အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, October 12, 2011

ကမ္ဘာတစ်ခြမ်းမှ အလွမ်းည





မီးရှူးမီးပန်းလို
တလက်လက်တောက်နေတဲ့ အလွမ်းတွေနဲ့
ဟိုဟိုဒီဒီ လမ်းထ လျှောက်မိတယ်
ဒီဘက် ကမ္ဘာခြမ်းမှာတော့
မသိမသာ အကန်းပါလား

ဆီမီးခွက်ထဲက မီးစာလို
တလက်လက် တောက်ပခွင့်လည်းမရခဲ့

မီးပုံးပျံတွေလို
ငါ့စိတ်ကူးတွေ လွှတ်တင်မိတယ်

ဗျောက်အိုးတွေ
တဗောင်းဗောင်း ဖောက်နေသလိုပါပဲ
ငါရင်တွေ တဗြောင်းဗြောင်း ပေါက်နေခဲ့တယ်

ဟိုဘက် ကမ္ဘာခြမ်းမှာတော့
ဘုရားသွား ကျောင်းတက်
ခေတ်အဆက်ဆက် ကန်တော့ခန်းတွေနဲ့
ရပ်ကွက်လမ်းတွေလည်း အလင်းဆန်းနေတော့မယ်

ငါတို့ရပ်ကွက်လမ်းက ကာလသားတွေ
ဘကြီးသာဖေ လော်နဲ့
ကာရာအိုကေ အော်လို့
အပျော်ကြီး ပျော်နေရော့မယ်

ငါတို့အိမ်မှာလည်း
အဖေ့တပည့်တွေက
အဖေ့ကို လာကန်တော့လို့
ကြွက်နီတစ်ယောက်
ဗျောက်အိုး ဖောက်နေရော့မယ်

ဒီဘက် ကမ္ဘာခြမ်းမှာတော့
မီးရှူးမဖေါက် မီးစာမတောက်ဘဲ
ကိုယ့်ဖယောင်းနဲ့ကိုယ် တောက်
ကိုယ့်ရင်ဘတ်ကိုယ် ဗျောက်အိုးဖောက်ခဲ့ပေါ့

ရင်ဘတ်ပေါက်နဲ့ လမ်းလျှောက်နေသည်။

လေပြည် (၅-၉-၂၀၀၉၊ ည ၁၁း၄၅)

နှစ်သက်မိသော ကဗျာတစ်ပုဒ်


မေတ္တာအားဖြင့်
ခိုင်နုငယ်

10 comments:

mstint said...

ကဗျာကောင်းလေးတစ်ပုဒ် ရှင်းရှင်းလေးနဲ့ ရင်တွင်းခံစားချက်လေး ဖေါ်ညွှန်းသွားတာပဲ မျှဝေပေးတာ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ရာသီစာအလွမ်းလေးတွေပါလားမခိုင်နုငယ်....၊သိပ်လှ
တယ်....၊အင်း....ဘကြီးသာဖေလော်နဲ့အော်တဲ့ ကာရာ
အိုကေကိုလွမ်းသွားတယ်ဗျာ.....

ငြိမ်းစိုးဦး said...

ကိုယ့်ဖယောင်းနဲ့ကိုယ် တောက်
ကိုယ့်ရင်ဘတ်ကိုယ် ဗျောက်အိုးဖောက်ခဲ့ပေါ့ ... အပူနဲ့ လူ နဲ့ နပမ်းလုံးနေတာ ...

မြသွေးနီ said...

အဝေးရောက် ဗမာတစ်ယောက်ရဲ့ သီတင်းကျွတ်အလွမ်းလေးကို စာနာစွာနဲ့ ခံစားဖတ်ရှုသွားပါတယ်ညီမရေ..။

Anonymous said...

အိမ်ကို တော်တောသတိရနေ ၊ လွမ်းနေတယ်ထင်ရဲ့။ တူတူပါပဲရှင်။


ခင်တဲ့
မေသိမ့်

Cameron said...

ကဗျာလေးလှတယ်... ခိုင်နုငယ်ပျောက်နေတာကြာပြီ...။

စံပယ်ချို said...

ရင်ထဲက ခံစားချက်တွေကို
ရာသီ အလွမ်းနဲ့ရောပြီးရေးထားတဲ့ကဗျာ
ကောင်းလေးကိုခံစားဖတ်ခဲ့ပါတယ်ရှင်

Angelhlaing(May everybody be happy and healthy! said...

အလွမ်းတွေ ထပ်တူကြနေပြီ မမရေ...:(
ခံစားအားပေးသွားလျှက်...

မိုးယံ said...

ဒေါ်ဘုတ်ဆုံက မကဲရလို့ လွမ်းနေတာဂိုးးးးးးး

Anonymous said...

ဗျောက်သံကြားရင် လန့်မိတယ်ဗျာ
ဟဲ့ပလုတ်တုတ် သောက်ကလေးတွေလို့အော်မိတယ်
အသက်ကြီးလာပြီး အသည်းငယ်လာလို့လေး)

မောင်ဘကြိုင်