အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, August 17, 2010

ချစ်သောဖေဖေ




အသံလှိုင်းထဲက ဖေဖေ့ရဲ့အသံတွေ

အရင်ကနှင့်မတူ ကတုန်ကရင်တုန်ရီစွာနဲ့

ဇရာရဲ့ရိုက်ခတ်သံတွေ နှောနေပေမယ့်။

ဖေဖေ့ရဲ့မေတ္တာတွေကတော့………..

သမီးအပေါ် လတ်ဆတ်တက်ကြွနေတုန်းပဲနှော်။

အနေဝေးမှ ဖေဖေ့အရိပ်လေး

သမီးတန်ဖိုးထားတတ်ခဲ့ပြီ ဖေဖေ။

သူတို့အရိပ်တွေ ဘယ်လောက်အေးအေး

ဖေဖေ့ အရိပ်လေးလောက် လုံခြုံနွေးထွေးမူ့ မရှိခဲ့ပါဘူး။

ခေတ်ရေစီးထဲ မျှောနေခဲ့ရပေမယ့်

ဖေဖေ့လမ်းညွန် ကိုယ်ကျင့်တရားတွေကို

သမီးရင်ဘတ်ထဲထည့်လွယ်နေတုန်းပါပဲ။

“အသဲ” မာတတ်တဲ့ ဖေဖေ့သမီး ဂျစ်ကန်ကန် ကောင်မဆိုးလေးဟာ

မိုးတွေညို့ရင် ရှိုက်တတ်နေခဲ့ပြီ။

အခွင့်အရေး ရှိခဲ့သေးရင်………..သမီးလေ

ဟိုးငယ်ငယ်ကလို ……

ဖေဖေရဲ့ လက်မောင်းတွေကိုရီးလေးခိုစီးချင်သေးတယ်။

ဖေဖေနှင့်အတူ ဘောလုံးကန်ချင်သေးတယ်။

ဖေဖေနှင့်အတူ ငါးမျှားထွက်ချင်သေးတယ်။

ဖေဖေနှင့်အတူ ကောင်းကင်ပြာပြာတွေထဲ စွန်လွှတ်ချင်သေးတယ်။

ပြီးတော့……………….။

ဖေဖေ့ရဲ့ ပခုံးစွန်းလေးမှာထိုင်ပြီး

ဟိုးကမ္ဘာ့အပြင်ဘက်က

အနားသတ်မိုင်းကုတ်စက်ဝိုင်းအစွန်းတွေဆီ

ငေးကြည့်ချင်သေးတယ်။



**************@@@@@************
“အသက်တွေသာ ကြီးလာတယ်။
ဒဏ်ရာတွေသာ များလာတယ်။
ကိုယ့်အကြောင်းနှင့် ကိုယ်
ခေတ်ရေစီးထဲ စုန်ဆန်မျှောနေကြရတယ်။
ငယ်ဘ၀အပေါ် ဖြတ်စီးသွားသော
မြစ်ရေတွေကတော့ ပြန်မလာကြတော့.....................။”
************@@@@@*******************


မေတ္တာအားဖြင့်
ခိုင်နုငယ်

29 comments:

လင်းခေတ်ဒီနို said...

ဖေဖေ့လမ်းညွန် ကိုယ်ကျင့်တရားတွေကို

သမီးရင်ဘတ်ထဲထည့်လွယ်နေတုန်းပါပဲ။

“အသဲ” မာတတ်တဲ့ ဖေဖေ့သမီး ဂျစ်ကန်ကန် ကောင်မဆိုးလေးဟာ

မိုးတွေညို့ရင် ရှိုက်တတ်နေခဲ့ပြီ။

သိပ်ကောင်းတဲ့ ကဗျာလေးပဲ ခံစားလိုက်ရတာ အထပ်ထပ်ပါပဲ မယ်နု

ခင်မင်စွာဖြင့်
ဗညား

နေ၀သန် said...

အခွင့်အရေးရှိသေးရင်တဲ့လား... ကျွန်တော်တော့အခွင့်အရေးမရှိတော့ပါဘူး...


ခင်မင်တဲ့
နေ၀သန်

မဗေဒါ (၈၈) said...

အဟမ်း ညီမ ကုလားမငေး.......

တွေးတာလေးက မိုက်ပါ၏.. (အတွေးကောင်းတာကို ပြောတာပါ..။).. အင်း.. သူလည်း အဖေ့သမီးပဲ.. တူတူပဲ.. တို့များလည်း ဖေဖေ့သမီး ပဲ.. ....။

ဒါနဲ့ ကုလားမလေး ဖေဖေနဲ့ နိုင်ချန်ဌား သွားပြီး ငါးငါးတွေမျှားနေတာလား.. အင်းယား သွား လည်း ရပါရဲ့နဲ့.. အင်းးးးးးးးးးးးးးးးးးးးး..။ ပိုက်ဆံပေါတယ် ထင်တာပဲ.. ဒီဘက်လဲ နဲနဲစွန့်ပါ..။

မဗေဒါ (၈၈)

မေပယ်လ် said...

ငယ်မြစ်ရေတွေကတော့ ပြန်မလာကြတော့...
အတွေးလေး လှလိုက်တာ..ကိုယ်တိုင်ရေးချင်ပေးမယ့် မရေးတတ်သော ကဗျာလေးပါ

Anonymous said...

ညီမ ရေ

ကဗျာလေး ကသိပ်ကောင်းတာဘဲ ညီမ အတွက် အခွင့် အရေး တွေ အမြန်ဆုံး ရပါစေလို့ ဆုတောင်းပါတယ် အမ ကတော့ ဖေဖေ ရှိရင်ပြေးတာဘဲ မအေးချမ်းလွန်း လို့

ခင်တဲ့
ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

သိပ်ကောင်းတဲ့ကဗျာလေးပါလား...
ညီမလေးကအဖေကိုအရမ်းလွမ်းနေတယ်..မသဒ္ဓါလည်း
ထပ်တူပါပဲကွယ်..။

ခင်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

အဖေ့သမီး ချင်းတူနေပြီ ငယ်ရေ...
အဆေ့ရင်ခွင်ထဲ ခေါင်းဝှေ့တိုးဖို့ ဆိုတာကတော့
“မ”အတွက် အခွင့်အရေးမရှိတော့ပါဘူး...

ညီမငယ် ချစ်တဲ့ဖေဖေနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ပါစေကွယ်...။

နွေဆူးလင်္ကာ said...

ဖေကလဲ လွမ်းနေမှာပါ ...

ကိုရီး{ကိုကြီး} said...

ကောင်းတယ်ဗျာ...
ရှားရှားပါးပါး ဖတ်ရခဲတဲ့ အဖေလွမ်းတေးလေးပေါ့။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ဆွေလေးမွန် said...

သူငယ်ချင်းခိုင် မျှော်လင့်နေတဲ့ ချစ်တဲ့ဖေဖေရဲ့ အရိပ်လေးမှာ မြန်မြန်ခိုနားခွင့်ရပါစေ သူငယ်ချင်းလေးရေ

ကိုဇော် said...

လက်ရှိ အချိန်က အကောင်းဆုံးပါပဲကွယ်။

မိဘကျေးဇူးကို အထူးအထွေ မဆပ်နိုင်တဲ့ သားသမီးတွေက မိဘစကားကို အသွေမတိမ်းနားထောင်တာ တစ်ခုတည်းနဲ့ ကျေးဇူးဆပ်ကြတယ်တဲ့။

အုပ်ကြီး said...

ကိုယ်ကျင့်တရားတွေ ဆက်လွယ်ပြီး ..
လျှောက်လှမ်းနိုင်ပါစေ လို့ ဆန္ဒပြုရင်း..

Anonymous said...

အဖေမရှိတော့တဲ့အချိန်မှာ သူများတွေ အဖေနဲ့အတူပျော်ရွင်နေတာကိုကြည့်ပြီး
ဝမ်းနည်းမိပါတယ်ဗျာ

ခင်မင်စွာဖြင့်
ညအလင်္ကာ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မလဲ ခုတစ်လော အဖေနေမကောင်းဘူးဆိုလို့ အဖေ့အတွက်ဆုတောင်းရင်း အရမ်းကိုသတိရနေမိတာ..

တိုက်တိုက်ဆိုင်ဆိုင် ညီမ ကဗျာလေးဖတ်ရတော့ ပိုပြီး သတိရမိတယ်..

အကြမ်းထည် said...

ထိမိ ရှမိတဲ့ စကားလုံးတွေ နဲ့ အဖေ့အလွမ်းပုံရိပ်တွေ နက်နက်ရှိုင်းရှိုင်း ထင်ဟပ် စေပါတယ်...။

ဆက်လက်၍ .... ပျော်ရွှင်စြွာံဖင့်ခရီးရှည် ကို ချောမွေ့စွာ ချီတက်နိုင်ပါစေ။

with reps;

မြစ်ကျိုးအင်း said...

အဖေဟာ ကျွန်တော်တို့အတွက်တော့ သူရဲကောင်းပါဘဲ....
ဝေးနေတဲ့အချိန်တွေမှာ အဖေရဲ့ စကားတွေပြန်ကြားယောင်ရင်း ဘ၀ကိုရင်ဆိုင်ဖို့ အားမွေးကြရတာပါဘဲ...

Anonymous said...

ကိုယ်ချင်းစားမိတယ်


မောင်ဘကြိုင်

အင်ကြင်းသန့် said...

နုငယ်ရေ....ခံစားချက်တွေက အတူတူပါလား။ အစ်မကတော့ အသက်တွေဘယ်လောက်ကြီးလာကြီးလာ အဖေနဲ့ဆိုရင် ကိုယ့်ကိုကိုယ်ကလေးငယ်တစ်ယောက်လိုပဲ ခုချိန်ထိခံစားမိနေတုန်း။ ပြီးတော့ ကိုယ့်ဘ၀ရဲ့ ဟီးရိုးကလည်း အမြဲတမ်း အဖေပါပဲ....။

မိုးစက်အိမ် said...

အဖေ့အတွက်ကဗျာလေးက ခံစားရပါတယ်
အဖေချစ်တဲ့သမီးတစ်ယောက် သိတတ်တဲ့
သမီးလိမ္မာတစ်ယောက်အနေနဲ့  ဖြစ်ချင်တဲ့
ဆန္ဒတွေပြည့်ဝနိုင်ပါစေဗျာ :)

သူကြီးမင်း (တုံးဖလား) said...

ဖတ်ရင်းနဲ့ ငိုချင်စရာကြီး။ အင်း.. လွမ်းတတ်ပါတယ်ဆိုမှ ဒီလို ထိထိမိမိကဗျာကို ဖတ်မိလေတော့ ဘာကိုလွမ်းရမှန်းမသိဘဲနဲ့ တကယ်ကိုဘဲ လွမ်းသွားမိတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဇော်သိင်္ခ said...

ဖေဖေအကြောင်း တွေ ဖတ်ပြီးရင် ကျွန်တော်လည်း ဖေဖေ ကို အရမ်း သတိရမိတယ်ဗျာ.. ဖေဖေက ကျွန်တော်တို့ကို ခွဲခွာသွားတာ တစ်နှစ်ကို မပြည့်သေးတော့ ပိုပြီး ဝမ်းနည်းမိပါတယ်..

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

Anonymous said...

ဖခင် အလွမ်းစိတ်ကိုလှလှပပ မြင်နေရပါတယ်။တတားအောက်က ရေတွေ အမြဲ
စီးဆင်းနေတာမို့ ပြန်လည်တမ်းတကျေနပ်ခါ
နောက်အချိန်ကို ဘယ်လို ဆက်စပ်ပေးမလဲ။
အဖေ့ လိုအင် ကို မိမိ လိုအင်နဲ့ ညှိနှိုင်း
ဒါဆို တတိုင်း မခြားနိုင်တော့ဘူး ထင်ပါတယ် ...
ငြိမ်းစိုးဦး

ပန်းနုနှင်းဆီ said...

အိုး.. ဒီပိုစ့်လေးဖတ်ပြီး ဖေဖေ့ကိုသတိရမိတယ်
မျက်ရည်တောင် လည်မိတယ် ခိုင်နုရေ
ခိုင်နုဖေဖေကျန်းမာပါစေနော်
ခင်မင်စွာဆုတောင်းပေးသွားပါတယ်..

ကောင်းမွန်ဝင်း said...

မြန်မာပြည်မှာတုန်းက မိုးရွာလို့ကတော့ မမှုသေးဘူး။
ညီမရေးထားတဲ့
“အသဲ” မာတတ်တဲ့ ဖေဖေ့သမီး ဂျစ်ကန်ကန် ကောင်မဆိုးလေးဟာ

မိုးတွေညို့ရင် ရှိုက်တတ်နေခဲ့ပြီ။

ဆိုတဲ့ အပိုဒ်လေးက သိပ်မှန်တယ်။
နိုင်ငံခြားရောက်တော့ မိုးအုံ့တာနဲ့
ငိုချင်လာတော့တာပဲနော်။

ဖွား ရဲ့ မြေး said...

အမငီးးး ဖွား ရဲ့ မြေးက အသဲနုပါတယ်ဆိုမှ အီးးးဟီးးးး ရွှတ် ဖတ်
ဗြီးးးးးးးးးး ဗြဲ

ပေါ့ဆိမ့် said...

အိမ်မှာဆို အဖေ နဲ့ ကျွန်တော် ကြားမှာ စကား နည်းတယ် ..
ဝေးနေတော့လည်း ဇရာကြောင့် မာန် အားယုတ်နေတဲ့ အဖေကို သတိရ မိပါတယ်..

ညလင်းအိမ် said...

“အသက်တွေသာ ကြီးလာတယ်။
ဒဏ်ရာတွေသာ များလာတယ်။
ကိုယ့်အကြောင်းနှင့် ကိုယ်
ခေတ်ရေစီးထဲ စုန်ဆန်မျှောနေကြရတယ်။
ငယ်ဘ၀အပေါ် ဖြတ်စီးသွားသော
မြစ်ရေတွေကတော့ ပြန်မလာကြတော့.....................။”


အဲလိုတော့ ပြောနဲ့လေဗျာ .. ငိုချင်တယ် ...

အဖေဟာ အဖေပါ .. ဘာပဲလုပ်လုပ် ဘာတွေပဲ ဖြစ်ဖြစ် အဖေဟာ အဖေပါပဲဗျာ ....

ကဗျာလေး ကောင်းဧ။် ..

မြစ်ကျိုးအင်း said...

နိင်ငံရပ်ခြား ရောက်လာတော့ အဖေ့ကို ပိုသတိရမိလာတယ်။ ဘဝထဲကို ဝင်လာလို့နဲ့ တူပါရဲ့။ ငယ်ငယ်ကတော့ မေမေ့ကို အချစ်ပို တယ်ထင်မိခဲ့ဖူးတယ်။

ဖိုးခွား(ဘိတ်သားလေး)။ said...

" ဖေဖေ့ရဲ့ ပခုံးစွန်းလေးမှာထိုင်ပြီး
ဟိုးကမ္ဘာ့အပြင်ဘက်က
အနားသတ်မိုင်းကုတ်စက်ဝိုင်းအစွန်းတွေဆီ
ငေးကြည့်ချင်သေးတယ်.." ရင်ဘတ်ရဲ့အလယ်တည့်တည့်ကို ထိတယ်ဗျာ။