တစ်ပွင့်တလေမှ လင်းလက်ဖြာသက်ဆင်းဖို့
စိတ်ကူးမရှိတော့တဲ့
ကောင်းကင်ဆီပဲ
နှလုံးသားဟာ
တိတ်တိတ်ကလေးငေးလို့…..
စိတ်နှင့် နှလုံးသား အစေးမကပ်ခဲ့ကြ
မျက်လုံးတွေမှိတ်ပြီး အိပ်ပျက်ရတဲ့
ညတွေအကြောင်း မင်းထိရှဖူးပြီပဲ
စိတ်က ဖွဖွလေးပွတ်သပ် တယုတယ ချော့တယ်
နှလုံးသားကတော့
ခေါင်းမာမာနှင့်
ကြယ် ကြယ် လို့ ညဉ့်နက်နက်တွေထဲ
ရူးရူးမိုက်မိုက် ရွတ်မြဲ
2.54
am
မင်းနဲ့ငါ ပေါင်းပေါင်းပြီး မိုက်ခဲ့တဲ့
ဇာတ်သိမ်းပိုင်းမပါသော
တစ်ခန်းရပ်တွေအကြောင်း
တခမ်းတနား
ချမပြချင်တော့ဘူးကွယ်..
စိတ်ဟာ
လူကြီးလူကောင်းဆန်ဆန်
နှလုံးသားကတော့
ခေါင်းမာမာနှင့်
ကြယ် ကြယ် လို့ ညဉ့်အာရုံထဲ
ရူးရူးမိုက်မိုက်
ရွတ်မြဲ
3.30
am
ခေါင်းမာချင်စမ်းပါနဲ့ကွာ
!!!!!!
ဒါဟာ
လူကောင်းတစ်ယောက် အိပ်ချိန်မဟုတ်ဘူး
တိတိကျကျ
မှာခဲ့ပြီးမှ တည့်တည့်ကြီးလွဲခဲ့ရတဲ့
ဖြစ်ရပ်မှန်တွေ
ရှိနေမှတော့
ကြယ်တွေကို
မီးမှိတ်
အိပ်ရေး
ဝအောင် အိပ်ကြမယ်
စိတ်ဟာ
ရင့်ကျက်သူဟန်
နှလုံးသားကတော့
ခေါင်းမာမာနှင့်
ကြယ် ကြယ် လို့ မနက်စင်စင် လင်းသွားလည်း
ရူးရူးမိုက်မိုက်
ရွတ်မြဲ