အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Tuesday, June 29, 2010

မမအတွက် ညီမလေးရဲ့လက်ဆောင်





သာမာန်ရိုးကျ ဘ၀နင်းကြမ်းများကို

ဖြတ်သန်းလာတဲ့ မိသားစုလေးဆီမှာ
"မွေးနေ့ဆိုတာ" အရှိန်အ၀ါကင်းလို့
ပကာသနအရောင်မဲ့လို့သာ။
မမရေ........"ဒီနေ့ဟာ"
မမကိုမွေးခဲ့သောနေ့လား?
မမကိုမွေးပေးခဲ့သောကျေးဇူးရှင်ရဲ့
မရဏမင်းနဲ့စစ်ခင်းသောနေ့လား?
ဒီနှစ်ခုကြားခွဲခြားသိလို့
နှစ်ဆယ့်ငါးမိုင်တိုင်ထိ
ကောင်းဆိုးနှစ်တန်
အမှားနဲ့အမှန်ကိုဝေဖန်ထောက်ရှု့
လမ်းပြပေးခဲ့ကြသော"မိတာပီတု"မိနှင့်ဖကို
ကျေးဇူးဆပ်သင့်သောနေ့လေးတစ်နေ့ပေါ့။
မမရေ......."ဒီနေ့မှာ"
ဟက်ပီးဘက်ဒေး သံပြိုင်သီလို့
ရှု့မငြီးဗိမ္မာန် ရောင်စုံတွေကြား
တန်ဖိုးတပ် ဘက်ဒေးကိတ်နှင့်
အလှမဆင်နိုင်ခဲ့ပေမယ့်။
မမရဲ့ ပါးပြင်ထက်
ညီမလေးပေးသော ခပ်ဖွဖွအနမ်းတစ်ချက်ဟာ
မမအတွက် ထာဝရလက်ဆောင်ပါ။


******************************************************************
မနေ့က အလုပ်ကနေအိမ်အပြန်ဆယ့်ငါးမိနစ်သာလျှောက်ရသောလမ်းမှာ "မလေး...နက်ဖန်မမမွေးနေ့"
လို့ပြောခဲ့သောမမရဲ့အသံဟာ ညနေခင်းမှာတိုးတိတ်ညင်သာနေခဲ့တယ်။
ကျွန်မတို့မိသားစုလေးမှာ မွေ့နေ့ရောက်သူတိုင်းဟက်ပီးဘက်ဒေးသံပြိုင်သီချင်းမသီဆိုခဲ့ဖူးသလိုတစ်ယောက်အကြိုက်
တစ်ယောက်လိုက်ကာ ဘာရုပ်ဝတ္ထုပစ္စည်းမှမ၀ယ်ပေးခဲ့ကြဖူးပါဘူး။
ဒါပေမယ့်မွေးနေ့ရောက်သူတိုင်းအတွက်ကျွန်မမေမေကဆွမ်းဟင်းချက်လို့ရွာဦးဘုန်းတော်ကြီးကျောင်းမှာအမြဲကုသိုလ်ယူ
ပေးခဲ့ပါတယ်။ ခုလိုရပ်ဝေးမြေခြားရောက်နေတဲ့ သမီးတွေအတွက်အပါတ်စဉ်မွေးရက်ရောက်တိုင်းဆွမ်းချက်ကာကုသိုလ်
လုပ်ပေးကြောင်းဖုန်းဆက်တဲ့ခါတိုင်း ၀မ်းသာဝမ်းနည်းပြောပြခဲ့တယ်။

အလုပ်ကပြန်ရောက်တယ်ဆို ချက်ကာပြုတ်ကာ၊ရေမိုးချိုးထမင်းစားသောက်ပြီးတာနဲ့စောစောအိပ်ယာဝင်သွားတဲ့မမရဲ့
မျက်နှာလေးကိုကြည့်ရင်းအမှတ်တရလေးသူ့အတွက်ရေးချင်မိတာ ကဗျာမမှီ၊စာမပီရေးဖွဲ့ပြီးချိန်မှာည (၁၂)နာရီထိုး
နေပါပြီ။ဒါနဲ့မမမျက်နှာလေးကိုဟက်ပီးဘက်ဒေးဆိုပြီးငုံ့ကာအနမ်း( :) အရှောင်ကောင်းလို့ မျက်နှာနဲ့လက်ဝါးနည်း
နည်းလေးလွဲသွားတယ်:)သူကအိပ်အနေဆတ်သလိုယောင်တတ်သူမို့အိပ်ပျော်နေချိန်သူ့အသားထိလိုက်တာနဲ့ဖျောင်း
ကနဲတီးပြီးသားပဲ။ကံကောင်းလို့နှော်။:)
ကျွန်မနဲ့မမအသက်တစ်နှစ်ကျော်ကျော်သာကွာပေမယ့် သူကအမ်းတိတ်ခေတ်ကဖွားကြီးအို၊ကျွန်မကဒီဘက်ခေတ်လူငယ်
ဆိုတော့ တစ်ခါတစ်လေအမြင်ချင်းမတူတဲ့ဆွေးနွေးငြင်းခုန်မူ့လေးတွေဟာလမ်းတစ်ဝက်မှာပဲရပ်ပြစ်ခဲ့တာလေးတွေရှိသလို
တစ်ခါတစ်လေမှာတော့ အဖုအထစ်လေးတွေနဲ့ပဲနားလည်မူ့ကိုရယူနိုင်ခဲ့ကြပါတယ်။ စာဖတ်သူချစ်သောမိတ်ဆွေများအ
တွက်ဘက်ဒေးအကျွေးအမွေးဧည့်ဝတ်မကျေနိုင်တာ ခွင့်လွတ်ပါနှော်။:) :) :)
********************************************************************


မေတ္တာအားဖြင့်
ခိုင်နုငယ်

တိမ်ခိုးငယ်.....ဝေ



တိမ်ခိုးငယ်မှ ဝေေ၀
နှောပင်ကြီး နှောသီးကြွေ
လေပွေတိုက်လို့ (၀ဲတတ်တယ်)
ဥသျှစ်သီး မြေကြီးမှာမြုပ်
ပြာဖုံးအုပ်လို့ မီးဖုတ်လိုက်လျှင်
သီးဖော်ရယ်မှ သီးဖက်အပင်ထက်မှာ
တက်တက်စင် မီးကင်သည့်နှယ်(ကွဲတတ်တယ်)
သနပ်းခါး ကျောက်ပြားပေါ်တွင်
သောက်ရေအေးနှင့် ရောသွေးလာလျှင်
နံ့သာပေါ် (ကျဲတတ်တယ်)
ပန်းနီနီ မပန်လေနှင့်
အမယ်မှာ နတ်ပန်းပွင့်တဲ့အတင့်ငယ်မှ(ရဲချင်)
ပျော်လိုအားနဲ့ခေါင်းဖျားတင် အရင်လူနဲ့
(လွဲတတ်တယ်)။


ရှေးစာဆို * ရှင်ငြိမ်းမယ်*


:) နည်းနည်းလောက်ကြော်ငြာဝင်ခွင့်ပြုပါနှော်....:)
ရှေးစာဆိုရှင်ငြိမ်မယ်ရေးဖွဲ့ထားတာလေးပါ။အရမ်းကိုကြိုက်နှစ်သက်မိလို့
သိမ်းထားချင်မိတာနဲ့ကူးယူဖော်ပြလိုက်ပါတယ်။ ဒါလေးကိုရာဇာဝင်းတင့်ကသီချင်းပြန်ဆိုထားတာ
လေးလည်းရှိပါတယ်။နားထောင်လို့အတော်ကိုကောင်းပါတယ်။ကျွန်မတို့လိုဟစ်ဟော့ပ်ခေတ်ထဲမှာ
ဒီလိုသီချင်းလေးတွေကိုပြန်နားထောင်ရတာလည်းလွမ်းမောဖွယ်ရာပါပဲ။

ဒီစာစုလေးကို အခြေပြုပြီး ဒါရိုက်တာမောင်သီကလည်း တိမ်ခိုးငယ်...ဝေဆိုပြီး
ပုံဖော်ထားတာလေးကလည်း တောတောင်အငွေ့အသက်လေးတွေပါလို့ရယ်လားမသိ..မြင်ကွင်းတွေ
စိမ်းစိမ်းဆိုဆိုနဲရုပ်ရှင်ကြည့်ရသူတွေအတွက်ရင်အေးစေပါတယ်။

ဒါကတော့ဒါရိုက်တာမောင်သီရိုက်ကူးပုံဖော်ထားတဲ့ဇာတ်လမ်းလေးပါ။ကျွန်မတော့ကြည့်တာသုံးကြိမ်ရှိပါပြီ။
ရုပ်ရှင်ကြိုက်နှစ်သက်သူတွေအတွက် ကြည့်ဖူးပြီးသားလည်းဖြစ်ချင်ဖြစ်မယ်မကြည့်ရသေးသူတွေအတွက်
အင်တာနက်မှာရှာပြီးကြည့်ပါ။ အင်တာနက်မှာမရှိရင်ဖြင့်အခွေငှားပြီးပဲကြည့်လိုက်ကြပေါ့နှော်။
ပထမတော့ဟာသရုပ်ရှင်လို့ထင်ရပေမယ့်..နောက်ပိုင်းမှာအစအနောက်သန်လွန်းတဲ့သူတစ်ယောက်ကို
ထောင်တဲ့စကားရယ် (ရီ) ပေါ့ဆိုတာလိုအချိန်အခါနေရာမကြည့်ပဲစနောက်တတ်တဲ့သူ့ရဲ့အကျင့်စရိုက်
ကြောင့်လူတွေယုံကြည်မူ့နည်းသွားကြတာလေးကိုရသအဖြစ်ပုံဖော်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။

ရုပ်ရှင်အညွန်း



ထပ်ပြီးနည်းနည်းလောက်အာချောင်ခွင့်ပြုပါနှော်....:)
ကျွန်မကတော့တောသူမို့ထင်ပါရက်နှော်..အညာကျေးလက်သဘာဝကိုအခြေပြုပြီးရေးဖွဲ့ထားတဲ့ဝတ္ထုတို၊
ဝတ္ထုလတ်၊၀တ္ထုရှည်အကုန်ကြိုက်နှစ်သက်တယ်။ဆရာမခင်ခင်ထူးရဲ့ဝတ္ထုတွေဆိုအညာကျေးလက်ရဲ့
အငွေ့အသက်တွေပါတော့ဖတ်ရတာတမေ့တမောနဲ့မက်မက်မောမောရှိလှပါတယ်။

သူများတွေဘောလုံးပွဲတွေကြည့်ပြီးအိပ်ရေးပျက်နေချိန်မှာ..ကျွန်မကတော့စားပြီးတာနဲ့အိပ်ယာနဲ့ထိလိုက်
ရင်ကွေးကနဲအိပ်ပျော်သွားတာမို့ဘာစာမှမရေးဖြစ်ပါဘူး။(တစ်ခါတစ်လေမနက်မိုးလင်းတာတောင်နမြော
နေမိသေးတယ် :) အအိပ်မက်တာကအဲလို မနက်အိပ်ယာထကျွန်မရဲ့နိုးစက်အမတော်ကအတင်းဇွတ်နိုးကာ
မှ ရှူးရှူးရှဲရှဲနဲ့အလုပ်သွားဖို့ပြင်ရတာ)။

ခုတလောလကုန်ရက်မို့အရင်လိုအလုပ်ကနေလစ်ရင်လစ်သလိုစာရေးရအောင်ကလည်း ရေးဖို့ကိုအချိန်မပေးနိုင်ပေမယ့်၊ ဘလောပ့်မိတ်ဆွေတွေအသစ်တင်ရင်ဖြင့်အရောက်သွားလို့ဖတ်မိတာ။
အသစ်မတင်သေးဘူးလားလို့စီဘောက်စ်ကနေနုတ်ဆက်သွားကြတဲ့ချစ်မိတ်ဆွေများလည်းဒါလေးနဲ့ပဲ
ကျေနပ်လိုက်ပါနှော်။




မေတ္တာအားဖြင့်
ခိုင်နုငယ်

Friday, June 25, 2010

ပဲမြစ်စားသော ယောကျာ်း




စာရေးမယ်ဆိုပြီး ကောက်ကာငင်ကာ ဘလောပ့်လေး လုပ်ထားမိပြီးကာမှ။ စာရေးဖို့ကို တွန့်ဆုတ် တွန့်ဆုတ် လုပ်နေ မိတဲ့ကိုယ့်ကို ကိုစိတ်တိုင်း မကျဖြစ်နေမိတယ်။ တကယ်တော့ ကျွန်မက စာရေးချင်တာထက် စာဖတ် ရတာကို ပိုနှစ်သက် မက်မောသူမို့ ဘလောပ့်ရယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ။ ဘလောပ့်ရယ်လို့ တည်ဆောက်ပြီးသွားရင် သူများချကျွေးတာကိုပဲ စားနေမဲ့အစား ကိုယ်တိုင်လည်း ရသသော်လည်းကောင်း၊ သုတ သော်လည်း ကောင်း၊ ပေါ့ပေါ့ပါးပါး ဟာသသော်လည်းကောင်း၊ ဖြစ်ရပ်ဆန်းကြယ် အမှတ်တရ အစရှိသဖြင့်ပေါ့ အဲလိုလေး တွေစာဖတ်သူအတွက် ရေးနိုင်ရမှာပေါ့လို့ တွေးမိရင်း တစ်ကြောင်းရေး နှစ်ကြောင်းခြစ် လုပ်ကာ ရေးလိုက် ရပါ တော့တယ်။
******
ခုတလော ကျွန်မရင်ထဲမှာ လာငြိနေတဲ့ အတွေးစ တွေ့ကြုံခံစား နေမိတာလေးကို ပိုစ့်တစ်ခု အဖြစ်ရေး ချင်နေ မိတယ်။ ဒါနဲ့ ကျွန်မ စာတစ်ကြောင်း၊ရေးမယ်ဆို ခေါင်းစီး(ခေါင်းစဉ်)ကို အရင်ဦးဆုံး စဉ်းစားရတာပဲ ပထမဦးဆုံး ကျွန်မ ရေးမဲ့ ခေါင်းစဉ်လေးကို “ပဲမြစ်စားသော ယောကျာ်းများ” လို့ ပေးလိုက်မိတယ်။ ကိုယ်ပေးလိုက် မိတဲ့ ခေါင်းစဉ်ကို သေချာ ပြန်ဖတ်ကြည့်ရင်း စဉ်းစားလိုက်တော့ ခေါင်းစဉ်တစ်ခု အောက်မှာ အားလုံးကို အကျုံးဝင် ဆွဲသွင်း လိုက်မိသလို ဖြစ်သွားမှာ ဆိုးသည့်အတွက် “ ပဲမြစ်စားသော ယောကျာ်း” လို့ပဲ ပြန်ပြောင်း ပေးလိုက်ပါတယ်။

လာငြိနေသော အကြောင်းအရာလေးက ဒီလိုပါ။ ကျွန်မ အလုပ်မှာစ၀င်ကတည်းက တစ်ခါမှလုပ် ကျင့်မရှိခဲ့သည်အလုပ်ကို သူဌေးက လုပ်ပေးဖို့ညွန်းကြား ပါတော့တယ်။ တစ်နေ့ကျွန်မရဲ့အလုပ်ရှင်သူဌေးက ကျွန်မ လုပ်ရမည့် အလုပ်ကို လာရှင်းပြပါတယ်။ “ဒီနေ့ မြန်မာပြည်က house maids တွေရောက်မယ် တစ်ဖက် Customer ဆီကို မပို့ခင်မှာ သူ့ဆီက house maid တစ်ယောက်ဟာ လုံလောက်တဲ့ အိမ်မူ့ ကိစ္စကျွမ်း ကျင်မူ့ ရှိရမယ်လို့ဆိုတယ်။” ဒါကြောင့် တစ်ဖက် customer ဆီမပို့ခင် Indonesia အင်ဒိုနီးရှား House maid Supervisor ကtraining ပေးရမယ်။ ဒါကို ကျွန်မက counsellor လုပ်ပေးရမယ်လို့ ဆိုပါတယ်။” ဒါနဲ့ ကျွန်မလည်း သူဌေး၏ အတည်ပြုချက် အတိုင်း မြန်မာ house maid တွေကိုtraining ပေးမဲ့နေရာကို ရောက်သွားခဲ့တယ်။

မြန်မာ house maid လို့အသံကြား လိုက်ကတည်းက ရင်ထဲမှာ မသိမသာ နင်နေမိတာတော့ အမှန်ပဲ။ မည်သည့် အလုပ်မဆို သမ္မာအာဇီဝ မျှတရင် မိမိဂုဏ်ယူတတ်ရင်ဂုဏ်ရှိတယ်လို့်ဆိုပေမယ့်။ ဒီလိုနိုင်ငံလေးမှာ အခြားသော အာရှနိုင်ငံတွေ ကသာ house maid ရယ်လို့ လာလုပ်ကြတာပါ။ မြန်မာ house maidကတော့ မရှိသလောက် ရှားပါတယ်။ လူဆိုတာကလည်း ခတ်တယ်ရယ်လို့ပဲ ပြောရမလားပဲ။ ကိုယ့်ငချဉ်မ ချဉ်တယ်ရယ်လို့ သတ်မှတ် တက်ကြသလိုကိုယ့်လူမျိုးကို ပိုပြီးချစ်တတ်ကြတယ်။

အခြား အာရှနိုင်ငံသူတွေ House maidလာလုပ်တာ ကိုယ်တိုင် မြင်တွေ့နေရပေမယ့် ကျွန်မရင်ထဲ ဘယ်လိုမှ မနေတာပဲ။ ဟော......... ကိုယ့်မြန်မာ လူမျိုးရယ်လို့ အသံကြားလိုက်တာနဲ့တင် ကျွန်မရင်ထဲ မသိမသာ လှုပ်ခတ် သွားမိတယ်။ သူများနိုင်ငံမှာ ကျွန် လာခံကြတာချင်း အတူတူ ကိုယ့်နိုင်ငံသားက အဆင့်မြင့်တဲ့ ကျွန်ရယ်လို့ ဖြစ်ချင်နေသေးတာ။

House maid လုပ်မဲ့ သူတို့တွေနဲ့ တွေ့တယ်ဆို ကျွန်မလည်း အားယူကာ ပြုံးလို့ နုတ်ဆက် လိုက်တယ်။ သူတို့ လည်း ကျွန်မကို မြင်တယ်ဆို မြန်မာဆိုတဲ့ အသိနဲ့ အားရ၀မ်းသာ နုတ်ဆက်ကြပါတယ်။ သူတို့တွေထဲက တစ်ယောက်ကတော့ ကျွန်မမိခင်အရွယ်။ သူမကိုမြင်တော့ ဖော်ပြလို့မမှီနိုင်သော ခံစားမူ့မျိုးနဲ့ ရင်ထဲ နင့်နင့် သည်းသည်းပါပဲ။ ဒါနဲ့ကျွန်မလည်း အန်တီအသက် ဘယ်လောက် ရှိသွားပြီလဲလို့ မေးလိုက်တော့။

“သုံးဆယ့်ခုနှစ်ပါသမီးတဲ့” သုံးဆယ့်ခုနှစ်နှစ် လို့ပြောလိုက်တဲ့သူမရဲ့ရုပ်သွင်ဟာ ဇရာရဲ့ပြရုပ်လား။ လောကဓံရဲ့ ထုထောင်မူ့ ဒဏ်လေးလားမသိ။သုံးဆယ့်ခုနှစ်နှစ်ဇရာမဟုတ်ပဲ လေးဆယ်ကျော်ငါး ဆယ်ဝန်းကျင်ဖြစ်နေတာပဲ။
သူမရဲ့အသားအရေ ဆိုရင်လည်း တင်းတင်းရင်းရင်း ဆိုဆိုပြေပြေ မရှိတော့ပဲ။ အသားအရေတို့ဟာ နေလောင် ကွက်လို ညိုမဲမဲ အကွက်လေးတွေသည် ဟိုတကွက်ဒီတကွက်။ သူမရဲ့ဆံနွယ်တွေကိုလည်းကြည့်အုံး ဆီးပြားနှင့် မည်သည့် အချိန်ကတည်းက ဝေးကွာနေခဲ့သည် မသိနီကျင်ကျင် အရောင်အသွေးမရှိတော့။

ထိုနီကျင်ကျင် အရောင်အသွေး မရှိတော့သည့် လိမ်ကောက်ကောက် ဆံပင်လေးကို မြန်မာပြည်ကနေ ဂုတ်ပေါ် တင်ယုံ ညှပ်လာခဲ့ဟန်တူ၏။ ခဏနေတော့ သင်တန်းပေးမဲ့ အင်ဒိုနီရှားသူက ကျွန်မကို “ခိုင် သူတို့ ဆံပင်တွေကို ညှပ် ရမယ်နှော် house maid ဆိုတာ ဆံပင်တိုနေမ သန့်သန့်ရှင်းရှင်းမှ ဖြစ်မယ် လို့ဆိုတော့” ကျွန်မလည်း “အန်တီ့ ဆံပင်ညှပ်ရမယ်”လို့ ပြောလိုက်တယ် ဆိုရင်ပဲ သူမ၏ နီကျင်ကျင်အရောင် မရှိတော့သည့် ဂုတ်ပေါ်ဝဲကျ နေသော ဆံနွယ်တွေထဲသို့ သူမ၏ လက်သွယ်သွယ်ကလေး ငါးချောင်းကို ထိုးထည့်ရင်း တရှုံှ့ရှုံ့ငိုတော့တယ်။

သူမ ငိုနေတာ မြင်တော့ ကျွန်မလည်း အားပေးစကား ပြောဖို့ရာ သူ့လက်ကလေးကို စုပ်ကိုင်ရင်း “အန်တီရယ် ဘယ်အရာမှ မမြဲပါဘူး သင်္ခါရပါ ညှပ်လိုက်နှော် အလုပ်အဆင်ပြေဖို့ ပဲမဟုတ်ဖူးလား။” အဲဒီလို ပေါ့ပေါ့ပါးပါး ကျွန်မ အားပေးစကား ပြောလိုက်ရပေမယ့် ကျွန်မရင်ထဲမှာတော့ သူနဲ့ ထပ်တူပေါ့ပေါ့ပါးပါး ရှိမနေခဲ့ပါဘူး။ သူမ ငိုနေရင်းက စကားဆိုလေတယ်။ “အန်တီငိုတာ ကလေးတွေကို သတိရလို့ပါကွယ် ဒီဆံပင်ညှပ်ရမှာ နှမြောလို့ မဟုတ်ပါဘူး”တဲ့။ “ကလေးတွေက ဘယ်အရွယ်တွေလဲ”လို့ ကျွန်မ မေးလိုက်တော့။ “အကြီးဆုံးသားက ဒီနှစ် ဆယ်တန်း အောင်တာသမီးရဲ့ စက်မူ့တက္ကသိုလ် တက်ရမယ်။ အငယ်လေး နှစ်ယောက်က တစ်ယောက်က ငါးတန်း၊ တစ်ယောက်က ငါးနှစ်သမီးပဲရှိသေးတယ်။ သားကြီးကိုလည်း ကျောင်း ဆက်တက်စေချင်တယ်။ အငယ် နှစ်ယောက်ကလည်း စားအားကောင်းတဲ့ အရွယ်တွေ ရောက်နေပြီ မြန်မာပြည် မှာကလည်း သိတဲ့အတိုင်းပါပဲ သမီးရယ် ဒီနေ့နဲ့ နက်ဖန် မတူတဲ့ ခေတ်ထဲမှာ အစားအသောက် သရေစာတွေက တော့ တစ်နေ့တစ်မျိုး မရိုးနိုင်ဘူး။ အိမ်ရှေ့ ဈေးသည်လာတိုင်း ၀ယ်မကျွေးနိုင်တော့ သူတို့လေးတွေကို ကြည့်ပြီး စိတ်ဆင်းရဲရတယ်။ ဒီအတိုင်း လက်ပိုက်ထိုင်ကြည့်နေရမှာ ထက်စာရင် ဒီကို ထွက်လာပြီး တစ်လ တစ်သိန်းလောက် ပို့နိုင်ရင်ပဲ သူတို့ စားချင် တာလေး တွေ။ သူတို့ဝယ်ချင် ၀တ်ချင်တာလေးတွေ လုပ်ပေးနိုင်အောင်လို့ သာထွက်လာခဲ့ရတာ။ ခလေးတွေကို ထားခဲ့ရတာ စိတ်မချဘူး။” မျက်ရည် စက်လက်နဲ့သူမ ပြောပြနေရှာတယ်။

မိခင် တစ်ယောက်ရဲ့မေတ္တာဟာ ဖွင့်ဟ၀န်ခံ ပြစရာမလို သူမရဲ့မျက်ရည် တွေက သက်သေပါပဲ။ ကျွန်မ သူမကို ပြောသင့် မပြောသင့် မစဉ်းစားနိုင်တော့ပဲ “အန်တီ့ အမျိုးသားကို လာခိုင်းရမှာလို့”ပြောလိုက်တော့။ “အန်တီ့ ယောကျာ်းက အရက်သောက်တယ်။ သူ့အာရုံထဲမှာ အရက် ကလွဲရင် ဘာမှရှိတော့တာ မဟုတ်ဘူး။ ခုနက ပြောတဲ့ ခလေးတွေကို စိတ်မချဘူးဆိုတာ အဲတာတွေပါတယ်။” သူမရဲ့ စကားတွေကို ဆုံးအောင် နားမထောင် ဖြစ်တော့ပဲကျွန်မရဲ့အတွေးတွေ အဝေးတစ်နေရာ ကိုလွင့်ပါသွားတော့တယ်။

***
ကျွန်မတို့ ခပ်ငယ်ငယ်အရွယ်က အမေပြောပြဖူးတဲ့ ဇာတ်လမ်း ရာဇ၀င်လေး တစ်ခုကိုသွားပြီး သတိရမိတယ်။ အမေက ကျွန်မတို့ကို သွန်သင်ဆုံးမ လိုတဲ့အခါ ရှေးက ပုံပြင်၊ရာဇ၀င် ဇာတ်လမ်း၊ ပုံတိုပါတ်စ စုံလင်စွါနဲ့ ရှင်းပြ တတ်တယ်။ အမေ ပြောပြခဲ့ဖူးတဲ့ ရာဇ၀င်လေးက “ပဲမြစ်စားသော ယောကျာ်း” ဟိုး အရင်တုန်းကပေါ့ စစ်ကြီး
ဖြစ်လို့ အသက်ကို ကျည်ဆံတွေ ထဲပါမသွားဖို့အရေး ပြေးကြ လွှားကြရတယ်။ အဲဒီချိန်မှ မိသားစုလိုက် ပြေးကြ လွှားကြ ရတယ်ပေါ့။ ဒီအထဲက မိသားတစ်စုက ပြေးလွှား နေကြရင်းက တစ်နေရာ အရောက် သစ်ရိပ်ဝါးရိပ် လေးမှာ ထိုင်နားခဲ့ကြတယ်။

အနေ့နေ့ အရက်ရက် ပြေးလွှား နေကြရတော့ လူကြီး တစ်ယောက်ရဲ့ဝမ်းတထွာဟာ အသိဥာဏ်ကြောင့် ချုပ်တည်း နိုင်ပေမယ့်။ ကလေးတွေရဲ့ဝမ်းတထွာ ကတော့ အသိဥာဏ် မမှီသေးတဲ့ အရွယ် ဆာလောင်မူ့ကို မချုပ်တည်း နိုင်တော့ ငိုပြီး အစာတောင်းကြတယ်။ မိခင်ဖြစ်သူက ကလေးတွေ ငိုပြီး အစာတောင်း နေတာကိုမကြည့်ရက် လေတော့ ယောကျာ်း ဖြစ်သူကို စားစရာ တစ်ခုခု အရှာခိုင်းတယ်။ ဒီအချိန်မှာ ယောကျာ်း ဖြစ်သူက ဘာပြော လိုက်သလဲဆို“အသက်ကို တောင်မနည်း လုပြေးနေရတာ စားစရာက ဘယ်ကရမှာလဲ။” ကလေးတွေ ငိုနေတာကို ကြည့်ပြီး “တိတ်တိတ် နေကြစမ်း ငါတစ်ရေးလောက် မှေးလိုက်အုံးမယ်” ထိုသို့ စကားဆိုရင်း ခွေအိပ်နေ တော့သတဲ့။ မိခင်ဖြစ်သူက ကလေးတေ ငိုပြီး အစာတောင်းနေတာကို မကြည့်ရက် လေတော့ ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း အရွက်တွေ စိမ်းစိမ်းစိုစို နေတဲ့ပဲပင်လေး တစ်ပင်ကို သွားတွေ့တယ်။ ထိုပဲပင်ဟာ အရွက် ကိုစားလို့မရပေမယ့် သူ့အမြစ်ကို စားရင် ခဏတာ ဆာလောင် မူ့ကိုတော့ ပြေစေတယ် လို့ဆိုတယ်။

ဒါနဲ့ သူမလည်း ၀မ်းသာအားရနဲ့ ပဲပင်လေးက အမြစ်ပေါ်လာအောင် လက်ကလေးနဲ့ တူးစွနေတာပေါ့လေ။
ပဲအမြစ် ကလေးကို မြင်တွေ့ရချိန်မှာ သူမ ဆွဲနုတ်လိုက်တယ်။ သူမလည်း နေ့ရက်များစွါ အစာမစားခဲ့ရလေတော့ သူမ အားနဲ့ ပဲမြစ်ကလေး ပါအောင် မနုတ်နိုင်ဘူး ဖြစ်နေတယ်။ ဒီအချိန်မှာ ယောကျာ်း ဖြစ်သူကို လှမ်းခေါ်ပြီး ပဲမြစ်ကလေးကို ကူနုတ်ပေးဖို့ ပြောလိုက်တော့။ ယောကျာ်း ဖြစ်သူက အနားကို ရောက်လာပြီး ပဲမြစ် ကလေးကို တွေ့တယ်ဆို ၀မ်းသာအားရနဲ့ ဆွဲနုတ်ပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သတဲ့။ ထိုအန်တီရဲ့ ယောကျာ်းသည်လည်း ပဲမြစ်စားသော ယောကျာ်းလေလား၊ မိမိဆာလောင်မူ့ စိတ်ဆန္ဒ တစ်ခုတည်းကို ပဲကြည့်တတ်တဲ့ ယောကျာ်း လေလားရယ်လို့ကျွန်မတွေးနေမိတယ်။

ကျွန်မ အသိအမြင် ခွဲခြားတတ်သည့် အရွယ်ကစလို့ ရုပ်ရှင် မင်းသားကြီး ဦးကျော်ဟိန်းရဲ့ ဇာတ်ကား တော်တော် များများကို မလွတ်တမ်း ကြည့်ခဲ့တယ်။ သူ့ ဇာတ်ရုပ်တွေဟာ ပညာပေး ဇာတ်ရုပ်တွေ များပါတယ်။ ဦးကျော်ဟိန်း နောက်ဆုံး လူဝတ်လဲကာနီး အချိန်တွေမှာ မိသားစု ပညာပေး ဇာတ်ကားတွေကို အများဆုံး ရိုက်ခဲ့တယ်။ ဒီအထဲ က မိသားစု ပညာပေး ဇာတ်ဝင်ခန်း တစ်ခုမှာ ဦးကျော်ဟိန်း ချပြသွားတဲ့ ဒိုင်ယာလော့ခ် စကားအခြေအတင်ခန်း
လေးကို မှတ်မိနေသေးတယ်။ (ဇာတ်ကား အမည်ကိုတော့ မမှတ်မိတော့ သည်မို့ မသေချာမှာ ဆိုးသည့် အတွက် ထည့်မရေးတော့ပါ။)

“တာဝန်ဆိုတာ လူနေမူ့မိမိပါတ်ဝန်းကျင် လုပ်ငန်းခွင်မှာ ပဲရှိနေတာ မဟုတ်ဘူး။ မိသားစု ဆိုတဲ့ နေရာမှာလည်း တာဝန်ဆိုတာရှိတယ်။ ဖခင်ကလည်း ဖခင်တစ်ယောက်ရဲ့ တာဝန်၊ မိခင်ကလည်း မိခင် တစ်ယောက်ရဲ့တာဝန်၊ သားသမီးကလည်း သားသမီး တစ်ယောက်ရဲ့ တာဝန်”အဲသလို တာဝန် အသီးသီးရှိကြတဲ့ အထဲမှာ မေတ္တာတွေ၊
ဂရုဏာတွေ၊ အကြင်နာတွေ ခဏ ဘေးဖယ်ထားအုံး ကိုယ့်တာဝန်ကို ကျေပွန်မှ လူပီသတယ် လို့ဆိုတယ်။

ထို တာဝန်ထဲမှာ မေတ္တာတွေ၊ ဂရုဏာတွေ၊ အကြင်နာတွေ ပေါင်းထည့် လိုက်ရင် တာဝန် ကျေလူပီသတဲ့ လူတစ်ယောက် အပြင် တုနိုင်းမမှီ နိုင်တဲ့သူ၊ စံထားထိုက်တဲ့ သူတွေ ဖြစ်လာမှာ ဧကန်မလွဲပါ။လောကမှာ တုနိုင်း မမှီနိုင်သော စံထားထိုက်သော ဖခင်ကောင်း ၊ယောကျာ်းမြတ်တွေ ရှိခဲ့ကြသလို၊ ပဲမြစ်စားသော ယောကျာ်းများ လည်း ရှိနေအုံးမှာပါ။ ဒါကြောင့် ဒီစာပိုဒ် ကလေးဖတ်မိရင်ဖြင့် ပဲမြစ်စားသော ယောကျာ်းများ အဖြစ်မှ ကင်ဝေး နိုင်ပါစေလို့။ တောင်းစု ဆိုရင်း အရေးအသား အမှားပါ ရင်ဖြင့် ခွင့်လွတ်ပါလို့ တောင်းပန်ကာ စေတာနာ ထားရေး သားလိုက်ရပါသည်။



*********************************************************************************
ဖြည့်စွက်ချက်။ ။ ကျွန်မ ယခု ရေးသော စာတစ်ပုဒ်သည်။ မည်သူ့ အားမျှ ထိလိုက် နစ်နာစေ လိုသော စိတ်ဆန္ဒ ဖြင့် ရေးသားခဲ့ခြင်း မဟုတ်ပါ။ ဒါ့အပြင် အထူး ပြောကြား လိုသည်က ဖခင်တစ်ယောက်၏ မေတ္တာ အားရှုံ့ချ ရေး သားထားသည် မဟုတ်ပါ။ ဖခင်တစ်ယောက်၏ တာဝန်၊ မေတ္တာများ လစ်လပ် နေသည်ရှိသော်။ လစ်လပ် နေ သည့် နေရာလေးအား ဖြည့်စွက်စေလိုသောဆန္ဒဖြင့် ရေးသားခြင်းဖြစ်ပါသည်။
ပုံလေးအားထိုနေရာလေးမှယူထားပါသည်။
*********************************************************************************
မေတ္တာအားဖြင့်
ခိုင်နုငယ်

Tuesday, June 22, 2010

လေလွင့်သူရဲ့တိမ်




မုန်းတီးမှုများ

နေ့စဉ် စားသုံးရင်း
ခွန်အားသစ်တွေ ဖြစ်ခဲ့ပြီ။

နှစ်သုံးဆယ်ကြာတဲ့ မီးလျှံများ
လေတိုက်စားလို့ ငြိမ်းလုပြီ။

လွဲချော်သွားတဲ့ နာရီများအတွက်
အိပ်မက်တွေကို ရှက်တိုင်း
အနက်ရှိုင်းဆုံးဆိုတဲ့ သောကများ
ဘုရား တ,ရင်း စိန်ခေါ်ခဲ့ရပြီ။

ဂုဏ်သိက္ခာတွေ ကြေမွပြီး
စီးထားတဲ့ ဖိနပ်အောက်
အမှန်တရားတွေ မှောက်ကျသွားတဲ့အခါ
ဘ၀ဆိုတာ ကောလဟလပါပဲ။

ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ
ငါ ……
လေဆာရောင်ခြည်သေနတ်နဲ့
လူသတ်ချင်တယ်။

ဒါပေမယ့်
ဘာတွေမှ တွေးမနေနဲ့
တိမ်တွေရဲ့ ကိစ္စ
ရာသီတွေရဲ့ ကိစ္စ
လောကကို မတောင်းဆိုလိုက်လေနဲ့
ဣနြေ္ဒကြီးတဲ့ ကောင်းကင်လို နေလိုက်ပေါ့။ ။


******************************************************************
မာယာမဂ္ဂဇင်း၊ မတ်လ၊ ၁၉၉၈၊ အတွဲ ၃၊ အမှတ် ၁ မှာ ဖော်ပြခဲ့တဲ့ ဆရာမဂျူး၏
ကဗျာလေးဖြစ်ပါတယ်။ကြိုက်နှစ်သက်မိတဲ့အတွက်ကူးယူဖော်ပြခြင်းသည်သာ။
******************************************************************
မေတ္တာအားဖြင့်
ခိုင်နုငယ်

Saturday, June 19, 2010

လောကဓမ္မတာ လောကဓံတစ်ခုပါပဲ

ပျံလွန်တော်မူသွားသော ဦးဇင်းလေးတစ်ပါးအကြောင်း


အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------

ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလားမသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင်
“ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။

သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။

တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။

အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’

သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။

ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင်ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။

သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။

သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။

ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။

‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’

‘မှန်ပါဘုရား’

‘ဒီအကြောင်းတွေကို တပည့်တောာ် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’

‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’

‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေသင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ဆိုပြီ ဆိုသည့်ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။
း သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။ လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံးဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊ သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်းသံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ်မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီးပြောတယ်တဲ့။ နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ဒီကျောင်းကိုပြန်ေ ရာက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်းတပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။ နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။

‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။ ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။

တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေးကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့  ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေ လို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်... ၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာတတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။ ကြွတော့...ကြွတော့။”

“မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာ လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွားနိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွားနိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်းဖန်တီးနိုင်ပါသည်။

လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။



*******************************************************************************
အမှာ။ ။မနေ့က သူငယ်ချင်းအမမအေးအေးမြင့်ဆီကနေတဆင့် Forward mail နှင့်အတူဆက်လက်ဖြန့်ဝေပေးပါဆိုပြီးရောက်လာတဲ့စာလေးပါ။သံဝေဂရဖွယ်စာစောင်လေးမို့
ကျွန်မပြန်လည်မျှဝေခြင်းပါ။Forward mail နှင့်ရောက်လာတတ်တဲ့အကျိုးမရှိသောစာများကိုမူ
ကျွန်မဆီရောက်လာခဲ့လျှင်ဖြင့် Auto delete ပြီးသားပါပဲ။စာဖတ်သူများဒီစာလေးကိုဖတ်ရင်ဖြင့်တစ်စုံတစ်ရာ
သောသိဖွယ်မှတ်ရာရနိုင်ကောင်းရဲ့ဆိုပြီး ပြန်လည်မျှဝေလိုက်ရပါတယ်။
**********************************************************************************
မေတ္တာအားဖြင့်
ခိုင်နုငယ်

Friday, June 18, 2010

တိုးတက်စေချင်သည်

ကျွန်မတို့နေတဲ့ ၁၇လွှာတိုက်ခန်းဆီကနေ မြေညီထပ်ကိုဓါတ်လှေကား (Lift )နှင့်တက်ရဆင်းရပါတယ်။
အလုပ်သွား၊အလုပ်ပြန်ဒီဓါတ်လှေကားနဲ့တက်လာဆင်းလာခဲ့ပေမယ့်။ အရင်နေ့တွေမှာ
အမူ့မဲ့အမှတ်မဲ့တက်လိုက်ဆင်းလိုက်ပါပဲ။
ဒီနေ့တော့ အလုပ်သွားဖို့ ကျွန်မနေတဲ့တိုက်ခန်းဆီကနေ မြေညီထပ်ကိုဆင်းတော့။
ဓါတ်လှေကားက ကိုးလွှာမှာရပ်သွားခဲ့တယ်။
ခဏနေတော့ ဆယ်နှစ်၊ဆယ့်နှစ်နှစ်အရွယ်ကလေးငယ်တစ်ယောက်ဝင်လာတယ်။
သူ့လက်ထဲမှာပစ္စည်းလေးနှစ်ခုကို ကိုင်လာတာမို့ ကျွန်မလည်းအမူ့မဲ့ကြည့်ဖြစ်လိုက်တယ်။
ထိုကလေးငယ်လက်ထဲမှာ ကိုင်ထားတာက လက်ကိုင်ဖုန်းလေးနှင့်ဂိမ်းဆော့တဲ့ပစ္စည်းလေးပါ။
ဒီနိုင်ငံမှာ ဆယ်နှစ်၊ဆယ့်နှစ်နှစ်အရွယ်ကလေးငယ်တွေ ဖုန်းကိုင်တာအထူးတဆန်းတော့
မဟုတ်ပါဘူး။
ဒါပေမယ့်ထူးဆန်းနေတာက ကျွန်မ။ ဒီအချိန်မှာ ကျွန်မအတွေးတွေကတောင်စဉ်ရေမရထွက်
လာတော့တာပဲ။ ကျွန်မတို့နိုင်ငံကကလေးတွေ ဒီလိုဖုန်းမျိုးမပြောနှင့်ဖုန်းနှင့်တူတဲ့ကော်ပတ်ရုပ်
တောင်မကိုင်နိုင်ကြသေးတာပဲ။
ဟုတ်တယ်လေ။ ကျွန်မတောင်လက်ကိုင်ဖုန်းဆိုတာ မြန်မာပြည်မှာမြင်ပဲမြင်ဖူးခဲ့တာ မသုံးခဲ့ဖူးပါဘူး။
ဒီနိုင်ငံရောက်မှ ရင်းဂစ်တစ်ရာတန်ဖုန်းကလေးတစ်လုံးဝယ်ထားတာ။
သုံးနှစ်ရှိပြီဒီဖုန်းစုတ်ကလေးကိုပဲ ကာဘာcover ပြန်လဲလိုက် စုတ်သွားလိုက် ပြန်လဲလိုက်နဲ့
ဖုန်းစုတ်ကလေးတစ်လုံးကိုကိုင်နေတာကြာပေါ့။ အကောင်းစားဖုန်းတွေရှိပါတယ်
ဝယ်မယ်ဆိုဝယ်နိုင်ပေမယ့်။ ဆက်သွယ်ရေးကရိယာပဲဆက်သွယ်လို့ရတော်ပြီအလှအပမလို
အပ်ဖူးဆိုပြီးမ၀ယ်ဖြစ်ကြပါဘူး။
အကောင်းစားဖုန်းတွေကတော့ ထောင်ဂဏန်းထိရှိပါတယ်။ ဒါပေမယ့်ဒီနိုင်ငံမှာကတစ်ရာတန်
ဖုန်းကိုင်လို့လည်းမည်သူမှအထင်းမသေးကြသလို၊ထောင်တန်ဖုန်းအမျိုးအစားကိုကိုင်လို့လည်း
မည်သူမှအမထင်မကြီးကြပါဘူး။ ကိုယ့်အလုပ် ကိုလုပ်၊ကိုယ့်အစားကို စား၊ ကိုယ့်ခရီးကိုသွား
နေကြသူတွေဂုဏ်တုဂုဏ်ပြိုင်ရယ်လို့မရှိကြပါဘူး။
ဒါနဲ့ကျွန်မတွေးနေမိတာလေးက ကျွန်မတို့တွေလူချင်းတူပြီး လူ့အခွင့်အရေး(Opportunity)
မတူညီကြတာလေးပါ။ ဒီကလေးဟာလူ့ချမ်းသာအသိုင်းအ၀န်းထဲကလားဆိုတော့လည်း
လူ့ချမ်းသာထဲကတော့မဟုတ်ပါဘူး။လူလတ်တန်းစားလက်လုပ်လက်စားဝန်ထမ်းကလေးပါပဲ။
ဒါပေမယ့်ဒီနိုင်ငံမှာက ကလေးကလည်းကလေးတစ်ယောက်ရဲ့အခွင့်အရေး၊လူကြီးကလည်း လူကြီးတစ်ယောက်ရဲ့အခွင့်အရေးရှိနေကြတာပဲ။
ဒီလိုနဲ့ကိုယ့်ရပ်ဝန်းကိုယ့်နိုင်ငံဆီကနဲ့မတူညီခြားနားနေတာလေးတွေကိုလမ်းလျှောက်စဉ်းစား
နေတုန်း။
ကြွက်နဲ့တောတိုးတော့တာပဲ။ ကြွက်ဆိုတာကျွန်မတို့ရောက်နေတဲ့နိုင်ငံလေးမှာက ရဲကို
ရွှေမြန်မာတို့စကားဝှက်အနေနဲ့သုံးနှုန်းတာပါ။ တစ်ချို့ကတော့ပုလိပ်လို့သုံးကြပြန်တယ်။
ကျွန်မလည်းရောက်စကတော့ ကြွက်ဆိုတာဘာကိုပြောတာလဲနားမလည်ဘူးပေါ့။
နောက်တော့လည်းအသုံးအနှုန်းလေးတွေနားလည်လာတယ်။ ဒါနဲ့ကျွန်မတို့ရွှေမြန်မာတွေရဲ့
ဥာဏ်ရည်ဥာဏ်သွေးမြင့်ပုံလေးကိုလည်း စပ်မိလို့ပြောပါအုံးမယ်။
ဒီနိုင်ငံလေးမှာက အာရှနိုင်ငံတော်တော်များများကလာရောက်လုပ်အလုပ်လုပ်ကိုင်
ကြတာရှိပါတယ်။ ဘင်္ဂလား၊နီပေါ၊အင်ဒိုနီးရှား၊ဖစ်လပိုင်၊ကမ္ဗောဒီယား၊ဗီယနမ်၊မြန်မာအဲဒီလိုနိုင်ငံအလိုက်အလုပ်
လာလုပ်ကြတဲ့ထဲမှာ ကျွန်မတို့မြန်မာတွေကအချင်းချင်းကိုရွှေလို့သုံးနှုန်းကြတယ်။
ကျန်တဲ့အာရှနိုင်ငံသားတွေကိုတော့ ကျွန်မတို့ရွှေမြန်မာတွေကသူတို့အကြောင်းပြောချင်ရင်၊
အတင်းတုပ်မယ်ဆိုရင်ပေါ့သူတို့နာမ်မည်တွေကိုတပ်မပြောလိုကြဘူး။
ဒီအခါဘယ်လိုသုံးလဲဆိုဘင်္ဂလားကို.. ဘကုန်း၊နီပေါကို..နကြီး၊ဗီယနမ်ဆို..ဘလက်ချိုင့်၊
သူတို့နိုင်ငံတွေရဲ့အစအက္ခရာလေးတွေကိုအစွဲပြုပြီးသုံးကြပါတယ်။
စက်ရုံတွေမှာဆို အာရှနိုင်ငံပေါင်းစုံကလူမျိုးစုတွေအများကြီးပေါ့။
ပြောနေရင်းနဲ့လမ်းကြောင်းတွေလွဲကုန်ပြီ။
အဟဲ…ခုနကကြွက်တွေရဲ့အကြောင်းလေးကိုပြန်ဆက်ပါအုံးမယ်။
ကိုယ့်အတွေးလေးနဲ့ကိုလမ်းလျှောက်နေတုန်းဆိုင်ကယ်တစ်စီးနဲ့ကြွက်နှစ်ကောင် “တီတီ”ဆိုအချက်ပေးပြီး
ဘေးနားလာရပ်တယ်။
ကျွန်မလည်းကိုယ့်မှာပါလာတဲ့သူတို့နိုင်ငံမှာတရားဝင်နေထိုင်ခွင့်ဆိုတဲ့ကဒ်လေးကိုထုတ်
ပြလိုက်ပါတယ်။
နှစ်ကောင်းသားဖင်တပြန်ခေါင်းတစ်ပြန်စစ် ကြည့်ပြီး “အိုကေ”လို့ပြောပြီးကဒ်ကလေးပြန်
ပေးပါတယ်။ ကိုယ့်ကိုအစစ်ခံရပေမယ့် သူ့ကျောင်းနေသူ့စာအံဆိုတာလို သူ့တို့ကို
ကျေးဇူးတင်ကြောင်းပြောခဲ့ရသေးတယ်။
ဒီလိုကြုံတွေ့နေရတာက တစ်ရံတစ်ခါတင်မဟုတ်ဖူး။ နိစ္စဓူဝဆိုတာလို အလုပ်နှင့်
police station နဲ့ကကပ်ရပ်နေ့တိုင်းလိုဒီမျက်နှာမြင်တွေ့နေရလည်းတွေ့ရင်
စစ်ဆေးနေတာပဲ။
“သြော် ရှင်တို့ကရဲတွေကိုး” ဆိုတာလိုပဲ သူတို့နိုင်ငံ သူတို့လုပ်ရမဲ့တာဝန်မို့ စစ်တာဆေးတာ
သူတို့အလုပ်မို့အပြစ်မဆိုချင်ပါဘူး။ ဒါပေမယ့်ခက်တာက စစ်ကာဆေးကာနဲ့တင်တစ်ချို့ကြွက်
စုတ်များကမပြီးနိုင်ဘူး ရစ်နေတတ်ပြန်သေးတယ်။ တစ်ချို့ကြူတတ်တဲ့ကြွက်စုတ်နဲ့တွေ့ရင်
ဖုန်းနံပါတ်တောင်းတယ်၊မလိုအပ်တာတွေလျှောက်မေးနေတတ်ပြန်ရော။
ဒီလိုမျိုးတွေကြုံတွေ့လာရတဲ့ခါ ကျွန်မတစ်ခါတစ်လေတွေးမိတယ်။ သမီးတွေကိုမျက်စိ
အောက်ကအပျောက်မခံနိုင်တဲ့ကျွန်မအဖေသာမြင်ရင် “သမီးလာပြန်လိုက်ခဲ့နဲ့များခေါ်လေ
မလား၊ ဒီအကောင်တွေကိုများဆွဲထိုးလေမလားရယ်”လို့တွေးလိုက်မိတယ်။
ကျွန်မတို့အဖေဟာ သမီးမိန်းကလေးမွေးထားခဲ့ပေမယ့် ဖာသည့်ဖာသာမနေခဲ့ဘူး။
သမီးတွေကိုနည်းစနစ်ကျကျ ၀တ်တာစားတာအနေအထိုင်ကအစ အမေ့ထက်အဖေကပိုပြီး
သင်ပြပေးခဲ့သူ။ ကျွန်မတို့တွေနယ်မှာကြီးပြင်းခဲ့ကြသူတွေမို့ အလုပ်နားရက် ဟိုအိမ်ဒီအိမ်
လည်တာပါတ်တာ အဖေကလုံးဝမကြိုက်။
“မိန်ကလေးဆိုတာ ကိုယ့်အိမ်ကကြူးရင်ကောင်းတာမဟုတ်ဘူး” ဆိုပြီးစာအုပ်၊စာပေ
သူ့အရွယ်နှင့်သူဖတ်နိုင်အောင်ဝယ်ပေးခဲ့တယ်။
ဒါပမေယ့်အဖေ့မျက်စိအောက်က၊အဖေ့ရိပ်အောက်မခွါချင်ပေမယ့်လည်း၊ ထိုင်နေလို့မရ
တဲ့ခေတ်ကြီးထဲမှာ ထရတယ်၊၊ ထလို့မလုံလောက်ပြန်တော့ လမ်းလျှောက်ရပြန်တယ်။
အဲသလိုနဲ့ လျှောက်လာလိုက်တာရပ်ဝေးမြေခြားရောက်တဲ့ထိပါပဲ။
ကျွန်မတို့တွေ ဘ၀ကိုအဲဒီလို ရေကြည်ရာမြက်နုရာရေလိုက်သင့်ငါးလိုက်သင့်ဖြတ်သန်းနေ
ကြရပေမယ့် ကျီးလန့်စာစားဖြစ်နေကြရတယ်။
ဒါဟာဘာကြောင့်လဲဆို ကျွန်မတို့နိုင်ငံဟာ ရေခံ၊မြေခံကောင်းပါလျှက်ကယ်နှင့် အရိပ်အာဝါသ
ကောင်းမရှိတော့ ရှိတဲ့အရပ်ဆီခရီးနှင်ကြရတယ်ပေါ့။
ရွှေအမြုတေနိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ ဆရာနေဇင်လတ်က သူဖြတ်သန်းခဲ့တဲ့ကာလ
တစ်ခုရဲ့အတွေ့အကြုံကိုသုတအဖြစ် “အချိန်တစ်ခုကို နားလည်ခံစားခြင်း”ဆိုပြီး ချပြထားတာ
လေးကိုဖတ်ခဲ့ရပါတယ်။
ဆရာကဒီလိုလေးပြန်ဆိုထားပြန်တယ်..Quiet Revolutionဆိုတဲ့ခေါင်းစဉ်နဲ့ဆောင်းပါးတစ်ပုဒ်
မှာပါတဲ့အာဏာရအိန္ဒိယကွန်ဂရက်ပါတီမှ ရာဟူးရ် ဂန္ဒီရဲ့ပြပြုပြောင်းလဲရေး အဆိုမိန့်လေး
“ဆင်းရဲချမ်းသာ မညီမျှမူ့ထက် အရေးပိုကြီးတာက လူတိုင်းအခွင့်အရေးရနိုင်ကြဖို့ပဲ”
တဲ့ ဒီစကားလေးဟာမှတ်သားထိုက်တယ်လို့ဆရာကချပြထားတာလေးပါ။
ဆရာက နောက်ထပ်သူ့ဆန္ဒလေးကိုချပြထားပြန်ပါသေးတယ်။
“ကိုယ်ဖြတ်သန်းခဲ့ရတဲ့ကာလတစ်ခု၊နုဆဲ၊ပျိုဆဲစိတ်ဓါတ်ခွန်အားကြံ့ခိုင်ဆဲမှာ ဘာမှလုပ်ခွင့်
မရှိတဲ့ ကာလမျိုးနဲ့မျိုးဆက်သစ်တို့ဝေးပါစေလို့ဆန္ဒပြုလိုက်ရပါတယ်။ စင်ကာပူက ၀ါရင့်ဂိုချုပ်ထောင်မှတ်ချက်ပြုသွားတာလေးဘမောင်သတိပြုလိုက်ရတယ်။
မြန်မာနိုင်ငံဟာ အခြေအနေကောင်းတစ်ခုကို ရလိုက်ရင် ဆယ်နှစ်အတွင်းဖွံ့ဖြိုးလာပြီး
နောက်ဆယ်နှစ်အတွင်း အာရှမှာအထင်ကရတိုးတက်လာတဲ့နိုင်ငံတစ်ခုဖြစ်လာလိမ့်မယ်။
သူပြောတဲ့စကားအတိအကျတော့မဟုတ်ဘူး။ အဲဒီသဘောပါတဲ့စကားမျိုးပြောသွားတာ
အားရှိစရာအတော်ကောင်းပဲ။ ဘမောင်တို့အသက်အရွယ်မျိုးဆက်တွေမှာ အဲဒီလိုတိုးတက်
နိုင်မူ့ကိုမြင်ရဖို့ အလှမ်းဝေးခဲ့ပေမယ့်၊ဂိုချုပ်ထောင်ကြီးပြောသလို နောင်အနှစ် ၂၀မှာ
တိုးတက်တဲ့နိုင်ငံကြီးဖြစ်ဖို့ ဥယျာဉ်မူးတွေကြိုးစားကြလိမ့်မယ်လို့ ယုံကြည်တယ်။

ကံကောင်းလို့ နောင်ဘ၀ မကူးသေးရင်အဲဒီချိန်မှာ ပီတိဖြာလိုက်ချင်ပါရဲ့”
ဆရာ့စာလေးကိုဖတ်ပြီးကျွန်မအမြင်၊ကျွန်မရူ့ဒေါင့်ကနေပြန်သုံးသပ်ကြည့်မိပါတယ်။
မြန်မာနိုင်ငံဟာ အခြေအနေကောင်းတစ်ခုကိုရလိုက်လို့ ဆယ်စုနှစ်အတွင်း ဥယျာဉ်မူး
ကြီးတွေကောင်းလို့ တိုးတက်ဖွံ့ဖြိုးလာခဲ့မယ်ဆိုရင် ရေခံ၊မြေခံကောင်းတဲ့ရွှေပြည်ကြီးမှာ
ကျွန်မတို့တွေနုဆဲ၊ပျိုဆဲ၊စိတ်ဓါတ်ခွန်အားကြံ့ခိုင်ဆဲအချိန်မှာ ကာလတစ်ခုကိုပီတိဖြာဖြာနှင့်
ဖြတ်သန်းလိုက်ချင်ပါဘိ။



****************************************************************************
စာကိုး။ ။ဒီနေ့စောစောစီးစီး ကြွက်စုတ်များစစ်ခံထိလို့ စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေးလေးနဲ့ရော
ရေးလိုက်ပါတယ်။ ဆရာနေဇင်လတ်၏သုတစာသားကို ကျွန်မအမြင် ကျွန်မရူ့ဒေါင့်ကနေ
ချပြထားတာဖြစ်လို့ စာဖတ်သူနှင့်အမြင်ချင်းမတူနိုင်ခဲ့ရင်ဖြင့် ၀န္တာမိပါ။
***************************************************************************
မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, June 16, 2010

အမှတ်တရဆီသို့.....အလွမ်း



“ဘ၀ဆိုတာ အမှတ်တရများစွာနဲ့စီချယ်ထားခဲ့လေသလားနုငယ်ရယ်။”
ထိုသို့တိုက်ဆိုင်မူ့တွေနှင့်ကြုံလာတိုင်းတဖွဲ့တနွဲ့ပြောတတ်တဲ့သူငယ်ချင်းရဲ့စကားသံတို့
ပြန်ကြားယောင်လို့နေမိတယ်။
အတိတ်ဆီကအမှတ်တရတွေထဲမှာတစ်ချို့သောအမှတ်တရတို့သည်
မေ့ပစ်နိုင်သူတွေအတွက်ပြက္ခဒိန်ဟောင်းတစ်ခုလောက်တောင်အသုံးမ၀င်နိုင်တော့
ပေမယ့်မေ့ပစ်လို့မရနိုင်သူတွေအတွက်အတိတ်ဆီကတစ်ချို့သောအမှတ်တရလေး
တွေကအရိပ်ကလေးတစ်ခုလိုပါပဲ။ အတိတ်ဆိုတာ ပစ္စုန်ပ္ပာန်တို့ရဲ့ခြေရာလို့ ကဗျာတွေကျူးရင့်ခဲ့ကြသလို ထိုအတိတ်ကိုခြေရာကောက်လို့မရနိုင်တော့ပေမယ့်အမှတ်တရအဖြစ်တော့ရှိနေခဲ့ကြတာပါပဲ။
အတိတ်ဆီကတစ်ချို့အမှတ်တရလေးတွေက ကြည်နူးစရာကောင်းသလို။
တစ်ချို့အမှတ်တရလေးတွေကလည်း ရယ်စရာဟာသလေးတွေရှိနေတတ်တယ်။
တစ်ချို့သောအမှတ်တရလေးတွေကတော့ ခါးသက်သက်နဲ့အကျည်းတန်လွန်းလှတယ်။
ထိုအထဲက ကိုယ်တိုင်ခေါင်းစဉ်တပ်လို့ မရနိုင်ခဲ့တဲ့ အမှတ်တရလေး ကျွန်မဘ၀ထဲမှာ ရှိနေဖြစ်ခဲ့တယ်။
ဒီနေတော့တိုက်ဆိုင်မူ့လို့ပဲပြောရမလား.. ခေတ်ဟောင်းတေးသီချင်းတွေကြိုက်တဲ့ အမ
အလုပ်ကပြန်ရောက်တယ်ဆို..ချက်ပြုတ်ရေမိုးချိုးး.ထမင်းစားသောက်ပြီးတာနဲ့ လွမ်းမိုးရဲ့
“ချစ်ရက်ရှည်ရှည်အင်းလျားမြေ”သီချင်းကို အကြိုက်ဖွင့်ပြီးငြိမ့်နေတာပေါ့။ ကျွန်မကခေတ်ဟောင်းတေးသီချင်းတွေကို
တသီးတသန့်ကြီး နားမထောင်ဖြစ်ပေမယ့် ဖွင့်မဲ့သူရှိရင်နားထောင်ဖြစ်ပါတယ်။
ဒါပေမယ့် ကျွန်မက ရက်(ပ်)ပါသမား စိတ်လိုလက်ရပေါ့ပေါ့ပါးပါး ရက်(ပ်)ရက်ပါ
သီချင်းတွေကို နားထောင်ရတာလည်း ကြိုက်နှစ်သက်သူ။
ဒါနဲ့ လွမ်းမိုးရဲ့ “ချစ်ရက်ရှည်ရှည် အင်းလျားမြေ” ဆီက “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း
~~~~မြေမှာကျဲပြန့်နေ ကံ့ကော်ပန်းတွေနဲ့အတူ သူနဲ့တွေ့ရာနယ်မြေ~~~~~တက္ကသိုလ်
သို့မဟုတ် မြကျွန်းသာ အင်းလျားကန်မြေ”
ထိုသီချင်းသံနှင့်အတူ ကျွန်မလည်းမျောပါသွားတော့တယ်။သီချင်းနှင့်အတူ အတိတ်ဆီက အမှတ်တရအရိပ်တို့သည်ကျွန်မရင်ထဲသို့တိုးဝင်နိုးစွနေလေတော့တယ်။
သူနဲ့တွေ့ရာနယ်မြေ တက္ကသိုလ်မြေဆီက ကျွန်မတိတ်တိတ်လေးကြိတ်ကြွေနေခဲ့ရဖူးတဲ့သူ့ကို
သတိရသွားမိတယ်။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥

ကျွန်မတို့တွေရဲ့တက္ကသိုလ်နယ်မြေက မကွေးမြို့တော်တက္ကသိုလ် အညာသူ၊အညာသား
၊ကျေးတောသူ၊ကျေးတောသားတွေအစုံအလင်နဲ့နယ်စုံရပ်စုံကလာတက်ကြတဲ့
ကျောင်းတော်ကြီးပေါ့။
မြန်မာနိုင်ငံရဲ့ အစည်းကားဆုံးမြို့တော်စာရင်းမ၀င်ဖြစ်ပေမယ့် မကွေးမြို့တော်ဟာ
ကျောင်းရာသီဆို အလွန်စည်ကားတဲ့မြို့တစ်မြို့ပါ။
စက်ဘီး၊ဆိုင်ကယ်ဆိုတာ ရှောင်ရင်လုံးဝမလွတ်နိုင်ဘူး။ ကျောင်းတွေပိတ်ရင်တော့ဖြင့်
တက္ကသိုလ်နယ်မြေက သစ်ရွက်တို့ရဲ့ကြွေသံသဲ့သဲ့ကိုတောင်ကြားနေရတဲ့မြို့တော်ပေါ့။
(ယခုတော့ စည်ကားနေပြီးလား မပြောတတ်)။
ကျွန်မတို့နယ်ကနေ မကွေးမြို့ဆီကားစီးရင် အနည်းငယ်အလှမ်းဝေးတာမို့ ညနေစောင်းမှ
မြို့ထဲရောက်တယ်။ တက္ကသိုလ်အရိပ်ကို ခိုလှုံဖို့ ကျွန်မတို့ကျေးတောသူ၊ကျေးတောသား
ခုနှစ်ယောက်အဖွဲ့ မကွေးမြို့တော်ဆီချီတက်ခဲ့ကြတဲ့ထိုနေ့လေးကိုလည်းမှတ်မိနေသေးတယ်။
ကျေးတောသူ၊ကျေးတောသားတွေပီပီ အဆောင်ကို ကြိုတင် ဘိုကင်ချိတ်မထားရလေတော့။
မြို့ပေါ်ရောက်တယ်ဆို အဆောင်ကမရ ဒါနဲ့ ခုနှစ်ယောက်အဖွဲ့မှာပါတဲ့ကျေးတောသား
သုံးယောက်က လုံးချင်းအိမ်ငှားမယ်ဆိုပြီးထွက်သွားကြလေရဲ့။
ကျွန်မတို့ ကျေးတောသူလေးယောက်ကတော့ မေတ္တာဆောင်ရှေ့မှာသူတို့ပြန်အလာကို
စောင့်ရင်းဖိနပ်လေးတွေဖင်ခုထိုင်လို့ မိုးစုပ်စုပ်ချုပ်သွားပါလေရော။
ဒီလိုနဲ့ အဆောင်ရှင်အဒေါ်ကြီးက ကျွန်မတို့ကျေးတောသူလေးယောက်ကို သနား၍လား၊
သူတွက်ခြေကိုက်အောင်ပဲလားမပြောတတ် နေရာစီစဉ်ပေးမယ်ဆိုပြီး ဇွတ်အတင်း
ခေါ်နေတော့ကျွန်မတို့လည်း မတတ်သာတဲ့အဆုံး မိုးကချုပ်နေပြီဖြစ်တာကတစ်ကြောင်း၊ အိမ်ရှာထွက်သွားတဲ့ကျေးတောသားသုံးယောက်ကလည်းပေါ်မလာသေး အဆောင်ရှင်
အဒေါ်ကြီး ချပေးတဲ့နေရာလေးမှာပဲ ပါလာတဲ့အထုပ်လေးတွေကိုနေရာချနေတုန်းမှာပင်
ဟိုသူကကျော်သွားလိုက်၊ဒီလူကတက်နင်းသွားလိုက်နဲ့ ကျွန်မလည်း အဆောင်
နေရာမရတာရယ်၊ ခရီးပန်းတာတွေပါရောသွားပြီး ဒေါသတို့ ငယ်ထိပ်ဆီအလိပ်လိုက်တက်
လာတော့တယ်။ ကိုယ့်အထုပ်လေးကို စက်ကနဲပြန်ဆွဲယူရင်း အဆောင်ရှင်အဒေါ်ကြီးကို
ဟန်ဆောင်ကာအပြုံးစွက်လို့ အန်တီရယ် ဒီနေရာမှာတော့မနေပါရစေနဲ့လို့စကားဆိုရင်း
အဆောင်ရှေ့လမ်းမဆီ စောစောဆီကထိုင်ခဲ့တဲ့နေရာလေးမှာပဲ ကျေးတောသားသုံးယောက်
ပြန်အလာကို စောင့်မျှော်နေမိတော့တယ်။
ကျန်တဲ့ကျေးတောသူ သုံးယောက်ကလည်း မျက်လုံးလေးတွေကလယ်ကလယ်နဲ့ ကျွန်မနောက်က
ပါလာကြလေရဲ့။
အဆောင်ရှင်အဒေါ်ကြီးပေးခဲ့သည့် နေရာက လှေကားတက် အဆောင်ကိုကြိုတင်မစီစဉ်ထား
သည့် ကိုယ့်ကိုပဲအပြစ်တင်ရလေမည်လား၊အဆောင်ရှင်အဒေါ်ကြီးကိုပဲ အပြစ်တင်ရလေမည်လား၊ အတော်နှင့်ပေါ်မလာသေးသည့်ကျေးတောသားသုံးယောက်ကိုပဲ
အပြစ်တင်ရလေမည်လား ဘယ်သူ့၊ဘယ်သူ့ကိုအပြစ်တင်ရမှန်းမသိဖြစ်နေချိန်မှာ
ကျေးတောသားသုံးယောက်ဆိုက်ဆိုက်နှင့်ပေါ်လာတယ်။
သူတို့မျက်နှာလေးတွေကို လှမ်းကြည့်လိုက်တော့ပြုံးစစနှင့် “အိမ်ရလာခဲ့ပြီ လုံးချင်းအိမ်တော့မရဘူး
အိမ်ရှင်နှင့်အတူပဲနေရမှာ ဒါပေမယ့် ငါတို့ကိုအပေါ်ထပ်တစ်ခု
လုံးငှားမယ်အိမ်ကအတော်ကျယ်တယ်နင်တို့မိန်ကလေးတွေအတွက်အခန်းသီးသန့်လည်း
ပါတယ်။ ငါတို့ထက်အရင်ရောက်နေတဲ့ ရေနံချောင်းသားကျောင်းသားတစ်ယောက်ရယ်..
ငါတို့ရယ်ဆိုအားလုံးပေါင်းရှစ်ယောက်နေရမယ်။ဈေးကအဆောင်တွေထက်တစ်ဆခွဲများတယ်။”
ထိုသို့စကားဆိုရင်း ကျေးတားသားသုံးယောက်က ဘယ်လိုလဲဆိုသည့်မျက်နှာပေးနှင့်မေးလာသည့်မို့
မဆိုင်းမတွန့်ပင် ကျွန်မတို့လည်းခေါင်းငြိမ့်အတည်ပြုခဲ့ကြရလေသည်။
တစ်ဆခွဲမက နှစ်ဆဆိုလည်းထိုအချိန်မှာ စဉ်းစားနေဖို့အချိန်မရှိတော့ပြီမို့ သူတို့ငှားထားတဲ့အိမ်ဆီကို သုံးဘီးဆိုင်ကယ်ငှားလို့ကျွန်မတို့ရောက်သွားခဲ့ကြတယ်။
ထိုအိမ်ကိုရောက်တော့ အတော်ပင်မှောင်နေပြီ အရင်ရောက်နှင့်နေသူရေနံချောင်းသားဆိုသူ
သူကကျွန်မတို့အထုပ်လေးတွေကိုလာဝိုင်းကူသယ်ပေးလေသည်။
ထိုညကတော့ တစ်နေကုန်အတော်ကို ပင်ပန်းနေသည်မို့ သူ့ကိုပင်ကျေးဇူးစကားမပြောနိုင်။
ညအမှောင်မှာရေနံချောင်းသားဆိုသူ သူ့ကို အသားမဲမဲနှင့်အညာသားလို့ပဲ ကျွန်မကတွက်ဆ
ထားလိုက်သည်။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
မနက်လင်းတော့ကျွန်မတို့အဖွဲ့အတွက်သူက ကောင်ညှင်းပေါင်းနှင့် လဖ္ဘရည်ဝယ်ထား
ပေးသည်။ သူဝယ်ပေးထားသည့် ကောက်ညှင်းပေါင်းနှင့်လဖ္ဘရည်ကို စားရင်းသောက်ရင်း
အလိုက်သိတတ်တယ်မဆိုးဘူးဟု ကျွန်မတို့အချင်းချင်းတီးတိုးပြောနေချိန်မှာပင်
“အိပ်ယာကနိုးကြပြီလား ညကခရီးအတော်ပင်ပန်းသွားကြတယ်ထင်တယ်”ဟု
နုတ်ဆက်စကားဆိုရင်း အပြင်ကပြန်လာတဲ့သူ့ကိုကြည့်မိချိန်မှာတော့ ကျွန်မသူ့ကို
အားနာနေမိသည်။
ညဦးဆီက သူ့ရဲ့ရုပ်သွင်ကိုကျွန်မကောက်ချက်ချထားသည်နှင့် တက်တက်စင်အောင်လွဲ
နေခဲ့သည်။
သူကကျွန်မထင်သလိုအသားမဲမဲနှင့်အညာသားမဟုတ်၊ အသားဖြူဖြူနှင့်အညာသား
အရပ်မြင့်မြင့်၊မျက်ခုံထူထူ၊နှာတံဆင်းဆင်းနှင့်အတော်ကြည့်ကောင်းသည့်သူ။
ထိုနေ့မှာပင် ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက်မိတ်ဆွေဖွဲ့ဖြစ်ခဲ့ကြသည်။
ကျွန်မတို့ယူထားသည့်ဘာသာရပ် မေဂျာက သူနှင့်အတူပဲမို့ သူတက်သည့်ဝိုင်းကျူရှင်မှာပင်
ကျွန်မတို့လိုက်တက်ဖြစ်ခဲ့ကြသည်။
ဘယ်သွားသွား၊ဘယ်လာလာကျွန်မတို့ကျေးတောသူအဖွဲ့နှင့် သူက အဖွဲ့ညီသည်။
ထိုအဖွဲ့မှာ ကျွန်မကအများနှင့်မတူ တစ်မူထူးသည့်ကျေးတောသူအားလုံးထဲမှာဆရာလုပ်လိုက်ရမှ
ကျေနပ်သူ ။ ထိုသို့ဆရာလုပ်တတ်သူကျွန်မကို သူငယ်ချင်းတွေကအမြင်ကတ်ပုဒ်မနှင့်
တီရှယ်ဟုခေါ်သည်ကိုပင်သူကလည်းကျွန်မကို တီရှယ်ဟုသာခေါ်ခဲ့သည်။
ကျွန်မတို့အဖွဲ့မှာ အစအနောက်သန်လွန်းသလို ရယ်စရာဟာသတို့ကိုဒြပ်တူနာမ်တူကျအောင်
ပြောတတ်သည်ကကျွန်မ။ ထိုသို့ရယ်စရာပြောတဲ့အခါသူကအခြားသောယောကျာ်းလေးများကဲ့သို့
ဟားတိုက်ရယ်လေ့မရှိ သူများတွေခွက်ထိုးခွက်လန်ရယ်နေချိန်မှာသူကပြုံးစိစိမျှသာ။
ထိုအခါ ကျွန်မကမကျေနပ်သည့်လေသံနှင်ဘာဖြစ်လို့လိုက်မရယ်တာဟုမေးတတ်တဲ့ခါ
“ တီရှယ်ကလည်း ရယ်နေတယ်လေ” ဟု ကျွန်မရဲ့အမူအယာကိုကြည့်ရင်း ထိုခါကျမှ
သဘောကျစွါ တခိခိရယ်လေသည်။ ထို့ထက်မပိုခဲ့သိမ်မွေ့လှသည့် သူရဲ့အပြုံးစိစိတို့ကို
တိတ်တိတ်လေးရင်ခုန်ခဲ့ရသူကကျွန်မ။
ကြည်လင်တောက်ပလွန်းသည့် သူရဲ့အညိုရောင်မျက်ဝန်းလေးတွေနှင့်ဆုံလာတိုင်း
ကျွန်မနှလုံးသားတို့တိတ်တိတ်ဆိတ်ဆိတ်လေးလှုပ်ခတ်လို့သွားရသည်။
တစ်ချက်..တစ်ချက်သူ့အကြည့်တို့နှင့်ဆုံလာတိုင်း တိုက်ဆိုင်မူ့လား သူရဲ့ဂရုတစိုက်
အကြည့်လား ကျွန်မမခွဲခြားတတ်ခဲ့ပေမယ့် အညိုရောင်သူရဲ့မျက်ဝန်းလေးတွေဟာ
ကျွန်မရင်ခွင်ကိုနွေးထွေးစေခဲ့တာတော့အမှန်ပင်။
တစ်နေ့ကျူရှင်ကအပြန်အစအနောက်သန်လွန်းသည့်ကျွန်မကို ကျှူရှင်ကကောင်လေး
တယောက်နှင့်သူလိုက်စနေခဲ့သည်။ တစ်လမ်းလုံးစလာခဲ့သည့်သူ့ကို ကျွန်မစကား
တစ်ခွန်းမှမတုံ့ပြန်ြဖစ်ခဲ့။
အိမ်ရောက်တော့လည်း ကျူရှင်ကထိုကောင်းလေးနှင့်ပင်ထပ်စနေပြန်သည်။
ကျွန်မကို ကျူရှင်ကထိုကောင်လေးကြိတ်ကြွေနေသည်။ခိုးခိုးကြည့်တာသူမြင်သည်ဟု
အထွန့်တက်လာသည့်သူ့စကားတို့ကြောင့် ကျွန်မရဲ့သည်းခံနိုင်းမူ့အတိုင်းအတာတို့သည်
လည်းအစွန်းဆုံးထိရောက်သွားခဲ့လေသည်။
လက်ထဲကလွယ်အိတ်ကိုပစ်ပေါက်လိုက်ရင်း သူ့ကိုအသံကုန်ပြန်အော်မိလေသည်။
ထိုနေ့ကစလို့သူနှင့်ကျွန်မတို့စကားမပြောဖြစ်ကြတော့ ကျွန်မကိုသူအမျိုးမျိုးတောင်းပန်ခဲ့သည်
ကိုပင် ကျွန်မလက်မခံခဲ့။ သူနှင့်ဝေးဝေးမှာ ကျွန်မအတတ်နိုင်းဆုံးရှောင်နေဖြစ်ခဲ့သည်။
အရင်ကပျော်ရွှင်စရာကောင်းခဲ့သော ကျွန်မတို့အဖွဲ့မှာလေးမှာ အရင်လိုဆူညံဆူညံ
တစ်ယောက်နှင့်တစ်ယောက်နောက်ပြောင်ကျီစယ်သံတို့လည်း တစ်ဖြေးဖြေးနှင့်ဆိတ်သုန်း
လာခဲ့တယ်။ ကျွန်မတို့နှစ်ဦးကြား ရန်ပွဲလေးကို ရင်ကြားစေ့နိုင်ဖို့ သူငယ်ချင်းတွေဖြောင့်ဖျ
ခဲ့ပေမယ့်ကျွန်မခေါင်းမာလွန်းသူပီပီ ငြင်းပယ်ခဲ့သည်။

♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥

စာမေးပွဲတွေဖြေပြီးနောက်ဆုံးရက်မှာတော့ ကျွန်မတို့အဖွဲ့မြသလွန်ဘုရားကိုသွားမည်ဟု
ဆုံးဖြတ်ထားကြသည်။ ဘုရားကိုစက်ဘီးနှင့် သွားမှာမို့ သူငယ်ချင်းတွေနှင့်သူစောစီးစွါတိုင်ပင်
ထားပုံရသည်။ ဘုရားသွားဖို့အဆင်သင့်ဖြစ်နေတဲ့ကျွန်မရှေ့ကို စက်ဘီးလေးထိုးရပ်ရင်း
“တီရှယ်ဒီနေ့တော့ ကျနော့်စက်ဘီးမှာစီးပါ။ တောင်းပန်တယ်နှော်”
ဆိုသည့်သူ့ရဲ့ပြုံးစိစိ ကြည့်လဲ့လဲ့မျက်ဝန်းလေးအောက်မှာ ကျွန်မမာနလေးယိုင်လဲလို့
သွားခဲ့ရတယ်။
လူရှုပ်ရှုပ်၊ကားတွေရှုပ်သည့်လမ်းမပေါ် စက်ဘီးကိုကျွန်မတစ်ယောက်တည်းမနင်းရဲသူ
ယခုလို စက်ဘီး၊ဆိုင်ကယ်၊ကားတွေခြေချင်းလိမ်ရှုပ်နေသည့် မကွေးမြို့တော်လိုနေရာမျိုးမှာ
စက်ဘီးစီးရမှာကြောက်သူမို့ ကျောင်းတက်လာခဲ့သည့်ကာလတစ်လျှောက်လုံးသူငယ်ချင်းတွေ
ရဲ့နောက်ကသာတွယ်ကပ်လို့လိုက်ခဲ့သူ။
ထိုနေ့က ကျွန်မငြင်းဆန်ဖို့မကြိုးစာြး့ဖစ်ခဲ့သူငယ်ချင်းတွေရဲ့အတည်ပြုချက်အတိုင်းသူ့စက်ဘီး
လေးမှာလိုက်ပါစီးဖြစ်ခဲ့တယ်။
တစ်လမ်းလုံးစကားမပြောပဲငြိမ်သက်နေခဲ့သည့်ကျွန်မကို “မနက်ဖန်တီရှယ်တို့ပြန်မဲ့အချိန်
ကျွန်တော်လိုက်ပို့လို့ရမလား”
ဟုရုတ်တရက်မေးလာခဲ့သည့်သူ့အမေးကို သူ့နောက်ကျောဆီကကျွန်မခေါင်းငြိမ့်မိလိုက်သလားမသိ။
နှစ်ယောက်သားဘာစကားမှဆက်မပြောဖြစ်ကြတော့ သူ့ဆီကသက်ပြင်းရှိုက်သံအချို့ကလွဲလို့
တစ်လမ်းလုံးတိတ်ဆိတ်နေခဲ့တယ်။
ကျွန်မတို့ပြန်တဲ့နေ့မှာတော့ ကားဂိတ်ထိသူလိုက်ပို့ပေးခဲ့ပါတယ်။ ထိုနေ့မှာတော့ကျွန်မလက်ထဲကို သူစာလေးတစ်စောင်ထည့်ပေးသွားခဲ့ပြီး ကျွန်မတို့ပြန်သည်အထိစောင့်မနေတော့ပဲ စက်ဘီးကိုနင်းကာချာကနဲလှည့်ထွက်သွားတော့တယ်။
ကျွန်မတို့နယ်ဆီ့ပြန်မဲ့ အိမ်အပြန်ကားပေါ်မှာပဲ သူပေးခဲ့သည့်စာလေးကိုဖောက်ဖတ်ကြည့်ဖြစ်ခဲ့တယ်။
“ တီရှယ် ကျွန်တော့်ကိုခွင့်လွတ်ပါလို့ပဲ အရင်ဦးဆုံးတောင်းပန်ပါရစေ။
ကျွန်တော်နောက်နှစ်ကျောင်းဆက်မတက်ဖြစ်တော့ဘူး။ တီရှယ်တို့ကိုပြောပြဖို့ကြိုးစားခဲ့
ပေမယ့်ပြောမထွက်ခဲ့ဘူး။ ပြီးတော့ ကျွန်တော့်ရင်ထဲမှာတစ်ခါမှ တည်ရှိမနေခဲ့ဘူးတဲ့ ခံစားမူ့
မျိုးနဲ့တီရှယ်ရှိနေခဲ့တယ်။ ကျွန်တော်ဒီစကားတွေကို မပြောဖြစ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဒါပေမယ့် ကျွန်တော့ရင်ထဲကခံစားမူ့ကို တီရှယ်သိသွားစေချင်တယ်” ကျွန်မပြီးဆုံးအောင်ပင်မဖတ်နိုင်ဲစာရွက်ကလေးကိုကပျာကယာပြန်ခေါက်ရင်း ကားစတင်
ထွက်ခွါချိန်ပဲရှိသေးသည်မို့ကားဂိတ်ဆီသူရှိမနေတော့မှန်းသိရက်နဲ့ ကားပြတင်းကနေတွေ့
လိုတွေ့ညားသူ့ကိုရှာနေမိခဲ့တယ်။
ဒါပေမယ့်သူရှိမနေတော့သည်ကို ရှာဖွေမိနေသည်ကကျွန်မ။
ခွဲခွါခြင်းမှာလက်ပြနုတ်ဆက်လို့ကျန်နေခဲ့ရသူမဖြစ်ချင်ဘူးတဲ့လေ။
ဒါကြောင့်ကျွန်မတို့ကားထွက်သွားသည်ထိစောင့်မနေပဲ သူလှည့်ပြန်သွားခဲ့သည်။
သူ့ရင်ထဲကခံစားမူ့တွေကို ကျွန်မကိုသိသွားစေချင်သည်တဲ့။
သူနှင့်ပါတ်သတ်ပြီး ကျွန်မရင်ညွန့်ဆီက ပူနွေးလှိုက်ဖိုလို့တိတ်တိတ်ဆိတ်ဆိတ်လေး
လှုပ်ခပ်လို့သွားခဲ့ရတဲ့ရင်ခုန်သံတွေကိုတော့ တစ်စွန်းတစ်စလေးမှနားထောင်မပေးခဲ့။
ကျွန်မအတွက်အမှတ်တရဆိုတာ ခုလိုတိုက်ဆိုင်မူ့တွေနှင့်ကြုံလာတိုင်း သတိရလို့
လွမ်းနေမိရုံမှတပါးစောဒကတက်စရာမရှိတော့။


မေတ္တာအားဖြင့်
ခိုင်နုငယ်

Tuesday, June 15, 2010

မိသားစုထမင်းဝိုင်း




ဒီမိသားစု ထမင်းဝိုင်းလေးနှင့် တစ်နေ့တစ်ရက် တစ်လမှသည် သက္ကရာဇ်တွေ တစ်ဆစ်ပြီးတစ်ဆစ်ချိုးလို့ဝေးကွာနေခဲ့သည်မှာ သုံးနှစ်စွန်းစွန်း ပင်ရှိခဲ့ပါသည်။ ဘုတ်ဆုံတို့လည်း ၀ါသနာ ဗီဇအတိုင်း အလုပ်ကလေး အနည်းငယ် အေးဆေးရှင်းသည်နှင့် အငြိမ်နေလေ့မရှိ အွန်လိုင်းပေါ်တက်ဟိုစာဖတ်၊ဒီစာဖတ်ဟိုနေရာရောက်ဒီနေရာရောက လျှောက်သွားတတ်သည်။

လွန်ခဲ့သည့် တပတ်က first 11မှာ ဖတ်ခဲ့ ရသည့် “ပြန်လာစေချင်သည်” ဆိုသည့် ဆောင်းပါးလေးကို ဖတ်ပြီး ကတည်းက ရင်ထဲနင့်ကနဲ ဟာကနဲ နေအောင် စာရေးသူနှင့် ထပ်တူမကျ နိုင်ခဲ့သော်လည်း လျော့မသွား နိုင် သောရင်တွင်း ခံစားမူ့အချို့နှင့်ရင်ဘတ်ထဲတစ်ခုခုလှစ်ဟာနေသလို ခံစားနေရသည်မှာ အမှန်တကယ်ပင်။

မြန်မာပြည်မှာကျန်ရစ်နေခဲ့ကြသည့် မိသားစု၊ မောင်နှမတွေ၊ဆွေမျိုးတွေကလည်း ဘုတ်ဆုံတို့လို ရပ်ဝေးမြေခြား တိုင်းတပါးမှာ ရေကြည်ရာ မြက်နုရာ လူနေမူ့ ဘ၀အတွက် အကြောင်းအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှား နေရတဲ့ သူတို့သားသမီး၊ညီအကိုမောင်နှမ၊ဇနီးမယား ခင်ပွန်းသည်တို့ကို ပြန်လာစေချင်ကြသလို မတတ်သာလို့ ဗုဒ္ဓသာ သနာ့အရိပ်၊ မိဘအေးရိပ်၊ညီကိုမောင်နှမအရိပ်၊ ရပ်ဆွေရပ်မျိုးတို့နှင့်ခွဲခွါနေကြရသည့် ဘုတ်ဆုံတို့ သည်လည်း မည်မျှပင် တိုးတက်ထွန်းကား ခေတ်မှီစည်ကား နေသောနိုင်ငံ ဖြစ်နေပါစေ တစ်မိနစ်၊ တစ်စက္ကန့် မျှမကြည် မွေ့ မပျော်နိုင်ပါ။

အမေ့ရွာ အမေ့အိမ်က မိသားစု ထမင်းဝိုင်းလေးကို အလုပ်ကနေ အိမ်ပြန်ချိန်တိုင်း တမ်းတလွမ်းဆွတ်နေရသလို
ခေါက်ဆွဲပြုတ်ကို ဟင်းလုပ်လို့ တစ်သွယ် အဆာခံထမင်း အဖြစ်တသွယ် စားခဲ့ရသည့် နေ့တွေမှာဆို မျက်ရည်ကြည်တို့ မျက်ဝန်းမှာတွဲခိုလာသည်ထိ သတိရမိနေတတ်သည်။(၀ယ်စားလို့ရနိုင်ပါသည် ကိုယ့်တစ်နေ့လုပ်အားခ ပျမ်းမျှ သုံးပုံ ပုံ တစ်ပုံထဲက ၀ယ်စား၍ ရနိုင်သော်လည်း ၀ယ်မစားဖြစ်) ဒီလအိမ်ကို ပို့မည့်ငွေသည် ပြီးခဲ့သည့် လကထက်မပိုနိုင်ခဲ့ရင်တောင် လျော့မသွားအောင် ချို့ခြံ ချွေတာသုံး စွဲခဲ့ရသလို ကိုယ်ရောက်နေတဲ့ ရပ်ဝန်းက ကိုယ့်အကြိုက် ရာသီစာနှင့် မကိုက်ညီသောကြောင့် ၀ယ်မစားဖြစ်။

မိသားစု ထမင်းဝိုင်းတွင် ဟင်းတစ်ခွက်ကို မိသားစုနှင့် လက်ရေ တပြင်တည်း သူတစ်ဇွန်း ငါတစ်ဇွန်း လက်စုံ ညီ စားခဲ့ရသော နေ့တို့သည် ဘ၀၏ ရသအနှစ်သာရ တန်ဖိုးဖြတ်လို့ မရနိုင်သောနေ့စွဲတွေပါ။

ဒါဆို ဘာကြောင့် ရွက်လွင့်နေြ ကသနည်း မေးစရာ မေးခွန်းတွေ ရှိလာနိုင်သလို ဖြေစရာ အဖြေတို့ သည်လည်း တသီ တတန်းပင်ရှိနေပါသည်။ သို့သော် ဖြေစရာ အဖြေတို့သည် အံဝင်ခွင်ကျ မရှိလှ ၊ စကားတို့သည် စကားလုံး အဖြစ်သာ ဖောင်းဖွလို့ ကျန်နေခဲ့ရသည်သာ အဖတ်တင်သည်။ ဘုတ်ဆုံတို့တွေ မိသားစု ထမင်း ၀ိုင်းအတွက် မီးဖိုချောင်ထဲက အမေ ဒီနေ့ ဟင်းတစ်ခွက်ချက်လို့ နက်ဖန် ဟင်းနှစ်ခွက် မချက်နိုင်ခဲ့ရင်နေ ဒီနေ့ ငပိရည်ဆို နက်ဖန်ဆီပြန် ဟင်းလေးတော့ အမေ စိတ်မညစ်အောင် ဖြည့်ဆည်းပေးချင် သလို ခေတ်နှင့်အညီ သူတို့တွေ ဒီနေ့ အကျီင်္တစ်စုံလဲနိုင်ရင် ကိုယ်လည်း အကျီင်္တစ်စုံ လဲနိုင်အောင် လူ့ဘုံ အလယ်တင့်တယ် အောင် ရွက်လွင့်နေကြရသည်။

ဘုတ်ဆုံတို့ မိသားစုကလေးမှာ မိသားစုဝင် မနည်းလွန်းသော်လည်း မများလှပါ သို့သော်မိသားစု စုံညီ ထမင်း ၀ိုင်းဆိုတာ အရေအတွက်နှင့် လက်ချိုးရေတွက်လို့ရအောင် နည်းလွန်းလှသည်။ ဘုတ်ဆုံတို့တွေ ပညာရှာ သည့် အရွယ် တက္ကသိုလ် နယ်မြေဆိုတာ အမေ့အိမ်နှင့် ဝေးလွန်လှသည်မို့ လရှည်ရက်များခွဲခွါနေကာ မြို့ပေါ် အဖွား အိမ်ကနေ ကျောင်းတက်ရသည် ကျောင်း ရက်ရှည်ပိတ်လျှင် အိမ်ပြန်လာသည့် သားသမီးတို့ကို အမေဟင်း ကောင်းကောင်း မွန်မွန်လေး ချက်ကျွေးချင်ရှာသည် အိမ်နားဝန်ကျင်က ကလေးတွေ မုန့်ပဲ သရည်စာကျွေးလို့ သားသမီးတွေ အတွက် ငရဲမကြောက် ကြက်ပစ် (ကြက်သတ်)ခိုင်းရှာသည်။ မိသားစုထမင်းဝိုင်းလေးကို စိုပြေ အောင် လက်ဖြစ်ပစ္စည်းတို့ဖြင့်ဖန်တီးရှာသည်။

ထမင်းဝိုင်းလေးတွင် သားသမီးတွေ ပန်ကန်ထဲ ဟင်းဆယ်ကာထည့်လို့ အားပါးတရ စားနေကြသည့် သားသမီး တွေကို ကြည့်ကာ ပိတီအပြုံးနှင့် ထမင်းမေ့ ဟင်းမေ့ အမေ့မှာ ပြုံးပျော်ကြည်နူး မဆုံး ဖြစ်နေ ရှာတတ်သည်။
ကျောင်းတွေ ပြန်ဖွင့်လို့ အထုပ်ပြင်ရင် အဖေနှင့် အမေတို့ တောသူတောင်သားတွေပီပီ သားသမီးတွေ အပေါ် ချစ်သည့်အချစ်ကို ဖွဲ့ကာနွဲ့ကာမပြောတတ်

“ပြန်မလာရင် အကောင်းသားကွယ် ခုတော့ အစကနေပြန်လွမ်းရပြီ”

ဒီလိုစကားဆိုလေ့ရှိတယ်။ ခုလိုရပ်ဝေးမြေခြား နိုင်ငံခြားရယ်လို့ ထွက်လာတော့ လေဆိပ်မှာ အမေပြောရှာတယ်

“ဘယ်ဘ၀က ၀ဋ်ကြွေးရယ်ကြောင့် သားသမီးတွေနှင့် အတူမနေရသည် မသိ အရင်ဘ၀ဟောင်းက ငါ ဘယ်လောက်များ သူများ အသိုက်အမြုံလေးတွေ ဖျက်စီးခဲ့တယ်မသိ ပါဘူး ” လောကဓံကို အစွဲပြုလို့ ကံကြမ္မာကို အမေအပြစ်ဖို့လေတယ်။

**************

တစ်နေ့ကတော့ မြန်မာပြည်က ရောက်လာကြပြန်တာ တစ်သုတ်ကြီးပါပဲ သူတို့တွေကို ကြည့်ရသည်မှာ ရေပင် ၀၀လင်လင် ရေချိုးခဲ့ရပုံမပေါ် နွေရာသီရဲ့သရုပ်ပြ မိတ်တွေတို့လို့ တွဲလောင်းနှင့် လေယာဉ် စီးခဲ့ရသည့် အချိန် ကြောင့်ပဲ နွမ်းလျနေသည်လား သူတို့ဖြတ်သန်းရမည့် ပစ္စုပ္ပန်၊ အနာဂါတ်တို့ အတွက်ပဲတွေးပူနေကြ သလား မသိ သူတို့ကို ကြည့်ရသည်မှာ ညှင်းညှင်းသိုးသိုး နွမ်းလျလျနှင့် မြင်ရသည်မှာ ရင်မချိစရာပါ။ ဒါနဲ့ အင်တာဗျူးမယ် ဆိုပြီး အမတစ်ယောက်ကဆိုတော့ ဘုတ်ဆုံလည်း စာရွက်လေးကိုင်လို့ မောင်ဘယ်သူ မဘယ်သူ အိမ်ထောင်ရှိ ၊မရှိ ပညာအရည်အချင်း ဘယ်အတန်းထိ ရောက်လဲ ဒါတွေပါမေးရတယ် ရောက်လာကြသူတွေ ထဲမှာ ငါးတန်း၊ ခြောက်တန်း ပညာအရည်အချင်း အသီးသီးလေးတွေနဲ့ အထက်ကို မရောက်ကြ။

အင်တာဗျူးပြီးတယ်ဆို သွားရမဲ့အလုပ်လစာ၊နေရာစရာ၊စားစရာဒါလေးတွေ သိရှိလက်ခံထားပြီဖြစ်ကြောင်းsign (လက်မှတ်)ထိုးရပါတယ်။“အဲဒီမှာစတွေ့တာပဲ”ဆိုတဲ့ သုံးသုံးနေတဲ့ စကားစုလေး ခုနှစ်လုံးနဲ့ စတင်တွေ့တော့တာ ပဲ ကဲလက်မှတ် ထိုးမယ်ဆိုတော့ ကိုယ့်လက်မှတ်ကိုတောင် မထိုးတတ်တဲ့ သူကပါသေးတယ်။ သူတို့တွေအေလား၊ ဘီလား မကွဲပြား ကျောင်းသင်ခန်းစာ ပြီးဆုံးအောင် သင်နိုင်ခွင့် မရှိပေမယ့် ဘ၀သင်ခန်းစာတော့ မသင် ယူချင်လည်း သင်ယူရပေတော့မည် လက်မခံချင်သော်လည်း လက်ခံရပေတော့မည်။

“မိသားစုဆိုတာ တစ်ယောက်ရှေ့ ရောက်ဖို့ တစ်ယောက် နောက်ဆုတ်ရတယ် သစ်ကိုင်း တစ်ကိုင်း တိုးထွက်ဖို့ သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်” ဒါလေးကတော့ ကဗျာ ဆ ရာကိုစိုးဝင်းမြင့် ကဗျာ အပိုင်း အစလေးပါ။ သူတို့တွေရဲ့သမုဒ္ဒရာဝမ်းတစ်ထွာ ၀မ်းစာအတွက် မိသားစု ထမင်းဝိုင်း နပ်မှန်ဖို့ သူတို့တွေ နောက် ဆုတ်ပေးလို့ ရပ်ဝေးမြေခြား တိုင်းတပါးခရီးဝေးမှာ သူတို့ဘ၀တွေကို လမ်းခင်းပေး နေရတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်း ဒီလိုနိုင်ငံရပ်ခြား အာရှနိုင်ငံတွေထဲမှာဆို ဘုတ်ဆုံတို့ မြန်မာတွေ မြန်မာပြည် မြန်မာရွာကြီး ကို ဖြစ်လို့ပါပဲ အပေါ်ယံလျှပ် ပြေးကြည့်ရင် ဘုတ်ဆုံတို့ မြန်မာပြည်တိုးတက်နေသယောင်ယောင်.............................

သို့သော်…သို့သော်….ဒီလိုနဲ့ပဲစကားလုံးတွေကို ပြန်မျိုမျိုချနေရတာ အခါခါပေါ့လေ။

*****

ဘုတ်ဆုံ နိုင်ငံရပ်ခြား ရောက်ပြီး သိပ်မကြာအိမ်ကို စာပို့တယ် တစ်လတစ်ခါ ဖုန်းဆက်တယ် အိမ်က နယ်မှာမို့
တစ်လတစ်ခါပဲ ဖုန်းဆက်နိုင်သည်။ စာလည်း တစ်လတစ်ခါ အမြဲပို့တယ်ပေါ့ ဘုတ်ဆုံအိမ်ကို စာရေးရင် သူများ တွေနှင့် မတူ ပုံလေးတွေပါဆွဲပို့ရမှ ကျေနပ်သူ ဒီလိုနဲ့နောက်ဆုံးစာလေးပို့တုန်းက...............................................





ဒီလိုလေး ပုံဆွဲပြီးပို့ လိုက်တာ ပုံလေးရဲ့ ဘေးမှာလည်း စာရေးထား လိုက်သေးတယ် *ဒီမိသားစု ထမင်းဝိုင်း လေးဟာလက်စုံညီစားနိုင်ဖို့ ကြိုးစားနေရင်း တစ်ဖြေးဖြေးနဲ့ ဝေးကွာသွားကြတာ သူတို့တွေ မသိကြဘူး
အဲသလိုလေး အဖေနှင့် အမေ မိသားစုထမင်းဝိုင်းလေးကို သတိရနေမိတာနဲ့ ရေးလိုက်မိတာ စာလေးဖတ်ပြီး
ဖေဖေနှင့်မေမေ ရှုံ့ပွဲငိုပါလေရောတဲ့ ဘုတ်ဆုံကလေးဆန်ချင်နေမိတာ မိဘကို မျက်ရည်ကျအောင် လုပ်မိပြီလို့ တွေးလိုက်မိတယ်။ အဲဒီနောက် စာလုံးဝ မပို့ဖြစ်တော့ ဖုန်းနဲ့ပဲ တစ်လ နှစ်ခါဆက်ဖြစ်တော့တယ်။ ဖုန်းဆက်တဲ့ အခါ တိုင်းလည်း “သမီးမပျော်ရင် ပြန်လာခဲ့နှော် မရှိအတူရှိ အတူအေးအတူ ပူအမျှပေါ့ကွယ် ဥစ္စါဆိုတာ ဘုရားဟောသလိုပဲ မိုးသီးကြွေ လိုက်ကောက် နေရသလိုပဲတဲ့ ရှေ့က ကောက်သွားနောက်က အရည် ပျော်လိုက်နေတာ အဆင်မပြေရင် ပြန်လာခဲ့” အဲဒီလိုတဖွဖွမှာလေ့ရှိတယ်။

နေထိုင်ခွင့် သက်တမ်းဗီ ဇာတစ်ခါတိုးတိုင်း ဘုတ်ဆုံ ပြောဖြစ်နေတာက ဒီနှစ်ကုန်ရင် “ပြန်မယ်… .ပြန်မယ်“…....
အလုပ်မှာ pressureထိရင် မနေဘူး…....“ပြန်မယ်....ပြန်မယ်” ကြာတော့လည်း ဘုတ်ဆုံအမက ပြောပါလေရော “ပါးစပ်ကသာ အိမ်ပြန်ရောက်တာ ပါကွယ် လူကခုထိ အိမ်ပြန်မရောက် နိုင်ကြသေးပါဘူး” တဲ့ ဟုတ်ပါ့ ခုလည်း နောက်တစ်နှစ် နေထိုင်ခွင့် ပါမစ်သက်တမ်း တစ်ခါတိုး လိုက်ပြန် ပါပြီရော လားရှင်။ ဒီတစ်နှစ်လည်း မိသားစု ထမင်းဝိုင်းလေးနဲ့ ဝေးနေဆဲပေါ့……..။



အရင်ဆိုဒ်ကပို့စ်အဟောင်လေးတွေပါ။ ဒီပိုစ့်လေးအားပြန်ကူရှာပေးတဲ့

မောင်လေးစစ်မင်းညိုကိုလည်းကျေးဇူးတင်ပါတယ်။



မေတ္တာအားဖြင့်

ခိုင်နုငယ်

Monday, June 14, 2010

(နာမ်မည်)ကင်ပွန်းတပ် မင်္ဂလာပြုကြသူများ




ခုတလော ကျွန်မ ခဏခဏ အမေးခံနေရတဲ့ မေးခွန်းလေး ရှိပါတယ်။ အဲတာ ဘာလဲဆို............. .ကျမ blog title (စာရေးသူ) နာမ်မည်နဲ့ email နစ်နိမ်းက အွန်လိုင်း သူငယ်ချင်း၊ စာဖတ်သူ သူငယ်ချင်းတွေက ဘာကြောင့်
ဒီ နာမ်မည်တွေကို ရွေးခဲ့တာ လဲပေါ့နှော်။ ကျွန်မ emailနစ်နိမ်းက ဘုတ်ဆုံ ဖြစ်နေပြီး ဘလောပ့် နစ်နိမ်း (စာရေး သူနာမ်မည်) က ခိုင်နုငယ်ဆိုတာ ဘာကြောင့် ပေးတာလဲဆိုတော့။ ကျွန်မလည်း လွယ်လွယ်ကူကူပဲ ဖြေခဲ့လိုက်ပါတယ်။ ခိုင်နုငယ်ဆိုတာ ဘာကြောင့် ပေးတာလဲ ကျွန်မ ကြိုက်နှစ် သက်လို့၊ ဘုတ်ဆုံ လို့ ဒီနာမ်မည်ကို ဘာ ကြောင့် ရွေးတာလဲ ကျွန်မ နှစ်သက်လို့ ဆိုတဲ့အဖြေက လွယ်လင့်တကူပဲဖြေခဲ့ပေမယ့်။

ကျွန်မ အဖြေကို သေချာစွာ ပြန်စဉ်စားကြည့်မိတယ်။ ဒါနဲ့ စဉ်းစားရင်းနဲ့ အတွေးလေး ၀င်လာမိတယ် ဘုတ်ဆုံ ဒီနာမ်မည်က ဘာကြောင့် ကျွန်မ နှစ်သက်တာလဲ....ဘုတ်ဆုံ ဆိုတော့တစ်ချို့အွန်လိုင်း သူငယ်ချင်းတွေက မေး ကြပါတယ်။ ၀တုတ်ကြီးလားပေါ့နှော်။ တကယ်တော ကျွန်မ အရမ်းဝလွန်သူတော့ မဟုတ်ပါဘူး။ .ကျွန်မအမရင်း တစ်ယောက်လို ချစ်ခင် လေးစား ခဲ့ရတဲ့ အမက ချစ်စနိုးနဲ့ ဘုတ်ဆုံ လို့ခေါ်ခဲ့တော့။ ကျွန်မ သူ့ ပေးတဲ့ နာမ်မည် လေးကို တန်ဖိုးထားတဲ့ အနေတဲ့ကျွန်မကိုယ့် ကို ကို ဘုတ်ဆုံ လို့နှစ်သက်စွါ သုံးဖြစ်ခဲ့တယ်။

ခိုင်နုငယ်ဒီနာမ်မည်ကို ကျွန်မ ဘာကြောင့် နှစ်သက် ဖြစ်သွားသလဲဆို ကျွန်မ အယူအဆ ပေါ့နှော် ဒီနာမ်မည် လေးက ကျွန်မ စိတ်ထဲမှာကို ရှူ့မြင်ရသူအတွက် ရောကျွန်မအနေနဲ့ရော အေးချမ်းတယ် ယဉ်ကျေး သိမ်မွေ့ နေတယ်၊ နုညံ့ သိမ်မွေ့ နေတယ အဲဒီလို အမျိုးမျိုးသော ပီတိတွေနဲ့ ကျွန်မ ကိုယ့်ကို ကို ခိုင်နုငယ် ဆိုပြီး ခံယူပြစ်လိုက်တယ်။ ဒါပေမယ့် ကျွန် မသေချာစွာ ပြန်စဉ်းစားကြည့်မိတယ် ဒီ ခိုင်နုငယ်ဆိုတဲ့ နာမ်မည်က အေးချမ်းတယ်
သိမ်မွေ့တယ်၊နုညံ့တယ် ဆိုပြီးကင်ပွန်းတပ်ခဲ့ပေမယ့် ကျွန်မရဲ့စိတ်ဓါတ်နေထိုင်မူ့ နုညံ့သိမ်မွေ့ရဲ့ လားအေးချမ်းမူ့ ရှိရဲ့လားလို့ကိုယ့်ကို ကို ပြန်မေးကြည့်မိတယ်။ အဖြေမရခင် လမ်းတ၀က်မှာပဲ ကျွန်မကိုယ့်ကို ကို သရော်ပြုံး ပြုံးမိ သွားသလား မသိ အသွေးအသားတို့ ထူကနဲပူကနဲ ဖြစ်သွားမိတယ်။ကိုယ့်ကို ကို ကျွန်မ တကယ် နုညံ့ သိမ် မွေ့ မူ့ရှိရဲ့လားလို့မေးကြည့်တော့ ကျွန်မ နုညံ့ သိမ်မွေ့စွာ ရှိမနေတာပဲ စိတ်တိုစရာရှိရင်စိတ်ဖြင့် မတိုရသေးဘူး ဒေါသက ရှေ့ရောက်နေတတ်တဲ့ ကျွန်မ ဘယ်မှာလာလို့ အေးချမ်းမလဲ။ စကားပြောရင် မိန်းမ ပီပီသသ ညင်သာ စွာဘယ်တော့မှ မပြောတတ်ဘူး ကျွန်မ အမှန်တကယ် လက်တွေ့ သုံးနေတာက စကားပြောရင် ယောကျာ်းလေး ဆန်ဆန် ပြောတတ်တာပဲ ဘယ်မှာ လာလို့ ကျွန်မ နုညံ့ညင်သာ နေတော့မလဲ။
**********
ကျွန်မတို့ လူတွေ နာမ်မည်ပေး ကင်ပွန်းတပ်ကြတဲ့ အခါ ငွေတွေ သိန်းနဲ့ သောင်းနဲ့ ချီပြီး နာမ်မည်ရွေး ခဲ့ကြတာ ရှိပါတယ်။ ပည့်ညတ် သွားရာ ဓါတ်သတ်ပါ ဆိုပြီး နာမ်ဆိုတာမြင့်မှ လူနေမူ့ လည်းမြင့်မယ်ဆိုပြီး နာမ်မည် ကင်ပွန်း တပ်ကြတဲ့ခါ ဗေဒင်ဆရာတွေဆီ ငွေသောင်းဂဏန်း ထောင်ဂဏန်းနဲ့ချီပြီး နာမ်မည် ရွေးခဲ့ကြပါတယ်။ (ချွင်းချက် ပိုက်ဆံရှိတဲ့သူတွေ ပေါ့လေ) နာမ်မည်ကောင်းကို ရွေးနေရုံနဲ့ နာမ်မည်ကောင်းတစ်ခုရလာမှာမဟုတ် ပါဘူး။ မိမိတစ်ဦးတည်း ရပ်တည်ဖို့ပဲ နာမ်မည်ကောင်းရွေး နေရင်တော့ နာမ်မည်ကောင်း ရမလားပဲ။ နာမ်မည် ဆိုးရလာမှာကတော့ ဧကန်မလွဲပါပဲ။ “အတ္တ ပရ” မညီညွတ်ပဲ “အတ္တ အတ္တ တွေသိပ်များ နေရင်တော့ နာမ်မည် ကောင်းတွေ ထွက်မလာပဲ နာမ်မည်ဆိုးနဲ့သာ သမိုင်းမှာ မော်ကွန်းတင်ခံရမှာကလည်း ဧကန်မလွဲပါပဲ။

ကျွန်မ ဆိုလိုတာက “ပရ ပရ” တွေချည်းလုပ်နေကြရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။“အတ္တ ပရ”ညီညွတ်မျှတစွာ ရှိနေစေချင်တာပါ။မိမိ နာမ်မည် ကောင်းရဖို့ မိမိတစ်ဦးတည်း ရပ်တည်ဖို့ မိမိနာမ်မည်ကြီး အဒွန့်ရှည် တည်တံ့ ခိုင်မြဲဖို့ ဗေဒင်မေး ယတြာတွေယူ၊ ဘုရားတည်၊ ကျောင်းဆောက်၊ အလှူဒါနတွေ ပြုမယ်။ ဒါဟာ လှူနေတဲ့ချိန်မှာ ကုသိုလ် စိတ်ဖြစ်ရင်တော့ အခိုက်အတန့်တော့ ကုသိုလ်ရချင်လည်းရမယ်ပေါ့။

ဒါပေမယ့် ဒီကုသိုလ်ထဲမှာ “အတ္တ အတ္တ” တွေများနေရင်တော့ ကုသိုလ် စိတ်ကော ဖြစ်နိုင်ပါအုံးမလား။ ထို့အတူ မိမိနာမ်မည်ကောင်း လိုချင်တဲ့ မိမိနာမ်မည်ကြီးရော အဒွန့်ရှည်တည်တံ့ခိုင်မြဲ နေနိုင်ပါ့မလား။ နာမ်မည်ကောင်း ဆိုတာ ရွေးယူလို့တော့မရပါဘူး။ နာမ်မည်ကောင်းတစ်ခုရဖို့ ကိုယ်ကိုတိုင် အများပြည်သူအတွက်၊ မိမိအတွက် “အတ္တ ပရ” ညီညွတ် မျှတစွါရှိနေမှသာလျှင် ဒီနာမ်မည်ကောင်းဟာ လောကမှာ လှပစွာ ရပ်တည် နေနိုင်မှာပါ။
အများပြည်သူအတွက်ဆိုတဲ့ လူမူ့ရေး၊ နိုင်ငံ့အရေး “ပရ စိတ်ဓါတ်” နဲ့ ရပ်တည်ပေး နေခဲ့ကြတဲ့ နာမ်မည်ကောင်း ပုဂ္ဂိုလ်တွေ အများကြီး ရှိကြပါတယ်။ ထိုပုဂ္ဂိုလ် တွေလို ကျွန်မ ကင်ပွန်းတပ် မင်္ဂလာပြုခဲ့သော နာမ်မည်က နာမ်မည်ကောင်း တစ်ခုနဲ့ “အတ္တ ပရ” ညီညွတ် မျှတစွာ ရပ်တည်နိုင်နေပါ့မလား။

ယခု ကျွန်မ(စာရေးသူ) ခိုင်နုငယ်နာမ်မည်နဲ့ မတစ်တောက် တစ်ခေါက် ရေးနေခဲ့တဲ့ စာပေတို့သည် စာဖတ်သူ အတွက်………

“အို မိတ်ဆွေ..... ငါ့စာဖတ်၍၊ မမြတ်တိုင်စေ မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက် တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ တွေ့ငြားပေမူ၊ စာပေကျေးကျွန် ငါ့ဝတ်ပွန်ပြီ၊ ငါ့မွန်အမြတ် ငါ့အတတ်ဟု၊ စာဖတ်သူ့ ပေါ် ခေါင်းကို ကျော်၍၊ ငါသော်ဆရာ မလုပ်ပါတည်း။” ဆိုသည့် တက္ကသိုလ် ဘုန်းနိုင် ရေးသား စပ်ဆိုခဲ့သည့် စာကဗျာလေးထဲကလို
ပျင်းပြေ နှစ်ခြိုက် တွေးထိုက်ဖွယ်ရာပါနိုင်ပါ့မလား။ ငါ့ဘလောပ့် စာမျက်နှာ ငါရေးချင်တာတွေ ရေးနေမိတဲ့ စာရေးသူလား၊ ဒါမှမဟုတ် စာဖတ်သူအတွက် ပျင်းပြေ နှစ်ခြိုက် တွေးထိုက် ဖွယ်ရာ တစ်ပိုဒ့်တစ်လေ ပါအောင်
“ပရ” စိတ်ဓါတ်နဲ့ ရေးနေမိတဲ့ စာရေးသူလား။ ဆိုသည့် မေးခွန်းတွေနှင့် အတူ အတွေးပွါးလို့ ဆင်ခြင်မိရင်း ကျွန်မ ကိုယ်တိုင် ကင်ပွန်းတပ် မင်္ဂလာပြုခဲ့သော စာရေးသူ ခိုင်နုငယ် နာမ်မည်နဲ့ “အတ္တ ပရ” ညီညွတ် မျှတစွာ စာပေတွေကို ရေးနိုင်အောင်ကြိုးစားပါအုံးမယ်လို့ ဆန္ဒပြုရင်းလိုက်ရပါတော့တယ်။


မေတ္တအားဖြင့်
ခိုင်နုငယ်

Friday, June 11, 2010

ထိရှမူ့




ထိရှမူ့တိုင်း တယုတယ

မရှိခဲ့ပေမယ့်………..။
ဟောဒီအမှတ်တမဲ့ ထိရှမူ့လေးကို
ခပ်ဖွဖွဆုပ်ကိုင်လို့
တယုတယ မွေးမြူမိခဲ့သူပါကွယ်။
ခပ်ညံ့ညံ့ လေဒီလို့
အဆိုပြုချင်လည်း ပြုစေတော့
ပီယ၀ါစာ မကြွယ်သူမို့
ခပ်ပါးပါး ထိရှမူ့ကို
ကိုယ်ဟာ တိတ်တိတ်လေး
ဖြေသိမ့်ချင်သူ……။

*အရင်ကရေးခဲ့ဖူးတဲ့အပိုင်းအစတွေကောက်တင်နေတာမိတာ။
ပိုစ့်အသစ်ရေးဖို့ကလည်းနေရာသစ်ကိုပြန်ပြီးပြင်ဆင်နေရတာနဲ့ပဲအချိန်မရသလို
ရေးဖို့ကလည်းအာသီသမရှိဘူးဖြစ်နေတယ်။
တော်သလိုဖတ်...သင့်သလိုပဲသာမှတ်သွားကြပါ။*


မေတ္တာအားဖြင့်
ခိုင်နုငယ်(၁၂.၆.၂၀၁၀)

Thursday, June 10, 2010

ထာဝရတည်မဲ့ချစ်ခြင်း




♥ဟိုးးးးးးးးးးအပြာရောင်ကောင်းကင်အောက်က
အဖြူရောင်တိမ်ဆိုင် တိမ်လှိုင်းလေးတွေကို
မြင်ရဲ့လား………..မောင်။
အဲဒီ အဖြူရောင်တိမ်ဆိုင် တိမ်လှိုင်းလေးတွေ
လွင့်ပြယ်သွားတဲ့တစ်နေ့………။
မောင့် ရဲ့ ချစ်ခြင်းတွေပြယ်လွင့်သွားမှာလား? ♥

♥ဟင့်အင်…..

အဲဒီအဖြူရောင် တိမ်ဆိုင်တိမ်လှိုင်းလေးတွေရဲ့အထက်
အပြာရောင်ကောင်းကင်ကြီးလို
နုငယ်အတွက်………..
ထာဝရရပ်တည်နေမယ့်မောင့်ရဲ့ချစ်ခြင်းပါ။♥

♥ဟိုးးးးးး ပင်လယ်ပြင်ဆီက

လှိုင်းကြပ်ခွပ်လေးတွေရဲ့အသံကို
ကြားမိရဲ့လား………မောင်။
အဲဒီ ပင်လယ်ပြင်ဆီက
လှိုင်ကြပ်ခွပ်လေးတွေရဲ့အသံလို
နုငယ်ရဲ့အသံတွေ မောင့်အတွက်န၀င်မချိုတော့တဲ့တစ်နေ့
မောင့်ရဲ့ ချစ်ခြင်းတွေပြယ်လွင့်သွားမှာလား? ♥

♥ဟင့်အင်…..

ဟောဒီ မောင်တို့နားကရှပ်တိုက်ပြေးသွားတဲ့
လေပြေလေညှင်းလေးလို နုငယ်ရဲ့အသံလေးကို
ချိုသောနရီ၊ကာရံတွေနဲ့ထာဝရအတွက်
မောင်ကကဗျာထုဆစ်လိုက်မှာပေါ့။♥

♥ဟိုးးးးးပင်လယ်ရေမျက်နှာပြင်ထက်ဆီက
ကြည်လင်တောက်ပနေတဲ့ရေလှိုင်းပြာလေးတွေကို
တွေ့မိရဲ့လား…………….မောင်။
အဲဒီကြည်လင်တောက်ပနေတဲ့ရေလှိုင်းပြာလေးတွေလို
နုငယ်ရဲ့ ပျိုမြစ်ခြင်းတွေထာဝရမရပ်တည်နိုင်တဲ့တစ်နေ့
မောင်ရဲ့ ချစ်ခြင်းတွေပြယ်လွင့်သွားမှာလား? ♥

♥ဟင့်အင်……
ဟောဒီ ပင်လယ်ကြီးထာဝရစီးဆင်းနေသလို
နုငယ်အပေါ်မောင်ချစ်ခဲ့တဲ့အချစ်ဟာလည်း
ရပ်တန့်ပြစ်လို့မရနိုင်အောင် ထာဝရစီးဆင်းနေမှာပါ။♥




♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
**google မှာပုံလေးတွေလိုက်ရှာရင်းနဲ့ကမ်းခြေမှာထိုင်နေကြတဲ့အဖိုးနဲ့အဖွားရဲ့
ပုံလေးကိုတွေ့လိုက်မိတယ်။ ဒါနဲ့အဖိုးနှင့်အဖွားဘာတွေများပြောနေကြလဲဆိုတာသိချင်
လာတာနဲ့အစစွဲထုတ်ပြီးစိတ်ကူးသက်သက်နဲ့ရေးကြည့်လိုက်တာပါ။
:) :) အဖိုးက.......အဖွားနုငယ်ကိုတော်တော်ချစ်ပုံရတယ်။:) :)
ထာဝရထိုစကားလုံးတွေနဲ့ယဉ်ပါးလာခဲ့ပေမယ့် ထာဝရဆိုတာဘယ်အချိန်ထိလဲမသိဘူးနှော်။
ထာဝရဆိုတဲ့စကားလုံးတွေကိုသုံးပြီးကန်သတ်ခဲ့တာလည်းခံခဲ့ရဖူးတယ်။
ထာဝရဆိုတာ.......?

မေတ္တအားဖြင့်
ခိုင်နုငယ်(၁၁.၆.၂၀၁၀)




အိမ်




မြေလမ်းကသာ

ခြေအလှမ်းမှာလေပန်းရနံ့ဝဲ

ပင်ဝါးရုံရွက်ခြွေချ

ဒလက်လေလားအမှားထင်

အသွားငင် အပြန်ငင် ခြေလျှင်ပေါက်ခရီး

မနီးသေးပေမယ့်

အရီးလေးလည်းလာလည်မယ်ထင်….။

စပယ်ကဆော် ဇီဇ၀ါလေပြည်သွေး

ပန်းရေးပန်းချီ တောင်ပတ်ခြေနောက်ခံထား

မြောက်ပြန်လေစကားနဲ့ မိုးကြားကတိမ်စီ

မှိန်မချီနေအသွေးမှာ နတ်ရေးလည်းမမှီ…..။

မောင်က ပေါက်တူးကိုကိုင်ချီ

ပဲနှင့်နှမ်း တောင်လမ်းကပြည်ပြည်

ချိုးသူငယ်တွန်သံကြူး မိုးပေါက်သို့စည်

မေ ကောက်သည့်ပေါင်း တောင်းနှင့်ပြန်ချီ

နေအကျမှာ မေ့အလှက ကလူကျီ….။

အိမ်နောက်မှာ ဘူးစင် အိမ်ခြေမှာ ခ၀ဲ

ခေါင်းရင်းက သြဇါ တောရွာမို့ ရောဂါကင်းတယ်

အိမ်တလင်းစပါး အခါးကြိုက်ရင်ဂွေးတောက်

တမာခေါက်ကသွားခိုင် စည်းတိုင်မှာ

ကန့်ချုံကပ် ဒန့်သလွန်ရွက်ဟင်းခါး…။

တောင်ခိုးကဝေေ၀ မြူခြေကဆိုင်းဆိုင်း

ပန်းရနံ့စွတ်စိုထိုင်း မေ သိုင်းတဲ့ပ၀ါနီ

ကဗ္ဖလာနီနေအသွေးမှာ

ကမ္ဘာပြည်သာစည်မယ့်မေတ္တာတေး….။

ညာတကာလည်း လာသာလည်

ပန်းလေလည်း လိပ်ပြာခြယ် တွဲလက်တွေလည်း

ချိတ်ကာကွယ် မောင်နှင့်မေ သစ္စာဆို

မေတ္တာကိုအိမ်ဆောက်လို့

တိမ်ပြောက်ကျားတွေကြားမှာ ……

တောင်အခြေက ပန်းလေတွေကြားမှာ…..

ဖူးပွင့်နေတဲ့ အသီးအပင်တွေကြားမှာ…..ကွယ်

မောင်တို့ အိမ်ကလေး……။



အတိတ်ဆီက တစ်စုံတစ်ယောက်ဆီကရခဲ့ဖူးတဲ့ကဗျာလေးပါ။

မေတ္တာအားဖြင့်

ခိုင်နုငယ်(၂၅.၅.၂၀၁၀)

Wednesday, June 9, 2010

ဘလောပ့်ဟော့ပေါ့



ဘလောပ့်ဟော့ပေါ့လေးဖွင့်လိုက်ပြန်ပါပြီ။ အရင်ကတော့ ဒီနေရာလေးမှာကဖေးcafé shop
ဆိုင်လေးဖွင့်ထားတာ နှစ်ရက်တပိုင်းပဲရှိသေးတယ်အခွန်မဆောင်လို့နဲ့တူပါတယ်။
အဟဲ..စည်ပင်ကသိမ်းသွားတယ်။
ရက်အကန့်အသတ်မရှိကိုသိမ်းသွားတာ ဒါနဲ့ကျမလည်း ဆိုင်လေးအပိတ်ခံလိုက်
ရကတည်းက..စားမပျော်၊အိပ်မပျော်နဲ့ ပြန်ရလိမ့်နိုးနိုးနဲ့စောင့်မျှော်နေတာ ပြန်မရတော့။

သူငယ်ချင်းတွေကဘလောပ့်ဟော့ပေါ့သုံးကြည့်ကောင်းတယ်ဆိုတာနဲ့ နီးစပ်ရာသူမေးငါ့မေးနဲ့

လုပ်ထားလိုက်ပြန်ပြီ။

ရေးခဲ့သမျှ ထုဆစ်ဖန်တီးခဲ့လေသမျှကဗျာလေးတွေထိုအထဲမှာပါသွားတော့စာရေးရမှာတောင်

အားကုန်သွားတယ်။
ဒါပေမယ့်ဝါသနာနဲ့ဗီဇဆိုတာကလည်း တားဆီးလို့ကိုမရ

အခြေအနေနဲ့အကြောင်းတရားတိုက်ဆိုင်လာရင်လုပ်ကိုလုပ်ရမှ။


ကြာတော့တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေတဲ့ကျမကို အမကအမြင်ကတ်လာပါလေရော။

အိမ်မှာလည်းအိမ်မှာမို့၊အလုပ်မှာလည်း အလုပ်မှာမို့ "ကွန်ပြူတာထဲခေါင်းဝင်ပြီးဘာတွေရှုပ်နေတာလဲတဲ့

" မပြောချင်ဘူး ကြည့်နေ ကြည့်ထိုင်တဲ့ ကျမလည်းတွေးလိုက်မိတယ်။သူတောင်အမြင်ကတ်စရာဖြစ်လာပြီ။

သူကအကြီးဆိုတော့ ကိုယ်လည်းခပ်ကုတ်ကုတ်ကလေးပဲငြိမ်နေလိုက်တယ်။

အကြီးတို့ဝဇီအတိုင်း သူကငြိမ်နေပြန်တော့ ထပ်ပွါးနေပြန်ရော

"အရေမရ၊အဖတ်မရတွေသိပ်လုပ်တာပဲ"တဲ့ ဒီတစ်ခါတော့ ကျမလည်းငြိမ်မနေနိုင်တော့

သူကဂရုဏာဒေါသနဲ့ပြောပေမယ့် သူပြောတာနည်းနည်းအစွန်းရောက်သလိုခံစားမိတယ်။

ဒါနဲ့ကျမလည်း "ဦးကျော်ဟိန်းအိုက်တင်နဲ့အရာအားလုံးကို

မျက်လုံးတစ်ဖက်တည်းနဲ့မကြည့်ပါနဲ့"
လို့ပြောတော့မှသူလည်းဘာမှဆက်မပြောတော့ပဲငြိမ်သွားတယ်။

ဟုတ်တယ်လေစာရေးခြင်း၊စာဖတ်ခြင်းဆိုတာဘယ်လောက်တောင်နုညံ့သိမ်မွေ့တဲ့အနုပညာလည်း

ကျမကထိုအနုပညာကိုနှစ်သက်တယ်။ကျမမျက်လုံးတွေအမြင်တွေမကွယ်သ၍

စာတွေဖတ်နေအုံးမှာပါ။

ကျမလက်ကလေးတွေရှင်သန်နေသ၍မတောက်တစ်ခေါက်ကျမအမြင်လေးတွေ၊

တွေးမိတာလေးတွေခံစားမိတာလေးတွေရေးနေအုံးမှာပါပဲ။

လုပ်သလိုမဖြစ်ရင် ဖြစ်သလိုလုပ်မယ်ဆိုတာထက် မဖြစ်ဖြစ်အောင်လုပ်ချင်မိတာ ကျမ၀ါသနာမို့

တစ်ဒေါင့်တစ်နေရာက အချိန်၊အခွင့်အရေး၊ကျန်းမာရေးညီညွတ်မျှတနေအုံးမယ်ဆို

စာပေအနုပညာကိုကျမအမြင်လေးတွေ၊ကျမသိလိုက်တာတွေချရေးနေအုံးမှာပါ။

ဒါကြောင့်ကျမရဲ့ဘလောပ့်ဟော့ပေါ့လေးကိုလာရောက်သုံးဆောင်ကြပါအုံးလို့..........

......ဖိတ်ခေါ်လိုက်ပါရစေ။

မေတ္တာအားဖြင့်
ခိုင်နုငယ်

ကမ်းစပ်ရှိုက်သံ



အဆုံးအစမရှိတဲ့

ရေလှိုင်းပြာပြာတွေရဲ့

အနားသတ်တစ်နေရာမှာ

ကြေမွနေတဲ့ကျောက်ဆောင်တွေ

ရှိနေတယ်…..။
ရေစက်ကလေးတွေရဲ့

ကလူကျီစယ်ဒဏ်ဟာ

ကျောက်ဆောင်ကျောက်သားတွေအတွက်တော့

ဘယ်လိုမှပြန်ဆက်လို့မရနိုင်တဲ့

ကြေကွဲခြင်းတွေပဲလေ….။

(ကျီစားတယ်ဆိုပေမယ့်လည်း)

အသဲနှလုံးဆိုတာမျိုးဟာ

ကျောက်ဆောင်ကျောက်သားမှ

မဟုတ်ခဲ့တာပဲကွယ်

အချိန်ကာလတွေကြာလာတာနှင့်အမျှ

ခံစားခဲ့ရတဲ့ဝေဒနာတွေက ကြွေမွလို့

အဆုံအစမဲ့စွါနဲ့လေ……..။
ချစ်သူရေ
တကယ်လို့များ
ပင်လယ်ကမ်းစပ်တစ်နေရာရာကို

မင်းရောက်သွားခဲ့မယ်ဆိုရင်

ကမ်းစပ်က သဲပွင့်လေးတွေရဲ့
တီးတိုးရှိုက်သံကို

မင်းနှလုံးသားကကြားအောင်

ခံစားနားထောင်ခဲ့ပါလို့…..။


ကြိုက်မိသောကဗျာ
စာရေးသူ။ ။အမည်မသိ
မေတ္တာအားဖြင့်

ခိုင်နုငယ် (၁.၆.၂၀၁၀)

လျှောက်သောလမ်းမှာ…….စမ်းတ၀ါးဝါး




“ဒီနေ့ဗုဒ္ဓဟူးနေ့လား မမ၀ါ” “အင်းဟုတ်တယ်လေ ဘာဖြစ်လို့လဲ” အော် ဘာမှမဟုတ်ပါဘူး ကျနော်မေ့နေလိုက်တာ ဒီနေ့ညဈေး pasar malam ရှိတယ်နှော်” “အင်း”
မမ၀ါရဲ့ပြန်ဖြေသံ။
တစ်နေ့ဆိုတာလည်း ဘာမှမကြာလိုက်သလိုပါပဲ အချိန်တွေရဲ့ပြောင်းလဲမူ့တေ
ွမြန်ဆန်လွန်းတယ်။ ကိုယ့်ရဲ့မျက်နှာသာနံရံဆီက နံရံကပ်နာရီလေးကိုလှမ်းကြည့်လိုက်တော့ ဒေသစံတော်ချိန် ညနေ ၅.၃၀ ခွဲတောင်ရှိနေပြီ။ ပြတင်းတံခါးဝဆီကနေ ရာသီဥတုအခြေအနေကို လှမ်းအကဲခတ်လိုက်တော့ အုံ့ဆိုင်းဆိုင်းဖြစ်နေတာကလွဲရင် ရွာရန်ရာခိုင်းနှုန်း မရှိသလောက်ပဲမို့ တိုးတိုးတိတ်တိတ်လေးကြိတ်ဆုတောင်းဖြစ်လိုက်သေးတယ်။
“မမ၀ါ ဈေးသွားမှာလား”
“ အင်း သွားမယ်လေ မသွားရင်ဒီတပတ်လုံး ခေါက်ဆွဲပြုတ်နဲ့ နှစ်ပါးသွားနေရမှာပေါ့
နင့် အမကိုရော သွားမှာလားလို့မေးလိုက်အုံး
“ဟုတ်”
“မမရေ မ၀ါမေးနေတယ်ဈေးသွားမှာလားတဲ့”
“အေး သွားမှာ”
အမတော်ရဲ့ဖြေသံမဆုံးခင် “အေးသွားမယ်ဆိုလည်း ခုသွားကြမယ် မိုးအခြေအနေသိပ်မကောင်းဘူး”မမ၀ါရဲ့အမိန့်တော်ကိုညီမနှစ်ယောက်ပြိုင်တူလက်ခံသည့်အမူအယာနှင့်ခေါင်းငြိမ့်အချက်ပြရင်းလုပ်လက်စအလုပ်ကိုလက်စသတ်လိုက်ကြတယ်။
ဒီရပ်ဝန်းလေးမှာခုလို ညဈေး (pasar malam) နဲ့ဆုံဖြစ်တဲ့ခါတစ်ပတ်စာ အတွက်ဟင်းသီးဟင်းရွက်၊အသီးအနှံ၊အသားငါးလတ်လတ်ဆတ်ဆတ်လေးတွေကိုဝယ်ယူ
လေ့ရှိတယ်။ ဒီရပ်ဝန်းလေးမှာက မိုးနှင့်နွားသိုးအစိုးမရဆိုတာလိုပဲ မိုးရွာရက်နဲ့ကြုံကြိုက်တဲ့ခါ တစ်ပတ်လုံး ကြက်ဥနှင့်ခေါက်ဆွဲနှစ်ပါး သွားရတော့တာပါပဲ။
`~~~~~~~~~~~~~~~~~~@@@@@@@@@@@@@@@@@@~~~~~~~~
သုံးယောက်သားစကားတပြောပြောနဲ့လျှောက်လာကြတာဈေးထဲရောက်နေကြပြီ။
“မမ ဟိုရှေ့က အမကိုမြင်ဖူးသလိုပဲ” အမတော်ကိုလက်တို့ရင်းစကားဆိုလိုက်တယ်။
“သိလို့လား” အမတော်ရဲ့မေးခွန်းမဆုံးခင် ခပ်လှမ်းလှမ်းဆီက အထုပ်မနိုင်းမနင်းနဲ့တစ်လှမ်းချင်း ကိုယ်တို့ဆီဦးတည်လာနေတဲ့ သူ့ခြေလှမ်းတွေကို အာရုံပြုလိုက်ရင်း “အင်း သိတယ် အဲတာ ကျနော်တို့အရင်company ကပဲ မနွယ်ဆိုတာလေ”
“သြော်”
သူ့ကြည့်ရတာကျနော်တို့ကိုမြင်ပုံမရဘူး အနားရောက်လာတဲ့သူ့ကို လှမ်းနုတ်ဆက်လိုက်တယ်။
“မနွယ် နေကောင်းလား လှလို့ဝလို့ဗျာ” ဒီအချိန်မှသူ့ ကိုယ့်ကိုမြင်သွားပုံရတယ်။
“ဟယ် ညီမလေး လူကသာလှနေ၀နေတာ စိတ်ပိန်တယ်ညီမလေးရေ”
ထုံးစံအတိုင်းမနွယ်တို့ရန်ကုန်သူပီပီ စကားလုံးအဆန်းတွေသုံးလေပြီ။
“ဒါနဲ့ အလုပ်ဆင်ပြေတယ်မှတ်လား”
“အင်း ဒီလိုပါပဲ”
ကျနော် မေးလိုက်တယ်ဆိုရင်ပဲ သူကျနော့်ကိုစကားတွေအများကြီးပြောချင်နေပုံရတယ်။ သူ့ရင်ထဲကခံစားမူ့တွေကို နားထောင်ပေးနိုင်ဖို့အသီးအရွက်တန်းမှာရွေးဝယ်နေကြတဲ့ အမတော်တို့ကို လျှောက်နှင့်လို့ မျက်ရိပ်ပြရင်း မနွယ်နှင့် စကားပြောရင်းကျန်နေခဲ့တယ်။
မနွယ်ဆိုတာ ရန်ကုန်သူစစ်စစ် အပျိုကြီးလေ အသက်ကလေးဆယ်ထဲရောက်နေပြီ
Company တစ်ခုမှာ အတူတူလုပ်ခဲ့ကြတုန်းက ကိုယ့်အပေါ်အမတစ်ယောက်လို အမေတစ်ယောက်လို ကောင်းခဲ့တဲ့သူပေါ့။ တလောကယောက်ကျာ်းရသွားပြီလို့သိလိုက်ရပေမယ့်။ ကိုယ်က အသွားအလာနည်းသူမို့
မသွားဖြစ်မရောက်ဖြစ်။ အသက်လေးဆယ်နားရောက်သည်ထိ အပျိုကြီးလုပ်လာတာ ဒီနိုင်ငံရောက်မှ အိမ်ထောင်ကျသွားတယ်ဆိုတော့ အံ့သြမှင်သက်ဖြစ်နေမိပေမယ့်
အချစ်ဆိုတာ အိုးမင်းရင့်ရော်ခြင်းမရှိ အမြဲနိုပျိုလန်းဆန်းနေနိုင်တယ်ဆိုတာ ဒါမျိုးပဲ
ဖြစ်မယ်လို့တွေးလိုက်မိသား။ အိမ်ထောင်ကျသွားပြီဆိုလို့ နှစ်ဖက်မိဘတွေနှင့် အာဝါဟ ၀ိဝါဟ
ဘိတ်သိပ့် မြောက်လိုက်ကြတာမဟုတ်ပဲ နှစ်ဦးသဘောတူညားကြလေသတည်းပေါ့ဗျာ။
မနွယ်အိမ်ထောင်ကျသွားပြီ သူ့ကောင်လေးက မနွယ်ထက်ဆယ့်သုံးနှစ်ခန့်ငယ်တယ်။
နာမ်မည်က မောင်မောင်တဲ့ ကောင်းလေးကအသောက်းအစားရှိတယ်။ တဆင့်စကား တဆင့်နားကြားထားမိပေမယ့်၊ မနွယ်နှင့်မဆုံဖြစ်ကြ။
“မနွယ် အိမ်ထောင်ကျသွားပြီဆိုတော့ အမျိုးသားနဲ့ရော အဆင်ပြေရဲ့လား”
ကျနော့်ရဲ့ဂရုဏာမေးခွန်းမဆုံးခင် သူစကားဆိုလေတယ်၊
“အင်း အဲတာပဲခုပြောချင်နေတာ မောင်မောင်လေ ကားအက်စီးဒန့်ဖြစ်လို့”
“ ဟင် ဟုတ်လား”
“အခုတော့ ဆေးရုံကဆင်းပါပြီ အစပိုင်းတော့လူကပုံမှန်မဟုတ်ဖူး ခုတော့နေသားတကျ
အားလုံးကိုမှတ်မိနေပါပြီ”
“အဲဒီလောက်တောင် ဆိုးသွားသလား မနွယ်”
“အင်း အဲထက်ဆိုးတာက မောင်မောင်သူဌေးလေ အလုပ်ချိန်မှာမဟုတ်ပဲ အရက်သောက်ပြီး
ကားမောင်းလို့ဖြစ်တာဆိုပြီး ဆေးစရိတ်ထုတ်မပေးတော့ မနွယ်တို့ပဲပေးရုံပေါ့”
ကျနော်လည်းသူ့စကားဆုံအောင်စောင့်မနေပဲ ကြားဖြတ်မေးလိုက်တယ်။
“ဆေးစရိတ်က ဘယ်လောက်တောင်မို့လဲ”
“တစ်သောင်း”
“ဟိုက်”
သူမကြားနိုင်သေးခင် ကိုယ့်အမေဋိတ်သံကိုရုတ်ချေပြန်သိမ်းရင်း ဘာဆက်ပြောရမှန်းမသိအောင်မှင်သက်မိနေခဲ့တယ်။
တစ်သောင်းတဲ့ တွက်ကြည့်ဗျာ မြန်မာငွေပေါက်ဈေးနဲ့သိန်းသုံးဆယ်နီးပါးလောက်ရှိနေတာ
မနွယ်တစ်ယောက်မည်မျှပင် စိတ်ညစ်နေမည်မသိလို့ တိတ်တဆိတ်တွေးပူမိနေတုန်း
မနွယ်ဆက်ပြောလေတယ်။
“အိမ်ကို ပိုက်ဆံမပို့နိုင်တာလည်းကြာပီ အရင်ကသူနှင့်မယူခင်က မနွယ်ပို့နိုင်သေးတယ်
သူလစာက သူ့အိမ်သူပို့ မနွယ်လစာကတော့စားစရိတ်ထဲသွား သူသောက်တာစားတာနှင့်
လုံးလည်လိုက်နေတာ”
“သြော် မနွယ်ရာဖြစ်ချင်လို့ဖြစ်တာမှမဟုတ်ပဲ ဖြစ်ချိန်တန်လို့ဖြစ်သွားတာလို့ပဲသဘောထားလိုက်ပါ”
ဤသို့နှစ်သိမ့်ပေးရုံသက်သက်သာ ကျနော်ပြောနိုင်ပေသည် သူချစ်လို့ယူထားတဲ့ယောကျာ်းပေကိုး မနွယ်တစ်ယောက်အားကိုးရမလားလို့
ယောကျာ်းတစ်ယောက်ယူမိကာမှ ယစ်ထုပ်ခေါင်းပေါ်တင်ထားသလိုဖြစ်ချေပြီ။
ထိုင်နေကောင်းသား ထသွားမှအကျိုးမှန်းသိဆိုတာ မနွယ်အဖြစ်၊လျှောက်သောလမ်းမှာ
စမ်းတ၀ါးဝါးဖြစ်လေပြီ။
ရွေးချယ်ပိုင်ခွင့်အများကြီးမရှိတဲ့ မိန်းမသားဘ၀မှာယောကျာ်းဆိုပြီးရော ကောက်ယူလို့တော့
မသင့်တော်ပေ။
ဖတ်ခဲ့ဖူးတဲ့စာရေးဆရာကောင်းသန့်ရဲ့သမီးလေးဖတ်ဖို့ဆိုတဲ့စာစုလေးအချို့
သွားသတိရမိတယ်။
*တခဏတာဝတ်ဖို့ သမီးစိတ်ကြိုက်အင်္ကျီတစ်ထည်ရဖို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကိုယ့်စိတ်ကြိုက်ရှာရသလို တစ်ဘ၀စာအတွက် အတူလက်တွဲမဲ့ ကိုယ့်အိမ်ထောင်ကိုလည်း
အချိန်ပေးလေ့လာသင့်တယ်ဆိုတာမှန်ပေတယ်*တစ်ဘ၀စာအတွက်အတူလက်တွဲမည့်
အိမ်ထောင်ဖက်ကိုလည်းတခဏလေးဆုံးဖြတ်လို့ မရနိုင်ပါဘူး။ ချစ်လို့ယူကြတာကွာ နားလည်မူ့သာအဓိက ဒါတွေရှိတော့ရှိတယ် ကံကောင်းခြင်းဆိုတဲ့ရာခိုင်းနှုန်းအနည်းစုသာ
ရှိတတ်ကြပါတယ်။ နားလည်မူ့ဆိုတာ အိမ်ထောင်တစ်ခုရဲ့အခြေခံအုတ်မြစ်မှန်ပါတယ်
ဒီနားလည်မူ့ကိုလည်း အချိန်နဲ့ပံ့ပိုးလေ့လာသင့်ပါပေတယ်။
မနွယ်နုတ်ဆက်ကာကျောခိုင်းပြန်သွားသည်ထိကျနော့်မှာအတွေးတစ်သီတစ်တန်းနဲ့
ကျန်နေခဲ့တယ်။
မနွယ်တစ်ယောက် လျှောက်သောလမ်းမှာ စမ်းတ၀ါးဝါးဖြစ်မနေပဲ သာယာဖြောင့်ဖြူးသောလမ်း
အရောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးရုံမှတပါး မည်သို့မျှမတတ်နိုင်ပါလေ။


မေတ္တာအားဖြင့်
ခိုင်နုငယ်
(၆.၅.၂၀၁၀)ညနေ၇.၃