အချိန်ပေးကာရောက်လာခဲ့ကြသည့် စာဖတ်သူမိတ်ဆွေများအား ကျေးဇူးတင်ပါ၏။ စိတ္တသုခ၊ကာယသုခများနှင့်ပြီးပြည့်စုံနိုင်ကြပါစေ

Wednesday, September 22, 2010

အချစ်သင့် စာမျက်နှာ




ချစ်သူ
ကိုယ့်ချစ်ခြင်းမြစ်တစင်းမှာ
ဥပက္ခာတွေနဲ့ပဲ ရေချိုးဆင်းခဲ့တယ်။
ဖြစ်နိုင်မယ်ဆိုရင် တစ်ခါလောက်တော့
“မိုက်မဲခွင့်” ရချင်မိတယ်။
မင်းကို ချစ်မိနေကြောင်း ပြောပြချင်တယ်။
မင်းမနက်ခင်းတွေတိုင်းအတွက်
ကိုယ့်ရင်ဘတ်ထဲက ချစ်ခြင်းတွေကို
ထွန်းလင်းပြချင်မိတယ်။
ဒါပေမယ့်…….
ဘ၀ဆိုတဲ့ အသိနဲ့ချုပ်တီးမူ့တွေရဲ့ကြား
ရင်ဘတ်တွေသာ အောင့်လာတယ်။
ပြောင်းလဲပြင်ဆင်ခွင့်မရှိတဲ့
“စည်း” တစ်ချောင်းရဲ့အောက်မှာ
ကိုယ် အခါခါသေတယ်။
မင်းကိုချစ်မိတာကိုက ကိုယ်တည်ဆောက်ချင်တဲ့
နန်းတော် တစ်ခုရယ်ပါ။
ဒါပေမယ့်……….
စိတ်ကူးပင်လယ်တွေ ငွေ့ရည်ဖွဲ့သလောက်
လက်တွေ့ကျကျ တိမ်တိုက်တစ်ခုရဲ့
ဘာသာဗေဒတွေကတော့ မိုးခေါင်လွန်းတယ်။
ချစ်သူ
မင်းမသိနိုင်ရင်လည်း နေပါစေတော့………..
မင်းကို မမြင်တွေ့ရရင်လည်းနေပါစေတော့……….
ဒီတစ်မိုးရိပ်အောက်မှာ မင်းရှိနေတယ်ဆိုတဲ့
အသိလေးနဲ့တင်
ကိုယ့်အိမ်မက်တွေ ပြီးပြည့်စုံခဲ့ပါပြီ။

♥♥♥♥♥♥♥♥

စားကြွင်း♥ ♥ဘာရယ်မဟုတ် ဘလောပ့်လေးမှိန်နေတာနဲ့ ဟိုစပ်စပ် ဒီစပ်စပ် ဖတ်မိတာလေးတွေကို ကဗျာစပ်ကြည့်တာပါ။ အစပ်အဆက်မတည့်တာတွေကို ဆက်စပ်နေမိသလားရယ်........:) :) :)


မေတ္တာအားဖြင့်
ခိုင်နုငယ်

Wednesday, September 15, 2010

သတင်းကွန်ယက်ဂျာနယ်

သတင်းကွန်ယက်ဂျာနယ်
မလေးရှားနိုင်ငံမှာ ထုတ်ဝေသည့် မြန်မာ့ သတင်းကွန်ယက်ဂျာနယ်ပါ။ အခက်အခဲ အမျိုးမျိုးတွေကြားကရွှေမြန်မာ တို့အတွက် ရပ်ဝေး မြေခြားမှာ သတင်းကွန်ယက်တွေနဲ့ နီးစပ်စေဖို့ စာပေချစ်မြတ်နိုးသည့် မလေးရှား နိုင်ငံရောက် ရွှေမြန်မာတို့ရဲ့အားထုတ်မူ့လေးပါ။ ယခုဆို မလေရှားနိုင်ငံမှာ မြန်မာ့သတင်းဂျာနယ်တွေ တော် တော်များများ ထွက်ရှိလို့နေပါပြီ။ ဒါကြောင့် စာပေချစ်မြတ်နိုးသည့် မလေးရှားနိုင်ငံရောက် ရွှေညီအကိုမောင်နှမ များ “သတင်းကွန်ယက်ဂျာနယ်” ကိုလည်း ၀ယ်ယူဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ပါရစေ။ တဆက်တည်းမှာပဲ ကြော်ငြာသလိုလိုနဲ့ ကြွားလိုက်ပါအုံးမယ်။ :) :)
သတင်းကွန်ယက်ဂျာနယ် အတွဲ(၁)အမှတ်စဉ်(၆)စက်တင်ဘာလထုတ်မှာ
ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကိုလည်း ဖတ်ရူ့နိုင်ပါကြောင်း သတင်းကောင်းပါး လိုက်ပါရစေ။ ကျွန်မ မတောက်တစ်ခေါက်ရေးသည့် ၀တ္ထုတိုလေးတစ်ပုဒ်ကို ထုတ်ဝေပေးသည့် သတင်းကွန်ယက်ဂျာနယ်မှ အယ်ဒီတာများကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာလေးကနေ ကျေးဇူး စကားပြောပါရစေ။ “သင်းကွဲငှက်တို့ အိမ်အပြန်” မူးရင်းကို ဖတ်ချင်သူများ ဒီနေရာလေးမှာ ဖတ်နိုင်ပါတယ်။





ကြော်ငြာဏ္ဍသို့ဆက်သွယ်လိုသူများအတွက် အခမဲ့ကြော်ငြာဏ္ဍလည်းရှိပါတယ်။




၁) ပညာဒါန အခမဲ့သင်တန်းကျောင်း ကြော်ငြာများ

၂) လူပျောက် ကြော်ငြာများ

၃) ပါတ်စ်စပို့ ပျောက်ဆုံးသူများနှင့်ကောက်ရသူများ

၎) မိသားသားစုနှင့် အမှန်တကယ် ဆက်သွယ်ရန်အရေးကြီးနေသူများ

၅) အိမ်ခန်းရောင်း/၀ယ်/ငှားလိုသူနှင့် အငှားတင်လိုသူများ

၆) တီဗွီ၊ရေခဲသေတ္တာ၊ဟမ်းဖုန်း၊ဆိုင်ကယ်၊ကား ရောင်း/၀ယ်/ငှား လိုသူများ

စသည့် ကြော်ငြာရှင်များ အခမဲ့ ထည့်သွင်းကြော်ငြာပေးမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။ အခမဲ့ကြော်ငြာဏ္ဍသို့ ဆက်သွယ်ပေးပို့လိုပါက အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်တကွ ကြော်ငြာထည့်သွင်း လိုသော အကြောင်းအရာအား လျှောက်လွှာစာရွက်ဖြင့်ရေး၍ စာတိုက်မှဖြစ်စေ၊ အီးမေး(လ်)ဖြင့် ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန်- P.O BOX:10967,50730(K.L)
email:newsnetwork2010@gmail.com
Ph:016-659 8531,016-977 8317





အမှာ။ ။ယခုတလော အလုပ်များတာရယ်။ စိတ်မအားတာရယ်ပေါင်းစုပြီး ဘလောပ့်လည်ဖို့ မိတ်ပျက်ဆွေပျက်ဖြစ်နေပါတယ်။ ဘလောပ့်လာလည်သည့် ချစ်မိတ်ဆွေ စာဖတ်သူများကိုလည်း ဧည့်ဝတ်မကျေဖြစ်နေပါတယ်။ဒါကြောင့် ကြိုးစားပြီး ဘလောပ့်လည် စာဖတ်စာရေးပါအုံးမည်လို့။ :) :)

မေတ္တာအားဖြင့်
ခိုင်နုငယ်

Friday, August 27, 2010

ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းပါ


ကောင်လေးရေ……..

ငါ့ရင်ခွင်မှာ မင်း တစ်ကိုယ်စာလေးတောင်
ခိုလှုံ ခွင့် မပေးနိုင်ခဲ့ဘူး။
ငါဟာ “တေမိ” မဟုတ်သလို
“အရိယာ”လည်း မဖြစ်သေးပါဘူး။
မင်းခံစားရတဲ့ ဝေဒနာဝါကျတွေအတိုင်း
ဤ သည် မရွေး ငါကိုယ်တိုင်လည်း
ခံစားခဲ့ရဖူးပါတယ်။
ဒါပေမယ့်……….
ဘ၀မှာလိုအပ်ရင် အချစ်ဆိုတာလည်း
တိတ်တိတ်လေး ရှင်သန်ပေးရတယ်။
ကိုယ်တိုင်ဆွဲတဲ့ စည်းမျဉ်းအပြင်ဘက်ကို
ငါဟာ ခြေချော်လက်ချော်လေးတောင်
လျှောက်မကြည့်ဝင့်သူပါကွယ်။
လက်ညှိုးပေါင်းများစွာရဲ့ တံတွေးခွက်ထဲ
ငါကိုယ်တိုင်လည်း မစီးမျောဝံ့သလို
မင်းကိုလည်း မသိမ်းသွင်းချင်ဘူး။
ကောင်လေးရေ………..
မင်းအိမ်မက်တွေထဲ ငါ့ကိုအလည်မခေါ်ချင်ပါနဲ့
ငါဟာ မင်း မျှော်လင့်တဲ့ အိန်လ်ဂျယ်မဟုတ်ခဲ့ပါဘူးကွယ်။
တကယ်တော့ အချစ်ဆိုတာ
အချစ်ခံရတာထက် ချစ်နေရတာက
ပိုပြီးမွန်မြတ်သန့်စင်ပါတယ်။
ကောင်လေးရေ….
ကျေးဇူးပြု၍ ငါ့ကိုချစ်ရင် မုန်းလိုက်ပါ။



********@@@@*******
အချစ်ကဗျာရေးပေးပါလို့တောင်းဆိုလာသည့် မလေးရှားရောက်
ညီမငယ်အတွက်အမှတ်တရ ကဗျာ
********@@@@*******

မေတ္တာအားဖြင့်

ခိုင်နုငယ်