ဖေဖေ
သမီးခုတလော ခဏခဏ
နေမကောင်းဖြစ်တယ်။
ပြီးတော့လေ…………
ခဏခဏလည်း အပူလောင်တယ်
မီးဆိုတာ အပူလောင်တတ်တယ်လို့
ဖေဖေ ပြောမှာလားဟင်!!!
သမီးလေ ခြေဆော့လက်ဆော့
မီးပျိုခဲ့တာ မဟုတ်ပါဘူး။
ပူမှန်းသိရက်နဲ့ တယုတယပျိုးခဲ့မိတာပါ။
ဖေဖေ………
အနီးအဝေး အကွာအဝေးဆိုတာ
စိတ်နဲ့ပဲ ဆိုင်တယ်တဲ့ ဖြစ်နိုင်ပါ့မလားဟင်!!!!
ဒါပေမယ့်လေ….
စိတ်ကို စိတ်နဲ့လှည့်စားခံရတာ အဆိုးဆုံးပါပဲ။
မိန်းမတို့ရဲ့ ပူဆွေးသောကက နွေမုန်တိုင်းလိုပဲ
တိုတောင်းသလောက် ပြင်းထန်တယ်တဲ့
ဟုတ်မှာပဲနော်…..
ခံစားမူ့ကို လွယ်လင့်တကူ ထုတ်မပြတတ်ဖို့
ယောကျာ်းဆန်ဆန် နေနည်းဆိုတဲ့
ဖေဖေ့ရဲ့ သင်ရိုးညွန်းတမ်းတွေထဲ
နေသားတကျရှိနေခဲ့ပေမယ့်
ကျနော်……ကျနော်လို့ နာမ်စားသုံးလိုက်ရတဲ့အခါတိုင်း
သမီး နှလုံးသားကတော့ မိန်းမသားဆန်နေခဲ့တယ်။
မေတ္တာဆိုတာ အသွားအပြန် ရှိပေမယ့်
တိုက်ရိုက် အချိုးကျချင်မှ ကျတယ်ဆိုတာ
ဟုတ်မှာပဲနော်……
သမီး လူလားမမြောက်သေးဘူးလို့
ဖေဖေ အပြစ်တင်နေမလားဟင် !!!
သမီးက ဖေဖေ့သမီးပါ
အပိုတောင်းရမှာ ရှက်ရွံ့တတ်သလောက်
ပေးသလောက်လေးတော့ ပြန်လိုချင်မိတယ်။
(Blog ကလည်း မရောက်တာကြာလို့ သစ္စာမရှိတော့ဘူးရယ် :) ....ပုံတင်တာ ဘယ်လိုမှ တင်မရ၀ူး :( :(
မေတ္တာအားဖြင့်
ခိုင်နုငယ်
9 comments:
"မေတ္တာဆိုတာ အသွားအပြန် ရှိပေမယ့်
တိုက်ရိုက် အချိုးကျချင်မှ ကျတယ်ဆိုတာ..."
ဒါလေးသဘောကျလို့ မှတ်သွားတယ်...
ညီမငယ်ခိုင်နုရေ.
ခံစားချက်တစွန်းတစ စွန်းထင်းနေတဲ့ ကဗျာလေးက ရင်ထဲကိုပါ ကူးစက်သွားခဲ့တယ်။ ပူမှန်းသိပေမယ့် တယုတယနဲ့ပျိုးခဲ့တဲ့ မီးအရှိန်အဟုန်နဲ့ ဆက်လက်တောက်ပနေပါတော့။
ချစ်တဲ့
သဒ္ဓါ
ဖတ်ပြီးစိတ်မကောင်းဖူး စိတ်မကောင်းဖူးဆိုတာထက် ကိုယ်ချင်းစာနာမိတာ
အစစအရာရာ အဆင်ပြေပါစေဗျာ
မောင်ဘကြိုင်
မေတ္တာဆိုတာ အသွားအပြန်ရှိတယ်လေ..
ညည်းက ဘလော့ကပစ်ထားတော့ သူက စိတ်နာမှာပေါ့
ဒါကြောင့် ပုံတင်လို့ မရတော့တာ ဖြစ်မယ်...
ကဲ ဘလော့လေး စိတ်ပြေသွားအောင် စာများများရေးပေးလိုက်နော..
ကိုယ်ပေးသလောက် ပြန်ရချင်တာ လူတိုင်းပါဘဲ ခိုင်နုရေ...
ဒါပေမဲ့ ပြန်မရတဲ့အခါ ကိုယ်ပေးထားသမျှ ပြန်ရုပ်သိမ်းရမှာလား.. အဲဒီခါကျ အချိန်လွန်နေပြီလား မသိ..
ကဗျာလေးဖတ်ပြီး ခံစားမိပါတယ်။ အဖေ့ကိုတိုင်ပင်နေကျ ရင်ဖွင့်နေကျနဲ့ တူပါတယ်။
ပျော်ရွှင်ပါစေရှင်။
ခင်တဲ့
မေသိမ့်
ဒီကဗျာလေး ဖတ်ပြီး အဖေတော့ စိတ်ပူနေရှာတော့မှာ။ အပူမီးတွေနဲ့ လုံးထွေးရစ်ပတ်နေရတဲ့ လူသားတွေဆိုတော့ အပူမီးတွေ ဟပ်မိတတ်တာ သဘာဝပါညီမရေ..။ အမြန်ဆုံးအဆင်ပြေပြီး အေးမြတဲ့ဘ၀လေး ပိုင်ဆိုင်ပါစေနော်..။
ကဗျာလေးကောင်းတယ်။
ဘလော့ကလေး စိတ်ကောက်နေတာဖြစ်မယ်။
များများချော့ပေးလိုက်ပါ ခိုင်နုရေ စိတ်ပြေသွားမှာပါ။
မေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ရှိပါတယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
မီးဆိုတာပူမှန်းသိပေမဲ့ မရှိလိုလည်း မဖြစ်ဘူး မဟုတ်လား
အပြစ်မတင်ပါဘူးကွယ်။ ယုယုယယနဲ့ ဂရုတော့ စိုက်ပေါ့
မီးဆိုတာ မလောင်ခင်တော့ တားတတ်ရမယ်တဲ့ကွယ်။
ပေးသလောက် ပြန်ရချင်တဲ့ စိတ်တွေကို
ဖျောက်မပစ်လိုက်ပါနဲ့ကွယ် ... ၊ လောကကို
ရင်ဆိုင်တဲ့အခါ တခါတခါ ချည့်နဲ့ဖို့ လိုအပ်တဲ့
အခါမျိုးလည်း ရှိတတ်တယ် ... :)
Post a Comment