတယ်။ ပြီးမှ စိတ်မော နေမှန်း သိရတော့တယ်။
ဇာတ်လမ်းလေးတွေ ထပ်ရေးပါအုံး

ဆွေလေးမွန် said...

အင်း လွတ်လပ်မှုရဲ့အရသာကို လူတိုင်းက အကျိုးရှိရှိ
အသုံးမချနိုင်တော့ အိမ်အပြန် သင်းကွဲငှက်လေးတွေ
တိုင်း မျက်နှာမလှကြရှာဘူးလေ..

ကောင်းမွန်ဝင်း said...

ညီမတို့အရွယ်တူတွေ အချင်းချင်းက ပိုသိကြတယ်။ တကယ့်အဖြစ်အပျက် မို့လား။
မိဘမိသားစုဆွေမျိုးတွေမရှိတော့ ပြောပေးမယ့်သူတွေလည်းမရှိဘူးလေ။ ဘာပဲဖြစ်ဖြစ် ဘေးကင်းကြပါစေလို့ အားလုံးနဲ့ အတူဆုတောင်းပေးပါတယ်။

နေမိုးဝေ said...

ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝတွေပါပဲ။ပါရမီ ဆယ်ပါးမှာ ဥပေက္ခာ ပါရမီ က ကျွန်တော်တို့ အတွက် ခက်ခဲလွန်းတော့ ဒီလိုမျိုးတွေ ကြုံရကြား ရရင် စိတ်မခိုင်ဘူး။ ပြည်ပရောက်မြန်မာအမျိုးသမီးတွေထဲမှာ အိအိထွေးတွေ ထပ်မပေါ်လာပါစေနဲ့တော့ ဆိုတဲ့ ဆုတောင်းကို ကျွန်တော်တို့ အကြိမ်ကြိမ် ရွတ်ဆိုရမှာ။
အပြင်မှာသာ တစ်ကယ်ဆိုရင် အဲဒီဇာတ်ကနာလွန်းတယ်။ abortion လုပ်ရတဲ့ အခြေအနေထိ ဖြစ်လာရတာ အိအိထွေးကိုက တုံးလွန်းတယ်။ တရားဝင် လင်ယောင်္ကျား နဲ့ ဆိုရင်တောင် သူများနိုင်ငံမှာ စာချုပ်နဲ့ အလုပ်လုပ်ရတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆိုတာ ဖြစ်လာလို့မှမရ တဲ့ကိစ္စကြီးကို။
“စေတနာတွေပုလင်းကွဲလောက်တောင်အရောင်ပြန်မဟပ်ခဲ့ ” တဲ့ အလင်္ကာလေးက လှတယ်ဗျာ။

တစ်ခါတစ်ရံမှမဟုတ်ပါဘူး စာရိုက်တဲ့ အခါ ကျွန်တော်တို့ လည်း အမြဲလိုလို မှားတတ်ပါတယ်။
ဒါပေမဲ့
. . . အိပ်ယာကနိုးမှရေချိုး၊ဘုရားရှင်ခိုးပြီး။ကြက်ဥလေးတစ်လုံးကြော် . . . . ဆိုတာကြီး ကတော့ ပြင်လိုက်ပါဦးဗျာ
ဘာသာခြားတွေ မြင်လို့မကောင်းဘူး။(စေတနာ အရင်းခံနဲ့ ပြောတာမို့ စိတ်တော့ဖြင့် မရှိ စေချင်ပါ)

Anonymous said...

ကောင်းတယ်ဗျာ
အားပေးသွားတယ်
သူများတွေမန့်သွားတာလည်းကြိုက်တယ် ကျွန်တော်ကတော့ လက်မထောင်ပြသွားတယ်း)

မောင်ဘကြိုင်

ညလင်းအိမ် said...

ဖတ်ဖူးတယ် မမန့်ဖြစ်ခဲ့တာ ဖြစ်မယ် ...

တကယ်တော့ဗျာ နိုင်ငံရပ်ခြားမှာ ကိုယ့်ကိုကိုယ်ထိန်းနိုင်ဖို့က အဓိကပါပဲ ....
အရာရာကို ပေါ့ပေါ့ထားတတ်သူတွေ အတွက် ရလဒ်က ဘယ်ကောင်းလိမ့်မလဲ ...။

အဲလို ယောက်ကျားမျိုးတွေလည်း ရှိနေတဲ့ အတွက် ခက်တယ်ဗျာ ..

blackcoffee said...

ဒီလို အဖြစ်မျိုးတွေ ကြားရရင် တကယ်စိတ်မကောင်း ဖြစ်ရတယ်။ ကိုယ့်လူမျိုး အချင်းချင်း စည်းမစောင့်တဲ့ လူတွေကိုလဲ ရှုပ်ချတယ်။

မြတ်မွန် said...

အရမ်းကောင်းတယ် ခိုင်နုရယ်..။
စိတ်မကောင်းစွာပါပဲ။
အရေးအသားလေးကောင်းလိုက်တာ။

မိုးယံ said...

အိုး.. မှတ်ချက်ပေးထားသူတွေလဲများပ

ဒါနဲ့ စကားမစပ် အဲဒီကောင်မလေးကိုတော့ မသနားမိဘူး။

နိုင်ငံရပ်ခြားထိရောက်အောင်လာပြီးမှ ပင်လယ်ထဲမှာ ရေခန်းသွားတယ်ဆိုတာကို ယုံသကိုး။ နှမချင်းမစာနာ ပြောသည်လည်းမဟုတ်ပါ။ ဘယ်သူမပြုမိမိ မှုပါ။

သေတစ်ပန်သက်တစ်ဆုံးပေါင်းသွားကြသည့် စုံတွေတွေလည်းရှိမယ်ထင်ပါတယ်။ အခုထိတော့ မမြင်မိသေးဘူး။ ကျွန်တော် မျက်စိမပွင့် နားပိတ် တာ ဖြစ်နိုင်သလို ငါးနှစ်ဆိုတဲ့ အချိန်လေးက နည်းသေးလို့ ဖြစ်မှာပါ။ 3748 ယောက်သော မိန်းကလေးတွေကတော့ အဲလို မျိုးတွေ အဲလောက်မဆိုးတာတွေ ဖြစ်နေကြတာ စိတ်မကောင်းတော့ ဖြစ်မိသား။ ကိုကြီးဇော် ပြောသလိုပဲ ဖုန်းနံပါတ်တော့ လာမပေးနဲ့ ခေါ်ဝူး။

စံလင်းထွန်း said...

စာရေးကောင်းသူ၊ ခံစားမှုအားကောင်းသူတစ်ယောက်ပါပဲ...။

ဒီဝထ္ထုတိုလေးကိုဖတ်ရင်း ထပ်တူခံစားမိပါတယ်။

ဆက်လျှောက်ပါ ...
အားပေးနေပါမယ် ..။

Ko Zey said...

LIKE တစ်လုံးပဲ Comment ပေးခဲ့တော့မယ်နော်။

မင်းသက်စံ said...

အကြောင်းအရာရွေးချယ်မှု၊ အရေးအသားပြေပြစ်ချောမွေ့ မှု၊ အသိပညာတစ်ခုခုပေးနိုင်မှု ဆိုတဲ့ စံတွေ မီတဲ့ ဝတ္ထုတို တစ်ပုဒ်ဖြစ်လို့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆက်လက်ကြိုးစားပါ။ အားပေးပါတယ်။

K Aung Soe said...

စာအရေးအသား အရမ်းကောင်းပါတယ် တစ်နေ့မှာ နာမည်ကြီး စာရေးဆရာမ တစ်ယောက်ဖြစ်လာမယ်လို့ ယုံကြည်စွာ မျှော်လင့်မိပါတယ် ... ။

thaingarra said...

သင်းကွဲ ဆိုပြီး ကဗျာလေး တစ်ပုဒ် ရေးထားဖူး

သေးတယ် ။ ဒီ Essay လေးက ပေးချင်တဲ့

Message မျိုးတော့ မဟုတ်ပါဘူး ... ။ Title

ဖတ်ရင်း ထုံးစံအတိုင်း မဆိုင်တာတွေ

လျှောက်တွေးမိလို့ ... :)